• Aug- 2024 -
    28 August
    သတင်း

    နှစ်လကျော်ကြာပိတ်သွားတဲ့ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပြန်ဖွင့်

    နှစ်လကျော်ကြာပိတ်သွားတဲ့ ကချင်ပြည်နယ် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်း ဒီကနေ့ဩဂုတ်လ ၂၈ ရက်နေ့ ပြန်ဖွင့်လိုက်ပြီးလို့ သိရပါတယ်။ ဇွန်လကုန်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းမှာ ကားလမ်းမြေပြိုတာ၊ တံတားငယ်တစ်ချို့ပျက်စီးသွားတာကြောင့် ကားလမ်းပိုင်းနှစ်လနီးပါးကြာ အသွားအလာရပ်တန့်သွားတာဖြစ်ပါတယ်။ လက်ရှိ ကားလမ်းပိုင်းသွားလာခွင့် ရရှိနေပြီ​ဖြစ်ပေမယ့် လမ်းပြုပြင်တာတွေ မပြီးစီးသေတဲ့အတွက် ကုန်ကားအသေးတွေသာသွားလာခွင့်ရရှိမှာဖြစ်တယ်လို့  ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ကားတွေတက်လာပြီ တစ်ချို့ကားတွေက ဒီနေ့ညနေရောက်မယ်ပြောတယ်။ ဆီကားနဲ့စားသောက်ကုန်ကားတွေ တခြားလူသုံးကုန်ကားတွေလည်းပါတယ် ဟိုလိုကားကြီးတွေတော့တက်လာလို့မရသေးဘူး ကားသေးလေးတွေပဲတက်လာလို့ရအုံးမယ်တဲ့။ ဒီကစျေးသည်တွေလည်းကားဂိတ်ကိုပစ္စည်းတင်တဲ့လူကတင်နဲ့ဆက်သွယ်နေကြပြီ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ပါအမျိုးသမီးကပြောပါတယ်။ ကားလမ်းပိုင်းဆိုးဆိုးဝါးဝါးမြေပြိုသွားတဲ့နေရာဟာ ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနားလမ်းပိုင်းက တယန်ဇွပ်နဲ့ အင်ထန်းဇွပ်ကြားမှာအရှည်ပေ ၃ဝဝ လောက်ကားလမ်းပြိုကျသွားတာဖြစ်ပြီး အဲ့ဒီနေရာကို လက်ရှိရာနှုန်းပြည့်မပြင်နိုင်သေးတာကြောင့်ကုန်ကားအကြီးတွေ သွားလာလို့မရသေးတာလို့ သိရပါတယ်။  “ကားကြီးတွေဖြတ်လို့မရသေးဘူးတဲ့ ကားကြီးတွေဖြတ်ရင်ထပ်ပြိုမှာပြင်နေတာမပြီးသေးတော့ကားသေးလေးတွေကိုပဲအရင်ဆုံးထွက်ခိုင်းတာ။ ပူတာအိုကားဂိတ်ကကားတွေလည်း တစ်ချို့ဆင်းသွားကြပြီဒီမနက်ပဲ”လို့ ပူတာအိုကားဂိတ်တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မိုးရွာသွန်းမှုကြောင့်ပျက်စီးသွားတဲ့ ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းကို သြဂုတ်လ ၈ရက်နေ့လောက်ကတည်းကစတင်ပြုပြင်ခဲ့ရာကနေ ဒီကနေ့ ကားတွေပြန်လည်သွားလာနိုင်တာ ဖြစ်ပါတယ်။ မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းပိတ်သွားတာကြောင့် ပူတာအိုဒေသအတွက်လူသုံးကုန်၊…

