• Nov- 2024 -
    11 November
    သတင်း

    ဆော့လော်မြို့နယ်တွင်း နောက်ဆုံးကျန်ရှိနေတဲ့ လန်ဆယ်ပြည်သူ့စစ် တပ်စခန်းကို KIA သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်

    ကချင်ပြည်နယ် ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်(Lanse) မြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ KIO ပြောပါတယ်။ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လန်ဆယ်ပြည်သူ့စစ်နေရာကို နိုဝင်ဘာလ ၁၀ ရက်နေ့ အပြီးသတ် သိမ်းပိုက်လိုက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “လန်ဆယ်ကိုတော့ မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်ပြီ။ အဲဒီနေရာမှာက တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ နေရာယူထားတဲ့ နေရာဖြစ်တယ်။ သူတို့ကိုယ်တိုင်လည်း လက်ရှိ အခြေအနေကို နားလည်သဘောပေါက်ကြတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်တာမရှိဘူး။ ဒါကြောင့် ထိခိုက်သေဆုံးမှုမရှိဘဲ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်”လို့ပြောပါတယ်။ လန်းဆယ်ပြည်သူ့စစ်နေရာမှာ ပြည်သူ့စစ် အင်အား ၃၀ ဝန်းကျင်နဲ့ တပ်နေရာတစ်ခုသာရှိတာဖြစ်ပြီးတော့ တိုက်ခိုက်မှုမရှိဘဲ သိမ်းပိုက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ KIA ပူးပေါင်းတပ်တွေ ဝင်ရောက်လာတဲ့ အချိန် တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဘက်လည်း နားလည်သဘောပေါက်စွားနဲ့ တပ်ဆုတ်ခွာသွားကြတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် လန်းဆယ်တိုက်ပွဲမှာ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုမရှိတဲ့အပြင် တစ်ရက်အတွင်းမှာပဲ သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေတပ်ချကာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “လန်ဆယ်မှာက တခြားတပ်တွေမရှိဘူး။ ပူတာအိုက တန်ဂူးတန် ပြည်သူ့စစ်အဖွဲ့ တစ်ခုထဲရှိပါတယ်။ အဲ့ဒါကြောင့် KIA တပ်တွေ ဝင်ရောက်လာတဲ့အချိန် ပြင်းပြင်းထန်ထန် တိုက်ခိုက်တာမရှိဘူး။ လက်ရှိအခြေအနေကို နားလည်သဘောပေါက်တယ်။ တစ်ဖက်မှာ ပြည်သူလူထုတွေ ထိခိုက်သေဆုံးတာမရှိသလို နှစ်ဖက်တပ်လည်း ထိခိုက်သေဆုံးတာမရှိဘူး။ ဒီကနေ့အထိတော့ လန်းဆယ်ဒေသကို KIA ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့ အနေအထားမှာပဲရှိနေသေးတယ်”လို့ပြောပါတယ်။ လန်ဆယ်မြို့ဟာ ဆော့လော်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ BGF တပ်စခန်းရှိတဲ့ နေရာဖြစ်ပြီး ဆော့လောက်မြို့နယ်တစ်ခုလုံး KIA ထိန်းချုပ်နယ်မြေထဲရောက်ရှိသွားပြီဖြစ်ပါတယ်။ အခုလို လန်ဆယ်မြို့ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက အခုလို ဆက်ပြောပါတယ်။ “လန်ဆယ်ကို မနေ့က မနက်ပိုင်း သိမ်းလိုက်ပြီ။ လန်ဆယ်မှာရှိတဲ့ ပြည်သူ့စစ်တွေ အကုန်ထွက်ပြေးကုန်တယ်။ အခုက ကချင်အထူးဒေသ(၁) နေရာမှာ ကန်ပိုင်တည် တစ်ခုဘဲကျန်တော့တယ် မရှိတော့ဘူး။ အထက်ဘက်မှာက ခေါင်လန်ဖူးပဲကျန်တော့တယ်။ လန်ဆယ်အထက်ဘက်ဆိုရင် ပူတာအိုဒေသဖြစ်သွားပြီ။ ဒီတစ်ကြောက ပြည်သူ့စစ်နဲ့ BGF မရှိတော့ဘူး”လို့ပြောပါတယ်။ ဒါ့အပြင် လန်ဆယ်မြို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ နှစ်လအတွင်းမှာပဲ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ချီဖွေ၊ ဆော့လော်၊ ကန်းဖန့်၊ ဖီမော်၊ ပန်ဝါ မြို့တွေနဲ့ တစ်ဆက်တည်းရှိပြီးတော့ ပူတာအိုဒေသနဲ့ အနီးနေရာမှာရှိတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် လန်ဆယ်ဒေသမှာ ပူတာအိုဒေသရဲ့ ဌာနယ်ပြည်သူ့စစ်ဖြစ်တဲ့ တန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေထဲပါဝင်နေတာလည်းဖြစ်ပါတယ်။ လန်ဆယ်ဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်လုပ်ငန်းရှင်အများအပြား ဝင်ရောက်လာပြီး ကျောက်ရွှေတူးဖော်တဲ့ လုပ်ငန်းကို အဓိက တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 6 November
    သတင်း

    လက်နက်ကိုင်တပ်တွေ ဘာသာရေးအဆောက်အအုံမှာ တပ်စွဲတာမလုပ်ဖို့ ရှမ်းမြောက်ပြည်သူတောင်းဆို

    ရှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခတွေအကြား  ဘာသာရေးအဆောက်အအုံ ထိခိုက်ပျက်စီးမှု ပိုမြင့်တက်လာတဲ့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဘာသာရေးအဆောက်အအုံအတွင်းနဲ့အနီးဝန်းကျင်မှာ နေရာယူတပ်ချတာ၊ ထိခိုက်ပျက်စီးစေတာတွေ မလုပ်ကြဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတစ်လအတွင်း ရှမ်းပြည်မြောက်ပိုင်းတစ်ခွင် စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၄ ခုထက်မနည်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေကောက်ယူထားတဲ့ အချက်အလက်အရ သိရပါတယ်။  “လက်နက်ကိုင်တွေအားလုံး ဘယ်သူမဆို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ ဘာသာရေးအဆောက်အအုံတွေမှာ တပ်ချတာမျိုးတွေ နေထိုင်တာမျိုးတွေ မလုပ်ဘဲ အများပြည်သူနဲ့မဆိုင်တဲ့နေရာ ဝေးတဲ့နေရာတွေမှာ…

    Read More »
  • 6 November
    သတင်း

    အင်းတော်မြို့ပတ်လမ်း စစ်တပ်ကပြန်ပိတ်

    မြစ်ကြီးနား – မန္တလေးလမ်းပိုင်းရှိ အင်းတော်မြို့မိန်းကားလမ်းမကြီး စစ်ရေးအခြေနေကြောင့်ပိတ်လိုက်တဲ့နောက် ခရီးသွားပြည်သူတွေဟာ အဓိကအသုံးပြုနေတဲ့မြို့ပတ်လမ်းကို စစ်တပ်ဘက်က နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး ထပ်ပိတ်လိုက်တယ်လို့ အင်းတော်မြို့ဒေသခံတွေပြောပါတယ်။ “နိုဝင်ဘာ ၄ ရက်နေ့ ပြန်ပိတ်လိုက်တာ တပ်ဘက်ကပိတ်တာဗျ။ ဘာကြောင့်ဆိုဒီတိုင်းပဲရုတ်တရက်ပိတ်ချလိုက်တာ လောလောဆယ်နားစွင့်ရသလောက်အဲ့ဘက်မှာတိုက်ပွဲလည်းပြန်ဖြစ်လာတယ်”လို့ မြစ်ကြီးနား– မန္တလေးလမ်းပိုင်း ကားလိုင်းပြေးဆွဲနေတဲ့ အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လစပြီး စစ်တပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲပြင်းထန်လာတာကြောင့် အင်းတော်မြို့နယ်ထဲရှိ မိန်းကားလမ်းမကြီးကို နှစ်ဖက်လက်နက်ကိုင်တပ်တွေ အသွားအလာပိတ်လိုက်တဲ့နောက် မြို့ပတ်လမ်းကိုအသုံးပြုနေတာ ခုဆိုရင် ၄ လဝန်းကျင်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီလမ်းပိုင်းဟာ အညာဒေသဘက်ကနေ ကချင်ပြည်နယ်ဘက်ကို အခြေခံစားသောက်ကုန်၊လူသုံးကုန်တွေကို အဓိက သယ်ယူနေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။  ဒါ့အပြင် စစ်တပ်ဘက်က ကားလမ်းပိုင်းပိတ်လိုက်ရတဲ့အကြောင်းအရင်းအသေးစိတ်မသိရပေမယ့် မြို့ပတ်လမ်းပိုင်းကို နိုဝင်ဘာ ၄ ရက်နေ့ကနေ နိုဝင်ဘာ ၁၈ ရက်နေ့ထိ (၁၅)ကြာပိတ်ထားမယ်လို့ သိရပါတယ်။ မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း အင်းတော်မြို့ရှောင်လမ်းကို စစ်ရေးအရ တစ်ရက်(သို့မဟုတ်) နှစ်ရက်ကြာပိတ်ထားတာမျိုးတော့မကြာခနရှိပေမယ့် အခုလိုရက်ရှည်ပိတ်တာမျိုးတော့မရှိဘူးလို့ မြစ်ကြီးနားမြို့ မြစ်ဖျားဧရာအဝေးပြေးကားဂိတ်မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ပိတ်တာတော့ပိတ်တယ်ပိတ်ပေမယ့် ကားတော့ဒီမနက်ထိထွက်သွားကြတယ် ခါတိုင်းလို တစ်ရက် နှစ်ရက်လောက်ပဲပိတ်မယ်ထင်တာပေါ့ လမ်းရောက်မှ ကြာမယ်လို့သိရတော့အခုလမ်းမှာပိတ်မိနေကြတယ်။ စောင့်နိုင်တဲ့လူကလမ်းမှာစောင့်တချို့လှည့်ပြန်တဲ့လူလည်းရှိမှာပဲ”လို့ သူကပြောပါတယ်။ မြစ်ကြီးနား–မန္တလေးမိန်းလမ်းမကြီးပိတ်ထားတာကြောင့် လက်ရှိ ကချင်ပြည်နယ်ထဲကို ကုန်စည်အဝင်မရှိတဲ့အပြင် ကားလမ်းပိတ်ထားတာအချိန်ကြာမြင့်သွားရင် ကုန်စည်ပြတ်လပ်မှုတွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြတယ်လို့သိရပါတယ်။ မန္တလေး–မြစ်ကြီးနားကားလမ်းမကြီးကိုတော့ သြဂုတ်လကတည်းက အင်းတော်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် နှစ်ဖက်အဖွဲ့အစည်းတွေကပိတ်လိုက်တာဖြစ်ပြီး ဒီကနေ့အထိစစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့်ပြန်မဖွင့်နိုင်သေးတာဖြစ်ပါတယ်။ ခရိုင်လေးခု၊မြို့နယ် ၁၈ မြို့နယ်၊လူဦးရေး တစ်သန်းကျော်နေထိုင်တဲ့ ကချင်ပြည်နယ်ဘက်ကို အညာဒေသနဲ့ တရုတ်နိုင်ငံဘက်ကနေ  အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်အဓိက ဝင်ရောက်တာလည်းဖြစ်ပါတယ်။ သို့သော် လတ်တလော တရုတ်နယ်စပ်ဂိတ်အားလုံးကိုလည်း တရုတ်ဘက်က ပိတ်လိုက်တဲ့အပြင် မြစ်ကြီးနား– မန္တလေးကားလမ်းပိုင်း အင်းတော်မြို့နယ်ထဲက တစ်ခုတည်းသွာလာလို့ရနေတဲ့ မြို့ပတ်လမ်းကိုလည်းပိတ်လိုက်တာကြောင့် အဖက်ဖက်ကနေ ခက်ခဲကြပ်တည်းလာနေတယ်လို့ မြစ်ကြီးနား ဒေသခံတွေပြောပါတယ်။ By – Zaw Zaw

