ဝန်းသိုနယ်ထဲ စစ်ကြောင်းဝင်လာပြီးနောက်တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မဲဇာဒေသကနေ တောင်ဘက် ဝန်းသိုမြို့နယ်အတွင်းကို စစ်တပ်စစ်ကြောင်း ဆက်လက် ဝင်ရောက်လာတာကြောင့် မဲဇာနဲ့ နန့်ခမ်းကြားမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေအပြင် နန့်ခမ်းနဲ့ ဂျိုးတောင်ဘက်က ဒေသခံ တွေလည်း တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့မှာ စစ်တပ်က ဝန်းသိုနယ်ထဲကို ဝင်ရောက်လာပြီးနောက် မဲဇာနဲ့ နန့်ခမ်းကြားက ကျေးရွာတွေမှာ နေထိုင်သူတွေ စတင်တိမ်းရှောင်ခဲ့ကြသလို၊ နန့်ခမ်းနဲ့ ဂျိုးတောင်ဘက်က ဒေသခံတချို့လည်း အိမ်သုံးပစ္စည်းတွေ ကြိုတင် သိမ်းဆည်းပြီး ထွက်ခွာဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

“ဝန်းသိုကိုစဝင်တာကတော့ ၁၂ ရက်နေ့ကစပြီးဝင်တာ အဲ့နေ့တည်းက မဲဇာနဲ့ နမ်းခမ်းကြားကဒေသခံတွေလည်းရှောင်ကြတယ်။ နမ့်ခမ်းတို့ ဂျိုးတောင်တို့ဘက်တွေကလည်း တချို့တဝက်တွေကရှောင်ကုန်ကြပြီ။ ပစ္စည်းတွေကသိမ်းထားကုန်ကြပြီ။”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကြောင်းဟာ မဲဇာနဲ့ ဂျိုးတောင်ကြားက ဝန်းသိုမြို့နယ်အတွင်းမှာ ရှိနေပြီး တပ်လွင်၊ ကျောက်တောနဲ့ ဆင်ကုန်းရွာတွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပြီး အဲဒီနေရာတွေဟာ နန့်ခမ်းနဲ့ ၁၀ မိုင် ဝန်းကျင်အကွာမှာ ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ အောက်တိုဘာ ၁၂ ရက် ညပိုင်းက ဒရုန်းနဲ့ တိုက်ခိုက်မှုရှိခဲ့ပြီး အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းမှာလည်း Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၂ ရက်နေ့တစ်ရက်တည်းမှာပဲ ရှေ့တန်းကိုထမင်းသွားပို့တဲ့ ရဲဘော်နှစ်ဦးလည်း စစ်တပ်စစ်ကြောင်းနဲ့ တိုးပြီး သေဆုံးခဲ့ရတယ်လို့ အခုလိုပြောပါတယ်။

“ထူးခြားဖြစ်စဉ်အနေနဲ့ကတော့ ရဲဘော်နှစ်ယောက်ထမင်းသွားပို့တာ ရဲဘော်နှစ်ယောက်ကျဆုံးတယ်တဲ့။ နမ်းခမ်းကိုကာတဲ့ ရဲဘော်တွေပေါ့လေ။ နမ်းခမ်းဘက်ကိုမတိုးအောင်ပေါ့။ ပြီးရင် မနေ့ကကျတော့ ဒရုန်းနဲ့ ချတာ။ ရဲဘော်တစ်ယောက်က ကျဆုံးပြီးတော့ နှစ်ယောက်က ဒဏ်ရာရတယ်ပေါ့။ တိုက်ပွဲက တော်တော်လေးပြင်းထန်တဲ့သဘောမှာတော့ရှိတယ်။”လို့ နောက်ထပ်ဒေသခံက ပြောပါတယ်။

အရပ်သားသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှု အရေအတွက်ကိုတော့ လတ်တလော မသိရသေးဘူးလို့ ဆိုပါတယ်။

PSA

ဒေသခံတွေဟာ စစ်ကြောင်းမရောက်ခင် ကြိုတင်တိမ်းရှောင်နိုင်တဲ့အချိန် ရရှိခဲ့တာကြောင့် အရပ်သားထိခိုက်မှု နည်းနိုင်တယ်လို့ သူက ခန့်မှန်း ပေမဲ့ အတည်ပြုထားတဲ့ စာရင်းမရှိသေးပါဘူး။

“အရပ်သားသေဆုံးမှုတွေတော့သေသေချာချာမသိသေးဘူး။ နည်းတော့နည်းလောက်ပါတယ်။ ရှောင်ချိန်ရကြတယ် ဆိုတော့ လေ။ လေကြောင်းတိုက်ခိုက်တာကတော့ မနေ့က ညနေကတစ်ကြိမ် ဒီနေ့မနက်ကိုတစ်ကြိမ်ဆိုတော့ နှစ်ကြိမ်လောက်ရှိပြီ။”အထက်ဖော်ပြပါဒေသခံက ဆက်ပြောပါတယ်။

နန့်ခမ်းနဲ့ ဂျိုးတောင်ကို စစ်ရေးအရ အရေးပါတဲ့နေရာတွေအဖြစ် ဒေသခံတွေကရှုမြင်ထားကြပါတယ်။

နန့်ခမ်းနဲ့ ဂျိုးတောင်ဟာ အရင်က စစ်တပ်နဲ့ ရဲစခန်းတွေ အခြေစိုက်ခဲ့တဲ့ ကျေးရွာကြီးတွေဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး မစတင်မီ ကတည်းက စစ်တပ်က မြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တာလို့ ဒေသခံက ပြောပါတယ်။

အဲဒီဒေသတွေဟာ လွန်ခဲ့တဲ့ သုံးနှစ်ဝန်းကျင်ကတည်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်လာခဲ့ တာပါ။