    Read More »
  • 28 August
    သတင်း

    မိုးမောက်နဲ့ မံစီကို လေကြောင်းအပြင် မြေပြင် စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲပြန်လည်ပြင်းထန်နေ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပြင် မြေပြင်ကနေ စစ်အင်အား ၄၀၀ ဝန်းကျင်ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဗန်းမော်ဘက်ကနေ စစ်အင်အား ၄၀၀ လောက်ထိုးစစ်ဆင်တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ မိုးမောက်မရောက်မှီ ၆ မိုင်နဲ့ ၇ မိုင်လောက်မှာ ဒီကနေ့ ဩဂုတ်လ ၂၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကိုပြောပါတယ်။ “မိုးမောက်အခြေအနေက တပ်ရင်း ၇ ခုလောက်ပေါင်းပြီး စစ်အင်အား ၄၀၀ နဲ့ ၅၀၀ လောက်ရှိတဲ့ စစ်ကြောင်းက မိုးမောက်ဘက်ကို ထိုးစစ်ဆင်နေတယ်။ မိုးမောက်မရောက်ခင် ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ တိုက်ပွဲဖြစ်နေတယ်။ KIA ဘက်ကလည်း ကျော်တက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတယ်”လို့ပြောပါတယ်။ စစ်အင်အား ၄၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့နောက်ပိုင်း ဗန်းမောက်ဘက်ကနေ ၂ မိုင်၊ ၃ မိုင် တဆင့်ပြီး တဆင့် ထိုးစစ်တက်လာတဲ့ စစ်ကြောင်းတွေဖြစ်ပြီးတော့ အဲဒီစစ်ကြောင်းတွေက ဩဂုတ်လ ၂၇ ရက်နေ့အထိ မိုးမောက် ၆ မိုင်နေရာမှာ ထိုးတက်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဲဒီစစ်ကြောင်းတွေ ဒီကနေ့ ၂၈ ရက်နေ့မှာ ၆ မိုင်ကနေ ၇ မိုင်ဘက်ကို တန်ပြန်ထိုးတက်လာတာကြောင့် ၇ မိုင်ကြားမှာ ဒီကနေ့ ၁၂ နာရီဝန်းကျင်အထိ နှစ်ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ KIA ဘက်က ကြားဖြတ်တိုက်ခိုက်လို့မရအောင် လေကြောင်းအကူနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ဒီကနေ့ မနက်ပိုင်းမှာပဲ တိုက်ပွဲဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီဘက်ကို စစ်လေယာဉ် ၃ ကြိမ်အထက် လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဆက်သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မိုးမောက်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို လက်လွတ်လိုက်ရတဲ့နောက် ဩဂုတ်လ ၂၄ ရက်နေ့ကစတင်ပြီး မိုးမောက်နဲ့ မံစီ လမ်းကြောင်းဘက်ကို စစ်ကြောင်း ၃ ခုလောက်ခွဲပြီး စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်လာတာကြောင့် ၂ နေရာမှာ တိုက်ပွဲပြင်းထန်နေတာ ၅ ရက်လောက်ကြာမြင့်လာပြီဲဖြစ်ပါတယ်။ အလားတူ မံစီဘက်မှာလည်း ဗန်းမော်ဘက်က တပြိုင်နက် စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ ကောင့်ဂျာယန်ကျေးရွာမရောက်မှီ လမ်းခုလပ်တစ်ကြောမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ လက်လွတ်လိုက်ရတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနဲ့ မံစီမြို့နယ်ထဲမှာကျန်ရှိနေသေးတဲ့ ခမရ ၆၀၁ တပ်၊ ခမရ ၃၁၉ တပ်စခန်းတွေကို လက်မလွတ်ရေးအတွက် အခုလို တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 28 August
    သတင်း