    Read More »
  • 5 November
    သတင်း

    တနိုင်းလီဒိုလမ်းမတစ်လျှောက် ကားလမ်းဆိုးရွားစွာပျက်စီးနေပြီး ကုန်ကား၊ခရီးသည်ကားများ ဆင်နဲ့ဆွဲနေရ

    မြစ်ကြီးနား– တနိုင်းဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့် ခရီးသည်ကားနဲ့ကုန်တင်ကားတွေ ဆင်တွေနဲ့ဆွဲပြီး သွားလာနေရတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။ လီဒိုလမ်းမကြီးတစ်လျှောက် ကားလမ်းဆိုးရွားစွာပျက်စီးမှုဟာ  ၅ လခန့်ကြာလာတဲ့အပြင် ဒီကနေ့ထိလည်း ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ခရီးသွားသူပြည်သူတွေအနေနဲ့  လမ်းခရီးမှာ ၃ ရက်ကနေ တစ်ပတ်အထိ ကြာမြင့်နေပြီး လမ်းတစ်လျှောက် ရွှံ့ဗွက်အိုင်ထဲကျွံနေတဲ့ကားတွေကိုလည်း ဆင်တွေနဲ့ဆွဲပြီး သွားလာနေရတယ်လို့ ဆိုပါတယ်။ “ကားတွေဖြတ်လို့မရဘဲ အသကုန် ကြပ်နေတယ်။  လမ်းပျက်စီးမှုကတော့ ပါဂျရိုတွေဆွဲလည်းမနိုင် ဆင်နဲ့ပဲ ဆွဲထုတ်နေတယ်။ ဆင်နဲ့ဆွဲထုတ်ရင်လည်း အားလုံးအထိန်းအစမရှိ အရှိန်ကျော်အောင်ဆွဲသွားတော့ ကားအဖုံး အကာတွေပါ ပြုတ်ကုန်ရော။ အစကတော့ ထွန်စက်တွေနဲ့ ဆွဲထုတ်တယ်။ အခုတော့ ထွန်စက်တွေလည်း မနိုင်တော့ဘူး။ လမ်းတစ်လျှောက်လုံး ကားအကြီး၊ အသေး အများကြီးပဲ ကြပ်နေတယ်။ အခု ခရီးသည်တွေလည်း တနိုင်းဘက်သွားချင်ရင်လည်း လမ်းမှာ ကားအများကြီးကြပ်နေတာကြောင့် ကားဂိတ်မှာ တနိုင်းကားရှာရင်တောင် မတွေ့ဘူးပြောတယ်။”လို့ မြစ်ကြီးနား–တနိုင်း ခရီးအသွားအလာလုပ်နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနား-  တနိုင်းအကြား ကားလမ်းပိုင်းအများဆုံးပျက်စီးနေတဲ့နေရာဟာ ရှဒူးဇွပ်၊ နောင်းမီး၊  မန်ပန် စတဲ့လမ်းပိုင်းတစ်ကြော နေရာ ၅ ခုမှာ အများဆုံးပျက်စီးနေပြီး လီဒိုလမ်းမကြီးတစ်လျှောက် ကားတွေ တစ်လိမ့်ချင်း ရွှေ့ပြီးသွားနေရတာကြောင့် ပိတ်မိတဲ့ကားတွေလည်းများစွာရှိနေတယ်လို့  သိရပါတယ်။    ဒါ့အပြင် ခုလို ဆင်တွေနဲ့ဆွဲထုတ်နေရတာကြောင့် ဆိုင်ကယ်၊ ကားအကြီး၊ အသေးအပေါ်မှုတည်ပြီး ဆွဲထုတ်ခ ၁ သိန်းကနေ ၅ သိန်းအထက် ကုန်ကျရတယ်လို့ ဆိုပါတယ်။ မြစ်ကြီးနား– တနိုင်းလီဒိုလမ်းကြီးမှာ ဇွန်လ မိုးစဝင်လာချိန်ကစလို့ လမ်းပိုင်းပျက်စီးစပြုလာတာဖြစ်ပေမယ့် ဒီနေ့ထိပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ပိုပြီးဆိုးရွားသွားတာဖြစ်တယ်လို့ ခရီးသည်တွေက ပြောပါတယ်။   ကားလမ်းပိုင်း ဆိုးရွားစွာပျက်စီးနေတာကြောင့် ခရီးသည်တွေအတွက် ခရီးသွားလာရေးခက်ခဲနေသလို ကုန်တင်တဲ့ကားသမားတွေအတွက်လည်း ကုန်ကျစရိတ် အလွန်များပြားတာကြောင့် တနိုင်းဘက်မှာ ကုန်စျေးနှုန်းဆက်တိုက်မြင့်တက်နေတယ်လို့ တနိုင်းဒေသခံတွေ ဆိုပါတယ်။  “မိုးတွင်းဝင်ကတည်းက ပျက်စီးနေတာ အခုထိ ပြုပြင်တာမျိုးကမရှိ၊ အသွားအလာကရှိနေဆဲဆိုတော့ ပိုဆိုးလာတာပေါ့။ ဒါကြောင့် ကုန်စျေးနှုန်းတွေလည်း တော်တော်တက်လာတယ်လေ။ ကားသမားတွေလည်း လမ်းပျက်စီးတာကြောင့် ကုန်ပစ္စည်းသယ်ပို့တာ မကိုက်ဘူးတဲ့။ ဒါကြောင့် ကုန်စျေးနှုန်းတွေ အသကုန်တက်။ ဒီဇယ်တစ်ပေပါ ၂၅ သိန်းနဲ့ ရှာရင်တောင် မတွေ့ဘူး၊ ရှားတယ်။ တချို့က ၂၃ သိန်းလည်းရောင်းတယ်။ ၂၅ သိန်းလည်း ရောင်းတယ် ပြောတယ်။” လို့ တနိုင်း အမျိုးသမီးက ဆက်ပြောပါတယ်။    လတ်တလော တနိုင်းဘက်မှာ ဓာတ်ဆီတွေပြတ်လပ်ပြီး ဒီဇယ်တစ်ပေပါ ၂၃ သိန်းအထက်၊ ဆန်တစ်အိတ် ၂ သိန်းဝန်းကျင်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၂ သောင်းခွဲစသဖြင့် ကုန်စျေးနှုန်းတွေမြင့်တက်နေတယ်လို့ ပြောပါတယ်။  ပုံမှန်အားဖြင့် မြစ်ကြီးနားကနေ တနိုင်းဘက်ကို ခရီးသွားမယ်ဆိုရင် ခရီးစရိတ် သောင်းဂဏန်းသာ ကုန်ကျပေမဲ့ လက်ရှိအခြေအနေမှာ ကားခ ၂ သိန်းခန့်ပေးရပြီး လမ်းမှာလည်း တစ်ပတ်လောက် ကြန့်ကြာတာတွေကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။  ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းမကြီးဟာ မိုးတွင်းကာလ အခုလိုမျိုး လမ်းပျက်စီးမှု ဆိုးရွားမှုပုံမှန်ဖြစ်လေ့ရှိပြီး စစ်တပ်အားဏာသိမ်းပြီးနောက် ၃ နှစ်တာကာလမှာတော့ လမ်းပျက်စီးမှုကို တာဝန်ယူပြုပြင်ပေးတဲ့အဖွဲ့မရှိတာကြောင့်  ပိုမိုဆိုးရွာလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 5 November
    သတင်း

    ပူတာအိုမှာ ဆင်ရိုင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး ၂ ဦးထိခိုက်ဒဏ်ရာရ၊ ကား ၅ စီးပျက်စီး

    ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅ စီးပျက်စီးပြီး အမျိုးသားတစ်ဦးသေဆုံးကာ  ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ညနေပိုင်း ၅ နာရီဝန်းကျင် ပူတာအိုမရောက်ခင် ၀ဒတ်ရွာ(Wadat mare)နဲ့ မဆွမ်ဇွမ်(Masum Zup) ကျေးရွာတဝိုက် တောဆင်ရိုင်းတစ်ကောင် သောင်းကျန်းနေပြီး လမ်းသွားလမ်းလာပြည်သူတွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဆင်ကြီးတစ်ကောင်ထွက်လာပြီး လမ်းသွားလမ်းလာပြည်သူတွေကို တိုက်ခိုက်နေတာဟုတ်တယ်။ အဲ့နေ့ညနေက ကား ၅ စီးဟုတ်တယ် ကျနော်တွေ့ခဲ့တာ လူ ၁ ဦးသေသွားတယ်။ ၁ ယောက်က ခေါင်းပေါက်သွားတယ် နောက်တစ်ယောက်က ရင်ဘတ်မှာ သွေးထွက်တယ် ၂ ယောက်ဒဏ်ရာရထားတယ် ကျနော်တွေ့ခဲ့တာအဲ့လောက်ပဲ။ ကျန်ဘယ်သူတွေ ထိခိုက်သေဆုံးသေးလဲ အသေးစိတ်မသိပါဘူး” လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ပူတာအိုဒေသခံတစ်ဦး KNG ကိုပြောပါတယ်။ ဆင်ရိုင်းတိုက်ခိုက်လို့ သေဆုံးသွားသူဟာ အသက် ၃၀ ဝန်းကျင်ရှိ ဦးရဲကျော်ဆိုသူဖြစ်ပြီး ပူတာအို– မြစ်ကြီးနားလမ်းပိုင်း ကားပြေးဆွဲတဲ့ ကားသမားဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့ ကား ၅ စီးထဲမှာ ဓါတ်ဆီတင်ကားတစ်စီးပါဝင်ပြီး ချောက်ထဲကျသွားတဲ့အပြင် နောက်ထပ်ခရီးသွားကားတစ်စီးလည်း လုံးဝပျက်စီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူဒေသခံတွေ ပြောပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ ဆင်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြစ်ကြီးနား – ဆွမ်ပရာဘွမ်ဘက်ကနေ တက်လာတဲ့ကားတွေလည်း ပြန်လှည့်သွားသူတွေရှိသလို ပူတာအိုကနေဆင်းတဲ့ ကား၊ဆိုင်ကယ်တွေ မဆင်းရဲဘဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။ “အဲဒီဆင်ကြီး လမ်းမှာတင်စောင့်နေပြီး ခရီးသွားကားတွေလာပြီဆိုရင် တိုက်ခိုက်တယ်။ အဲဒီညနေက အဲလိုဖြစ်ကတည်းက ပူတာအိုကနေ ကားတွေမဆင်းရဲတော့ဘူး။ မနှစ်တုန်းကလည်း အဲဒီဆင်ပဲ။ အဲဒီလို လမ်းသွားလမ်းလာတွေကို တိုက်ခိုက်တာ။ မနှစ်ကလည်းလူသေဆုံးမှုရှိတယ်။ ဒီနှစ်လည်း အခုလို ထိခိုက်သေဆုံးမှုပြန်ဖြစ်တယ်။ ဒီလိုဖြစ်လည်း အရေးပေါ် ကယ်ဆယ်ရေးကားတွေ မရောက်လာနိုင်ဘူး။ ဒီလိုကိစ္စအပေါ် သက်ဆိုင်ရာ အစိုးရက တာဝန်ယူဖြေရှင်းပေးသင့်တယ်လို့တော့ မြင်တယ်”လို့ နောက်ထပ်ပူတာအိုဒေသခံအမျိုသားတစ်ဦးကလည်း ပြောပါတယ်။  ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာလည်း ပူတာအိုမရောက်ခင် ဆွမ်ပီယန်ကျေးရွာ နှင့် ဖုန်ချန်ကျေးရွာကြားရှိ ဆွမ်ပီယန်ချောင်း (ဒေသအခေါ် အခေးချောင်း) ထဲမှာ လူငယ်သုံးဦး ငါးရှာထွက်စဥ် တောဆင်ရိုင်းတစ်ကောင် ရောက်လာပြီး လိုက်လံတိုက်ခိုက်မှုကြောင့် လူငယ် ၃ ဦးထဲက တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 5 November
