တိုက်ပွဲသတင်း

ဆော့လော်မြို့နယ်တွင်း နောက်ဆုံးကျန်ရှိနေတဲ့ လန်ဆယ်ပြည်သူ့စစ် တပ်စခန်းကို KIA သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်

ကချင်ပြည်နယ် ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်(Lanse) မြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ KIO ပြောပါတယ်။

တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လန်ဆယ်ပြည်သူ့စစ်နေရာကို နိုဝင်ဘာလ ၁၀ ရက်နေ့ အပြီးသတ် သိမ်းပိုက်လိုက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

လန်ဆယ်ကိုတော့ မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း  နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်ပြီ။ အဲဒီနေရာမှာက တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ နေရာယူထားတဲ့ နေရာဖြစ်တယ်။ သူတို့ကိုယ်တိုင်လည်း လက်ရှိ အခြေအနေကို နားလည်သဘောပေါက်ကြတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်တာမရှိဘူး။ ဒါကြောင့် ထိခိုက်သေဆုံးမှုမရှိဘဲ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်လို့ပြောပါတယ်။

လန်းဆယ်ပြည်သူ့စစ်နေရာမှာ ပြည်သူ့စစ် အင်အား ၃၀ ဝန်းကျင်နဲ့ တပ်နေရာတစ်ခုသာရှိတာဖြစ်ပြီးတော့ တိုက်ခိုက်မှုမရှိဘဲ သိမ်းပိုက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

လန်ဆယ်မြို့တွင်း ကျောက်ရွှေတူးဖော်တဲ့ မြင်ကွင်း

နိုဝင်ဘာလ ၁၀ ရက်နေ့ KIA ပူးပေါင်းတပ်တွေ ဝင်ရောက်လာတဲ့ အချိန် တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဘက်လည်း နားလည်သဘောပေါက်စွားနဲ့ တပ်ဆုတ်ခွာသွားကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် လန်းဆယ်တိုက်ပွဲမှာ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုမရှိတဲ့အပြင် တစ်ရက်အတွင်းမှာပဲ သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေတပ်ချကာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

လန်ဆယ်မှာက တခြားတပ်တွေမရှိဘူး။ ပူတာအိုက တန်ဂူးတန် ပြည်သူ့စစ်အဖွဲ့ တစ်ခုထဲရှိပါတယ်။ အဲ့ဒါကြောင့် KIA တပ်တွေ ဝင်ရောက်လာတဲ့အချိန် ပြင်းပြင်းထန်ထန် တိုက်ခိုက်တာမရှိဘူး။ လက်ရှိအခြေအနေကို နားလည်သဘောပေါက်တယ်။ တစ်ဖက်မှာ ပြည်သူလူထုတွေ ထိခိုက်သေဆုံးတာမရှိသလို နှစ်ဖက်တပ်လည်း ထိခိုက်သေဆုံးတာမရှိဘူး။ ဒီကနေ့အထိတော့ လန်းဆယ်ဒေသကို KIA ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့ အနေအထားမှာပဲရှိနေသေးတယ်လို့ပြောပါတယ်။

လန်ဆယ်မြို့ဟာ ဆော့လော်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ BGF တပ်စခန်းရှိတဲ့ နေရာဖြစ်ပြီး ဆော့လောက်မြို့နယ်တစ်ခုလုံး KIA ထိန်းချုပ်နယ်မြေထဲရောက်ရှိသွားပြီဖြစ်ပါတယ်။

အခုလို လန်ဆယ်မြို့ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက အခုလို ဆက်ပြောပါတယ်။

လန်ဆယ်မြို့

လန်ဆယ်ကို မနေ့က မနက်ပိုင်း သိမ်းလိုက်ပြီ။ လန်ဆယ်မှာရှိတဲ့ ပြည်သူ့စစ်တွေ အကုန်ထွက်ပြေးကုန်တယ်။ အခုက ကချင်အထူးဒေသ(နေရာမှာ ကန်ပိုင်တည် တစ်ခုဘဲကျန်တော့တယ် မရှိတော့ဘူး။ အထက်ဘက်မှာက ခေါင်လန်ဖူးပဲကျန်တော့တယ်။ လန်ဆယ်အထက်ဘက်ဆိုရင် ပူတာအိုဒေသဖြစ်သွားပြီ။ ဒီတစ်ကြောက ပြည်သူ့စစ်နဲ့ BGF မရှိတော့ဘူးလို့ပြောပါတယ်။

ဒါ့အပြင် လန်ဆယ်မြို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ နှစ်လအတွင်းမှာပဲ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ချီဖွေ၊ ဆော့လော်၊ ကန်းဖန့်၊ ဖီမော်၊ ပန်ဝါ မြို့တွေနဲ့ တစ်ဆက်တည်းရှိပြီးတော့ ပူတာအိုဒေသနဲ့ အနီးနေရာမှာရှိတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။

ဒါကြောင့် လန်ဆယ်ဒေသမှာ ပူတာအိုဒေသရဲ့ ဌာနယ်ပြည်သူ့စစ်ဖြစ်တဲ့ တန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေထဲပါဝင်နေတာလည်းဖြစ်ပါတယ်။

လန်ဆယ်ဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်လုပ်ငန်းရှင်အများအပြား ဝင်ရောက်လာပြီး ကျောက်ရွှေတူးဖော်တဲ့ လုပ်ငန်းကို အဓိက တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button