    ခါနန်စစ်ရှောင်တွေ စားနပ်ရိက္ခာပြတ်လပ်နေပြီး ကလေးသူငယ် ၁၀၀ ကျော်ပညာရေးရပ်နားထားရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဝူယန်ကျေးရွာကနေ မုတ်ကျိတ်၊နောင်းခရူးဘက်ကို ထွက်ပြေးနေကြတဲ့ ခါနန်စစ်ရှောင်စခန်းက ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်နေတဲ့အပြင် ကလေးသူငယ် ၁၀၀ ကျော်လည်း ပညာဆက်လက်သင်ကြားနိုင်ဖို့ အခက်တွေ့နေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။ ခါနန်စစ်ရှောင်စခန်းမှာ အရင်က စစ်ရှောင်အိမ်ခြေ ၂၀၀ ကျော်ရှိခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အိမ်ခြေ ၁၈၅ အိမ်သာကျန်ရှိတော့တာဖြစ်ပြီး အဲဒီစစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာပြတ်လပ်မှုတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါအပြင် လက်ရှိကချင်ပြည်နယ်ရဲ့ ဖုန်းနဲ့အင်တာနက်လိုင်း ခက်ခဲမှုတွေကြောင့် အရင်ကထက် အကူအညီတွေရရှိဖို့  ပိုမိုခက်ခဲလာတာဖြစ်တယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက KNG ကို ပြောပါတယ်။ “အခုခက်တယ်ဆိုတာက ဆန်ပေါ့ ဆန်သာရမယ်ဆိုရင် ကျန်တာက ကျွန်တော်တို့ ဖြစ်သလိုဟင်းသီးဟင်းရွက်တွေ တောထဲမှာခူးစားပြီးနေလို့ရတယ် ဆန်ခက်ခဲတော့ဘယ်လိုမှလုပ်လို့မရဖြစ်နေတာပေါ့”လို့ဆိုပါတယ်။ လက်ရှိ စစ်ရှောင်အိမ်ခြေထက်ဝက်လောက်က ဆန်တွေပြတ်လပ်နေတာဖြစ်ပြီး ကျန်တဲ့အိမ်ခြေတစ်ဝက်ကတော့ မနှစ်တုန်းက စုဆောင်းထားတဲ့ ဆန်စပါး‌တွေနဲ့မျှပြီးစားသုံးနေကြတယ်လို့ သိရပါတယ်။ ခုလိုအစားအသောက်ပြတ်လပ်မှုတွေကြုံတွေ့နေရသလို တစ်ဖက်မှာလည်း စစ်ရှောင်စခန်းတွင်းက စာသင်အရွယ်ကလေးသူငယ် ၁၀၀ ကျော်လည်း ပညာရေးရပ်နားထားရတယ်လို့ သိရပါတယ်။ “ဝါးရှောင်ဘက်သွားတက်ဖို့ကလည်း သွားဖို့လာဖို့ကခက် တချို့မိဘတွေက မလွတ်ရဲဘူးပေါ့ နိုင်ငံရေးမကောင်းတော့ လမ်းမှတစ်ခုခုဖြစ်ပြီးပြန်မလာမှာစိုးရိမ်ကြတော့ ပြီးတော့ ဒီမှာကိုယ်ဟာကို ကျောင်းပြန်ဖွင့်ဖို့အတွက်ဆိုရင်လည်း စေတနာဝန်ထမ်းက ပြန်ခက်ဖြစ်နေတယ်”လို့ စစ်ရှောင်စခန်းတာဝန်ခံက ဆက်ပြောပါတယ်။ ဒီကလေးသူငယ်တွေဟာ နှစ်ဆန်းပိုင်းကတည်းကနေ ဒီနေ့ထိ ၇ လအကြာ ပညာရေးရပ်နားထားရတာဖြစ်ပြီး တချို့ကလေးမိဘ‌တွေကတော့ ကလေးတွေပညာရေးအတွက် နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့ မြစ်ကြီနားမြို့ကို ပြောင်းရွေ့သွားကြတယ်လို့ သိရပါတယ်။ လက်ရှိစစ်ရှောင်စခန်းထဲမှာ ကျန်နေတဲ့ကလေးသူငယ်တွေကတော့ မူကြိုအရွယ်ကနေ ၁၂တန်းအရွယ်ထိ ပါဝင်တာဖြစ်ပြီး မူလတန်းအရွယ်တွေကတော့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ခါနန်စစ်ရှောင်စခန်းကပြည်သူတွေဟာ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ စစ်ရှောင်လာကြတာဖြစ်ပြီး လက်ရှိဝိုင်းမော်မြို့ရဲ့ ၇မိုင်အကွာမှာရှိတဲ့ မုတ်ကျိတ်နဲ့နောင်ခရူးကျေးရွာတွေမှာ တိမ်းရှောင်နေကြတာဘဲ ဖြစ်ပါတယ်။ ကုလသမ္မဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNCHO)ရဲ့  ၂၀၂၄ ဧပြီလ ၅ရက်နေ့ထုတ်ပြန်ချက်မှာတော့ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မတ်လ၇ရက်နေ့ကစပြီး စစ်ပွဲကြောင့် မြို့နယ်၁၀ခုလောက်က အရပ်သားပြည်သူ ၁၈၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါအပြင် ကချင်ပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်ဦးရေ၈သောင်း၄ထောင်၄ရာ(၈၄၄၀၀)ထိတိုးလာတယ်လို့ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNCHR)ကနေပြီးတော့ ဩဂုတ်လ၁၄ရက်နေ့က ထုတ်ပြန်ထားတာဘဲ ဖြစ်ပါတယ်။ By – Hope