    သတင်း

    မြစ်ကြီးနားမှာ ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းအထိမြင့်တက်

    မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးမြင့်တက်လာတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့ ပန်ဝါမြို့ကိုသိမ်းလိုက်တဲ့နောက် တရုတ်ဘက်က ကံပိုင်တည်နယ်စပ်ဂိတ်အပါအဝင် ဂိတ်အားလုံးပိတ်လိုက်တာကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်တန့်သွားပြီး လက်ကျန်ရောင်းချနေတဲ့ ဆီပန့်ဆိုင်ကြီးတွေမှာ 92 တစ်လီတာ ကျပ် ၉၀၀၀  (ကိုးထောင်)၊ 95 တစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးတက်နေတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဆိုင်ကြီးတွေမှာထည့်ရင်တော့ တစ်လီတာ ၁၀၀၀၀ (တစ်သောင်း) ရှိတယ် အပြင် ပုလင်းချိန်ဆိုင်တွေမှာထည့်ရင်တော့ ၁၁၀၀၀ (တစ်သောင်းတစ်ထောင်) ရှိတယ် ဆီက အတက်ပဲရှိတာပါ လမ်းမှပြန်မဖွင့်သေးတာ”လို့ သူကပြောပါတယ်။ ကံပိုက်တည်နယ်စပ်ဂိတ်မပိတ်ခင် မြစ်ကြီးနားနာ 92တစ်လီတာ ကျပ် ၆၀၀၀ (ခြောက်ထောင်) ၊95 တစ်လီတာ ကျပ် ၆၅၀၀  ရှိရာကနေ ၂ ပတ်အတွင်း စျေးတစ်ဆမြင့်တက်သွားတာဖြစ်ပါတယ်။ လတ်တလော မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်နေတာကြောင့် မြို့ပြင်ဆီပန့်ဆိုင်တစ်ချို့စပိတ်လာသလို အချိန်ပိုင်းနဲ့ဖွင့်တဲ့ဆိုင်တွေလည်းများလာနေတယ်လို့ မြို့ခံတွေကဆိုပါတယ်။ “မြို့ထဲမှာတော့မပိတ်ဘူးအားလုံးပုံမှန်ဖွင့်နေတာတွေ့တယ် နည်းနည်းမြို့ပြင်ကျတဲ့ရွှေစက်တို့လိုနေရာတွေမှာတော့ တဆိုင်တလေပိတ်ထားတယ် တွေ့ရသလောက် နှစ်ဆိုင်သုံးဆိုင်လောက်ရှိတယ်ပိတ်ထားတာ”လို့ ရွှေစက်ရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ကံပိုင်တည်မှာ စစ်တပ်ဘက်က အရပ်သားပြည်သူတစ်ချို့လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာတွေလည်း ရှိနေတဲ့အပြင် မြို့ပတ်ပတ်လည် စစ်ရေးလှုပ်ရှားတာတွေတော့ရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ အခုလို ကံပိုက်တည်လမ်းပိတ်နေတဲ့အတွက် စက်သုံးဆီနဲ့အလားတူ တစ်ခြားသောအခြေခံစားသောက်ကုန်၊လူသုံးကုန်တွေလည်း စျေးဆက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြန်မာ– တရုတ်နယ်စပ်ဂိတ် ပန်ဝါ၊ဖိီမော်၊ကမ်းဖန့်၊လွယ်ဂျယ်၊လိုင်ဇာ၊ ကံပိုင်တည်ဂိတ်ရှိတဲ့ထဲ ကံပိုင်တည်နယ်စပ်ဂိတ်တစ်ခုသာလျှင် စစ်ကောင်စီကထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ကံပိုင်တည်–ဆဒုံး– ဝိုင်းမော်လမ်းပိုင်းကိုတော့ KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By- Zaw Zaw