ဂျိုးတောင်ဟာ ကျေးရွာတစ်ရွာဖြစ်ပြီး နန့်ခမ်းကတော့ အာဏာမသိမ်းခင်က ဝန်းသိုမြို့နယ်ရဲ့ မြို့နယ်ခွဲအဖြစ် သတ်မှတ်ခံထားရ တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ နန့်ခမ်းနဲ့ ဂျိုးတောင်ဟာ ရှစ်မိုင်ဝန်းကျင်သာ ကွာဝေးတယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိ စစ်ကြောင်းဝင်ရောက်လာတဲ့ အခြေအနေမှာ အဲဒီဒေသတွေကို ဆက်လက်ထိန်းချုပ်နိုင်ရေးဟာ တော်လှန်ရေးအင်အားစု တွေ အတွက် အရေးကြီးတယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

“ကျနော်တို့ တော်လှန်ရေးဘက်အတွက်ဆိုရင်လည်း နမ်းခမ်းတို့ ဂျိုးတောင်တို့မရှိဘူးဆိုရင် လွတ်မြောက်နယ်မြေမရှိတော့ဘူး ဖြစ်သွားမှာ။ ဘယ်မှသွားလို့မရတော့ဘူး။ နယ်ပယ်ကတအားကျဥ်းသွားပြီလေ။”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့ လက်ရှိစစ်ကြောင်းထိုးလာမှုဟာ ပြည်မနဲ့ ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကလည်းပြောပါတယ်။

သူတို့ရဲ့ ပြောပြချက်အရ မဲဇာ–နမ့်သဲလမ်းနဲ့ ကျောက်တန်းလမ်းဆုံကို စစ်တပ်က ထိန်းချုပ်ထားပြီးနောက် ထီးချိုင့်ဘက်နဲ့ ပြည်ထောင်စုလမ်းမကြီးလမ်းကြောင်းကို ချိတ်ဆက်ပေးတဲ့ ထီးချိုင့်မြို့နယ် ကျောင်းကုန်းလမ်းဆုံဟာ အရေးပါတဲ့နေရာတစ်ခု ဖြစ်လာတယ်လို့ ဆိုပါတယ်။

“ပြီးတော့သူတို့က ပြည်မလမ်းကြောကိုပွင့်ချင်တာ။ ပြည်မလမ်းကြောပွင့်ဖို့ဆိုရင် အခုအခြေနေက လမ်းဆုံတွေတော်တော်များ များကိုသူတို့ထိန်းချုပ်ပြီးတဲ့အနေအထားဖြစ်နေတာ။ မဲဇာ နမ့်သဲလမ်းလည်းထိန်းချုပ်ထားပြီးပြီ။ ကျောက်တန်းလမ်းဆုံလည်း ထိန်းချုပ်ထားပြီးပြီ။ အဲ့တာပြီးရင် ထီးချိုင့်ဘက်ကိုသွားတဲ့ဟာနဲ့ ပြည်မလမ်းကြောင်းနဲ့ချိတ်ဆက်ထားတဲ့ ကျောင်းကုန်းလမ်းဆုံ တစ်ခုပဲရှိတော့တာ။ ဒီလမ်းကြောင်းပွင့်ရင်ပွင့်သွားပြီ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကောလင်းမြို့နယ်အတွင်းက ကုက္ကိုလ်ကုန်းနဲ့ ကချင်ကုန်းဘက်က လမ်းဆုံတွေကိုပါ ထိန်းချုပ်နိုင်ခဲ့ရင် ပြည်ထောင်စု လမ်းမကြီးနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေ ပိုမိုပွင့်လင်းလာနိုင်တယ်ဆိုပေမဲ့ စစ်တပ်ရဲ့ လက်ရှိစစ်ဆင်ရေး ရည်ရွယ်ချက် ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိစစ်တပ်က စစ်ကြောင်းထိုးလာနေတဲ့ မဲဇာ၊တပ်လွင်၊ ဆင်ကုန်း၊ ကျောက်တော၊ နမ်းခမ်း လမ်းကြောင်းဟာ လက်ရှိ မန္တလေး–မြစ်ကြီးနားခရီးသွားကားတွေအသုံးပြုနေရတဲ့ကွင်းလမ်းပိုင်းတစ်ခုလည်းဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒီလမ်းကြောင်းတွေကို စစ်တပ်က ထိန်းချုပ်ဖို့ကြိုးစားလာတဲ့အခြေနေဖြစ်ပါတယ်။

“အခု စစ်တပ်ဦးတည်လာတဲ့ လမ်းကြောင်းက အင်းတော်ကိုပြန်သိမ်းပြီးမှ သုံးတဲ့ကွင်းလမ်းတွေ၊ ကျောက်တန်းလမ်းဆုံကို သိမ်းပြီးနောက် သုံးတဲ့ကွင်းလမ်းပိုင်းတွေ။”လို့ ဒေသခံက ပြောပါတယ်။

အရင်က မန္တလေး–မြစ်ကြီးနား ခရီးသွားကားတွေ အသုံးပြုခဲ့တဲ့ အဓိကလမ်းကြောင်းအချို့ကို နှစ်ဖက်တပ်တွေက အပြန်အလှန် သွားလာခွင့်ကန့်သတ်ချက်တာကြောင့် ယာဉ်တွေဟာ ကျေးရွာချင်းဆက် ကွင်းလမ်းတွေကို အသုံးပြု နေရတာဖြစ်ပြီး လက်ရှိမှာ တော့ အဲဒီလမ်းကြောင်းတစ်လျှောက် စစ်ရေးအခြေအနေ ပိုမိုတင်းမာလာတာ ဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button