ဖမ်းဆီးခံလူငယ်တွေကို တစ်နေကုန် စစ်သင်တန်းပေးပြီး ညဘက် အခန်းထဲပိတ်ခံထားရဟုဆို
ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ဖမ်းဆီးခံထားရတဲ့ လူငယ် ၇၀ ကျော်ကို တန်ဂူးတန် ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ တစ်နေ့လုံး စစ်သင်တန်းပေးနေပြီး ညဘက်မှာတော့ အလုံပိတ်ထားတဲ့ အခန်းထဲ ထည့်ထားတယ်လို့ ပြည်သူ့စစ်အဖွဲ့နဲ့ နီးစပ်သူတစ်ဦးက KNG ကို ပြောပါတယ်။
အဲဒီလူငယ်တွေကို ပူတာအိုမြို့ပြင်ဘက် ဂျူဗလီရပ်ကွက်မှာရှိတဲ့ တန်ဂူးတန်ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ဌာနချုပ်ဝင်းထဲမှာ အောက်တိုဘာလဆန်းပိုင်းကစပြီး စစ်သင်တန်းပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
“အယောက် ၇၀ ကျော်တယ်။ အားလုံးက လူငယ်တွေပဲ။ ဌာနချုပ်ထဲမှာပဲ သင်တန်းပေးနေတာ။ ကျန်းမာရေးကောင်းတဲ့သူ၊ ခြေလက်အင်္ဂါကောင်းတဲ့သူတွေကို ဦးစားပေးပြီး သင်တန်းပေးနေတယ်။ တစ်နေကုန် သင်တန်းပေးတယ်။ သင်တန်းပြီးရင်လည်း အချုပ်ခန်းလိုမျိုး အလုံပိတ်ထားတဲ့ တိုက်ခန်းထဲမှာ လှောင်ထားတယ်။ သင်တန်းချိန်နဲ့ ထမင်းစားချိန်ပဲ အပြင်ထွက်ခွင့်ပေးတယ်” လို့ ပြည်သူ့စစ်အဖွဲ့နဲ့ နီးစပ်ပြီး အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံလူငယ်တွေကို သင်တန်းချိန်နဲ့ ထမင်းစားချိန်လောက်မှာသာ အပြင်ထွက်ခွင့်ပေးပြီး ကျန်တဲ့အချိန်တွေမှာ အခန်းထဲ ပိတ်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိဘတွေနဲ့လည်း တွေ့ခွင့်မပေးတာကြောင့် လူငယ်တွေရဲ့ မိသားစုဝင်တွေဟာ ဌာနချုပ်ဝင်းအပြင်ဘက်ကို နေ့တိုင်းလိုလို လာရောက်စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
“ဘယ်နှစ်လ သင်တန်းပေးမလဲတော့ အတိအကျမသိရသေးဘူး။ အခု တစ်လနီးနီးရှိလာပြီ။ တစ်ယောက်မှ ပြန်ရွေးလို့မရဘူး။ မိဘတွေနဲ့လည်း လုံးဝ ပေးမတွေ့ဘူး။ ကလေးမိဘတွေက စခန်းအပြင်မှာ တစ်နေ့တစ်နေ့ လာစောင့်တယ်။ ဒါပေမဲ့ လုံးဝ ပေးမတွေ့ဘူး။ သနားဖို့ကောင်းတယ်။ ဒါမျိုးလုပ်ရပ်က လက်သင့်ခံစရာမရှိဘူး” လို့ အဲဒီဒေသခံအမျိုးသားက ဆက်ပြောပါတယ်။
အဲဒီလူငယ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက ပူတာအိုမြို့ပေါ်ရပ်ကွက်တွေ၊ မချမ်းဘော့မြို့နဲ့ အနီးဝန်းကျင်ကျေးရွာတွေ၊ ရွှေမှော်တွေကနေ လိုက်လံဖမ်းဆီးခဲ့တဲ့ လူငယ် ၂၀၀ ကျော်ထဲမှာ ပါဝင်ပါတယ်။
“ဖမ်းတာက ပြည်သူ့စစ်အတွက်လည်း ဖမ်းတယ်၊ စစ်ကောင်စီတပ်အတွက်လည်း ဖမ်းတယ်။ ပြည်သူ့စစ်အတွက် ဖမ်းတဲ့ကလေးတွေကို ဒီမှာ သင်တန်းပေးတယ်။ စစ်ကောင်စီတပ်ထဲ သွင်းမယ့်ကလေးတွေကိုတော့ အောက်ပိုင်းကို ပို့လိုက်တာ ဟုတ်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒ့ါအပြင် ဒီရက်ပိုင်းတွေအတွင်းမှာလည်း မြို့ပေါ်မှာ ည ၉ နာရီနောက်ပိုင်း အပြင်ထွက်တဲ့ လူငယ်တွေကို ရံဖန်ရံခါ ဖမ်းဆီးတာရှိသလို ကျေးရွာဘက်တွေမှာလည်း နေ့ခင်းဘက် လိုက်လံဖမ်းဆီးတာတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်တွေဟာ KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ လာဟီဆင်၊ လန်ဆယ်နဲ့ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ အမတ်ပေါ်ဒေသ၊ နယ်စပ်မှတ်တိုင် ၃၀ နဲ့ ၃၁ နေရာတွေကို ပြန်လည်ထိန်းချုပ်ဖို့ စစ်အင်အားနဲ့ ထောက်ပို့အင်အား လိုအပ်နေတာကြောင့် လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက သုံးသပ်နေပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၄ ရက်မှာ ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာသိမ်းစစ်တပ်က လက်တွေ့အသက်ဝင်စေခဲ့ပါတယ်။
စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းတစ်ပတ်စဉ်ကို လူ ၅,၀၀၀ ခန့် ခေါ်ယူမယ်လို့ ထုတ်ပြန်ထားတာကြောင့် အပတ်စဉ် ၁ ကနေ ၂၇ အထိ စုစုပေါင်း လူ ၁၃၅,၀၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အပတ်စဉ် ၂၈ သင်တန်းကိုလည်း စက်တင်ဘာ ၇ ရက်မှာ စတင်ဖွင့်လှစ်ထားပြီလို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်ထားပါတယ်။
လတ်တလော တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးထားတဲ့ လူငယ်တွေထဲမှာ ရဝမ်နဲ့ လီဆူလူငယ်တွေ အများစုပါဝင်ပြီး ရှမ်းနဲ့ ဗမာလူငယ်တွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
By – Zaw Zaw