    Read More »
  • 1 November
    သတင်း

    ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာ အိမ်မွေးတိရစ္ဆာန်ပါမကျန် ခိုးယူခံနေရ

    ကချင်ပြည်နယ် ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာ အိမ်မွေးတိိိရိစ္ဆာန်ပါမကျန် ခိုးယူခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့အနီးတစ်ဝိုက် ကျေးရွာတွေဖြစ်တဲ့ လယ်မော်ဝါကျီ၊နမ်ရှယ်၊နာမ်ရှယ်ကော့၊ခင်ဖန်စတဲ့ကျေးရွာတွေမှာ အိမ်ဖောက်ထွင်းခိုးခံရတဲ့အပြင် အိမ်မွေးတိရိစ္ဆာန်မကျန် ခိုးယူခံနေရတယ်လို့ နာမ်ရှယ်ကော့ကျေးရွာနေအမျိုးသားတစ်ဦးက ပြောပါတယ်။ “ကျနော်တို့ရွာထဲမှာဆိုခနခနပဲ ကြက်ခိုးခံရတာနဲ့ဆိုင်ကယ်ပျောက်တာနဲ့ကြက်ဆိုခနခနခိုးခံရတယ်ပြီးခဲ့တဲ့အပတ်ကဆို ကြက်ခြံတစ်ခုမှာဝင်ခိုးတာ sunday နေ့မှာဟုတ်တယ် ကြက်မတစ်ကောင်ပဲ…

    Read More »
  • 1 November
    သတင်း

    နယ်ခြားစောင့်တပ် BGF ရဲ့ နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို KIA သိမ်းပိုက်

    ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်တလောမှာတော့ အမှတ် ၁၀၀၁ တပ်စခန်းအနီးတစ်ဝှိုက်ပစ်ခတ်မှုတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “၁၀၀၁ ကတော့ကျသွားပြီ ဒါပေမဲ့ အဲ့ဒီကနေဆုတ်သွားတဲ့ တပ်ဖွဲ့တွေနဲ့ KIA နဲ့က ပစ်ခတ်မှုတွေဖြစ်နေ တုန်းပဲ။ လောလောဆယ်တော့ အဲ့ဒီအနီးနားတစ်ဝှိုက်ကရွာတွေကတော့ ရှောင်ကုန်၊ပြေးကုန်ကြပြီပေါ့”လို့ ပြောပါတယ်။ အမှတ် ၁၀၀၁ ဌာနချုပ်တပ်ရင်းဟာ ဖီမော်မြို့ပေါ်နဲ့ ဆိုင်ကယ်နဲ့ဆိုရင် ၁နာရီကျော်လောက်သွားရတဲ့အကွာ အဝေးမှာရှိပြီး ဖီမော်မြို့ပေါ်ဒေသခံတွေအပါအဝင် အဲ့ဒီအနီးတစ်ဝှိုက်ဒေသခံတွေကတော့ ဘေးလွှတ်ရာတွေ မှာ တိမ်းရှောင်နေကြရတယ်လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ပြန်ကြားရေးတာဝန်ခံကတော့ ဖီမော်မြို့စောင့်တပ်ဖြစ်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်သိမ်းပိုက်တဲ့အခြေနေနဲ့ပတ်သက်လို့ KNG ကို ဒီကနေ့မနက်ပိုင်း ၈ နာရီ ဝန်းကျင်မှာ အခုလိုပြောပါတယ်။ “ဖီမော်သိမ်းတာကတော့ ကျနော်တို့တရားဝင်မကြားရသေးဘူး။ လူမှုကွန်ယက်မှာပြန့်တာကိုပဲတွေ့တယ်။ တရားဝင်တော့သတင်းပို့တာမရှိသေးဘူး။ တိုက်ပွဲအခြေနေလည်း အသေးစိတ်တော့ မသိဘူး။”လို့ပြောပါတယ်။ တစ်ဖက်မှာ ဖီမော်ဒေသအတွင်းမှာရှိတဲ့ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းတွေကတော့ဆက်လက်လည်ပတ် နေပြီး ဖီမော်မြို့ပေါ်နယ်စပ်ဂိတ်မှာလည်း ကျောက်ဖြူလုပ်ငန်းကားတွေသာ သွားလာခွင့်ရှိနေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးအပတ်ကစတင်ပြီးတော့ ကချင် အထူးဒေသ ၁ နယ်မြေတွေထဲက စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး ဆဒုံး၊ချီဖွေ၊ ပန်ဝါ၊ ဆော့လော်မြို့တွေအပါအဝင် ၁၀၀၂လုပ်ီတပ်ရင်း၊ ၁၀၀၃ စင်ကြိုင်တပ်ရင်းဌာနချုပ်အားလုံးကို KIA က ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 1 November
    သတင်း

    ဖောင်းပြင်မြို့ကို SNA နဲ့ စစ်ကောင်စီတပ်အင်အားဖြည့်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ထဲကို SNA နဲ့စစ်ကောင်စီပူးပေါင်းတပ် စစ်အင်အားဖြည့်နေတာ ၄ ရက်ဆက်တိုက်ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းမှာရှိတဲ့ ဖောင်းပြင်မြို့တွင်းအထိုင်တပ် ခလရ ၃၆၇ နဲ့ ၃၆၈ တပ်ထဲကို ရှမ်းနီအမျိုသားများတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ် ဒီရက်ပိုင်း အင်အားဖြည့်နေတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “တစ်ခါထွက်ရင်ကားနှစ်စီးသုံးစီးအပြည့်အပြည့်ထွက်တယ် ရှမ်းနီစစ်သားတွေကများတယ် ကားတစ်စီးကိုစစ်သားတွေက ၅ ယောက်လောက်ပဲပါတာ ကျန်တာရှမ်းနီးစစ်သားတွေပဲ လေးရက်လောက်ရှိပြီနေ့တိုင်းသွားတယ် ဖောင်းပြင်မြို့ထဲတပ်ကိုအင်အားဖြည့်တာတဲ့”လို့သူကပြောပါတယ်။ ဖောင်းပြင်မြို့ကို နိုဝင်ဘာလထဲမှာ ဟုမ္မလင်း PDF တပ်ပေါင်းစုသိမ်းပိုက်မယ်ဆိုတဲ့သတင်းတွေ လတ်တလောမှာပျံ့နှံ့နေတာကြောင့် မြို့တွင်းအထိုင်တပ်နှစ်ခုကို အောက်တိုဘာ၂၆ ရက်နေ့ကနေ မနေ့ကအထိ အင်အားဖြည့်နေတာလို့ သိရပါတယ်။ “ဖောင်းပြင်အနီးဝန်းကျင်မှာ PDF တွေ သုံးထောင်လေးထောင်လောက် ရောက်နေတယ် မြို့ကိုသိမ်းမယ်ဆိုပြီးကြားလို့တဲ့ ဒီဟုမ္မလင်းမြို့ထဲကတပ်တွေကော ၊နောင်ပိုအောင်တို့ဘက်ကကောပြီးတော့ ခန္တီးဘက်ကတွေကော အကုန်ဖောင်းပြင်ဘက်ကိုဆင်းသွားကြတာမြို့ကိုကာမယ်ဆိုပြီးတဲ့”လို့ ဟုမ္မလင်းမြိုခံ အမျိုးသားတစ်ဦး ပြောပါတယ်။ ဖောင်းပြင်မြို့ကိုကာကွယ်ဖို့အတွက် ဟုမ္မလင်းမြို့ပေါ်က SNA နဲ့စစ်ကောင်စီစစ်သားတွေအပြင် နောင်ပိုအောင်ဘက်က SNA တွေနဲ့ ဟုမ္မလင်း ခန္တီးလမ်းပိုင်းမှာထိုင်တဲ့ SNA ဂိတ်တွေပါရုတ်သိမ်းပြီး အင်အားဖြည့်နေတယ်လို့သိရပါတယ်။ အခုလို SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် ဟုမ္မလင်း– မုံရွာကားလမ်းပိုင်း ပိတ်မထားပေမယ့် အရပ်သားတွေသွားလာလို့မရဖြစ်နေတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။ “လေးငါးရက်ရှိပြီ သူတို့တွေ(SNA နဲ့စစ်ကောင်စီတပ်)သွားလာနေတော့ဘယ်သူမှမသွားလာကြဘူး ကျွန်မတို့ မုံရွာကနေပစ္စည်းမှာတာ ကားသမားတွေမုံရွာကနေဒီဘက်ကိုမလာရဲလို့တဲ့မှာလို့မရဘူး ကုန်းကြောင်းက ခြောက်လလောက်ပိတ်မယ်လို့လည်းကြားတယ်”လို့သူကပြောပါတယ်။ မုံမှန်အားဖြင့် ဟုမ္မလင်းမြို့နယ်ထဲကို ကုန်စည်တွေသယ်ယူဖို့ မုံရွာ–ဟုမ္မလင်းကားလမ်းနဲ့မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းနှစ်ခုရှိပေမယ့် လက်ရှိ ကုန်းကြောင်းသွားလားလို့မရတာကြောင့် ဟုမ္မလင်းနယ်မှာကုန်အဝင်နှေးနေပြီးကုန်ပစ္စည်းစျေးတက်တာတွေ ဖြစ်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းနယ်ထဲက SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာယ ခုရက်ပိုင်း ဖောင်းပြင်ဘက်ကိုအင်အားဖြည့်နေသလို ဟုမ္မလင်းမြို့နယ်နဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အစပ် ဆယ်ဇင်းဘက်ကိုလည်းအင်အားဖြည့်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက PDF ပူးပေါင်းတွေဟာ ဒီနှစ်ထဲ ရွှေပြည်အေးမြို့နဲ့ လွှစင်ကုန်းတို့ကိုသိမ်းပိုက်ထားသလို ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ကြားထဲက ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • 1 November
    သတင်း

    ကွတ်ခိုင်မြို့ Asia World တိုးဂိတ်အနီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲ ပြည်သူတစ်ဦးသေဆုံး

    ရှမ်းမြောက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်းထပ်ပြီးဗုံးကြဲလို့ အရပ်သားပြည်သူတစ်ဦးသေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ ဒီမနက် ၃ နာရီခွဲဝန်းကျင် ကွတ်ခိုင်ကနေ မူဆယ်ဘက်သွားတဲ့လမ်း Asia World တိုးဂိတ်အနီးတဝိုက် လေယာဉ်နဲ့ ဗုံး ၃ ကြိမ်ကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦး KNG သတင်းဌာနကို ပြောပါတယ်။ “လူတော့ တစ်ဦးသေတယ် အရင်က မူးယစ်ရုံးတွေ၊ Asia Worl အနီးတဝိုက်ကို လာချတာဟုတ်တယ်။ ပြီးတော့ ပြည်သူတွေနေတဲ့ ရပ်ကွက်ဘက်မှာလည်း တစ်လုံးကျတယ်။ အဲဘက်တော့ လူဘာမှမဖြစ်ဘူး။မီးဖိချောင်ပျက်စီးသွားတယ်။ TNLA တွေအဓိကနေတဲ့ နေရာမှာတော့ နောက်ထပ်တစ်ဦးထိတယ်။ ပြည်သူလား ဘာလားသေချာမသိရဘူး” လို့ကွတ်ခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်းမသိရသေးသလို စစ်ဘက်ဆိုင်ရာ ယူနီဖောင်းဝတ်ဆင်ထားခြင်းမရှိဘူးလို့ သူမကပြောပါတယ်။ ဒီမနက် ဗုံးကြဲချခံရတဲ့နေရာတွေဟာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေ အဓိကတပ်ချနေထိုင်ရာနေရာတွေမှာဖြစ်တယ်လို့ သိရပြီး သတင်းပေးမှုကြောင့် လာရောက်ဗုံးကြဲခြင်းဖြစ်နိုင်လို့ ဒေသခံတွေဘက်က ခန့်မှန်းပါတယ်။ “သတင်းပေးမှုကြောင့် လာပစ်တယ်လို့ ယူဆရတယ်။ ပြီးခဲ့တဲ့ ရက်က ဒီဘက်ကို လက်နက်ကိုင်တပ်ဖွဲ့ဘက်က လူကြီးတစ်ဦးဦးရောက်သလို သတင်းတွေပျံ့နှံ့နေတာဟုတ်တယ်။ အဲလိုကြားတာနဲ့ ဒီလိုဗုံးလာချတာဆိုတော့ သတင်းကြားတာကြောင့်သတင်းပေးမှုကြောင့်လို့ပဲ ယူဆပါတယ်။ အခုသူတို့ ဗုံးချတဲ့နေရာကလည်း TNLA တွေပဲ အဓိက တပ်ချနေတဲ့နေရာဖြစ်တယ်”လို့ ကွတ်ခိုင်ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းမှာလည်း ကွတ်ခိုင်မြို့ပေါ် နဲ့ မြို့မစျေးတစ်ခုလုံးကို စစ်ကောင်စီလေကြောင်းနဲ့ ၃ ရက်လောက် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ ကွတ်ခိုင်မြို့မစျေးတစ်ခုလုံး ထိခိုက်ပျက်စီး မီးလောင်ပြာကျသွားကာ အရပ်သားလည်း ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ စက်တင်ဘာလ လဆန်းပိုင်းကစပြီး ရှမ်းမြောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ကိုးကန့် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိန်းချူပ်နေတဲ့ဒေသနေရာဒေသတွေကို စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး အဓိက အများပြည်သူနဲ့သက်ဆိုင်ရာ ဘာသာရေးအဆောက်အဦးတွေ များစွာထိခိုက်ပျက်စီးမှုရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း စစ်တပ်ရဲ့လေကြောင်းရန်ကနေ ကာကွယ်ရန်နဲ့ အရပ်သားနဲ့သက်ဆိုင်တဲ့ နေရာတွေ၊ ဘာသာရေးအဆောက်အဦးတွေနားမှာ တပ်ချနေထိုင်တာမျိုးတွေရှောင်ရှားပေးရန် ရှမ်းမြောက်ပြည်သူလူထုတွေတောင်းဆိုနေကြပါတယ်။ By – ဂျာဘောက်ရာ

    Read More »
Back to top button