    Read More »
  • 28 August
    သတင်း

    ပူတာအိုမြို့မှာ ပြည်သူ့စစ်အဖွဲ့ ဝါးတားဂိတ်လုပ်ပြီး အစစ်အဆေးတင်းကြပ်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က ဝါးတားဂိတ်လုပ်ပြီး လမ်းသွားလမ်းလာအရပ်သားတွေကို အစစ်အဆေးတင်းကြပ်နေတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လဝန်းကျင်ကစပြီး မြို့အထွက် လေယာဥ်ကွင်းရပ်ကွက် နဲ့ ဂျူဗလီရပ်ကွက်ကြား ဝါးတားဂိတ်လုပ်ပြီး အစစ်ဆေးတင်းကြပ်နေတာဖြစ်တယ်လို့ ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိူးသားတစ်ဦးက KNGကိုပြောပါတယ်။ “ဂိတ်က ပူတာအိုမြို့ကနေဆိုရင်တော့မြို့အထွက်ပေါ့ မချမ်းဘော့တို့ နောင်မွန်ဘက်တို့ကနေလာရင်တော့ မြို့အဝင်ဖြစ်တယ်သုံးလမ်းဆုံနေရာမှာဆိုင်ပြီးစစ်နေတာ ခရီးသွားတွေကိုအဓိက စစ်တယ်မေးတယ် သတင်းပို့ရတယ်ဂိတ်ရောက်ရင်”လို့ သူကပြောပါတယ်။ လက်ရှိစစ်ဆေးရေးဂိတ်ထိုင်ထားတဲ့နေရာဟာ ပူတာအို နောင်မွန်နဲ့မချမ်းဘော့သွားတဲ့ကားလမ်းမကြီးပေါ်မှာရှိပြီး  ဂိတ်နဲ့ ပေ ၁၀၀၀ ကျော်လောက်အကွာမှာတော့ တန်ဂူးတန်ပြည်သူ့စစ်ရဲ့ ပူတာအို အခြေစိုက်စခန်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြို့ဧရိယာထဲမှာတန်ဂူးတန်ပြည်သူ့စစ်အဖွဲ့ ခုလိုဂိတ်ထိုင်ပြီးခရီးသွားပြည်သူတွေကိုစစ်ဆေးတာ၊ မသင်္ကာတဲ့ပြည်သူတွေကို အတင်းအကြပ်စစ်ဆေးမေးမြန်းတာလုပ်နေတဲ့အတွက် အများပြည်သူ သွားလာရေးမှာအခက်အခဲဖြစ်နေတယ်လို့လည်း နောက်ထပ်အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “ဂိတ်ကမြို့ထဲမှာပဲလို့ပြောလို့ရတယ် ဂျူဗလီနဲ့လေယာဥ်ကွင်းရပ်ကွက်ကြားမှာလေး အဲ့နားရောက်ရင်တော့ဆိုင်ကယ်လည်းဖြေးဖြေးပဲမောင်းပေးရတယ် ပေ ၁၀၀ လောက်ကိုသူတို့က သံဆူးခွေတွေနဲ့လမ်းလယ်ခေါင်ထိချထားတာ သူတို့ကတားရင်ရပ်ပေးရတယ်မြို့ဆိုလည်း မသက်ာရင်တော့စစ်တယ်”လို့အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ ဒီစစ်ရေးဆေးဂိတ်မှာ ပုံမှန်အားဖြင့် ရဝမ်ပြည်သူ့စစ်အဖွဲ့တွေဂိတ်ထိုင်တာဖြစ်ပြီး တစ်ခါတစ်ရံ စစ်ကောင်စီစစ်သားတွေလည်းပူးပေါင်းဂိတ်ထိုင်တာမျိုးရှိတယ်လို့သိရပါတယ်။ ပူတာအိုမြို့ ဦးတန်ဂူးတန်ပြည်သူ့စစ်အဖွဲ့စစ်ဆေးရေးဂိတ်ရှိသလို ပူတာအိုမြို့အဝင်မှာတော့ မူလာရှီးဒီးစစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိတာ ဖြစ်ပါတယ်။ တန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ဟာ အထက်ဖော်ပြပါနေရာနှစ်ခုလုံးမှာ စစ်ဆေးရေးဂိတ်ထိုင်ဖို့ ဒီနှစ် နှစ်ဆန်းပိုင်းကတည်းက ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ ပူတာအိုမြို့ဟာ မြစ်ကြီးနားမြို့နဲ့ ၂၁၈ မိုင်အကွာမှာရှိပြီး ပူတာအိုခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့မှာ မြစ်ကြီးနား–ပူတာအို ကားလမ်းပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကို  KIA က သိမ်းပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 27 August
    သတင်း

    သီပေါမှာ တစ်လအတွင်း အရပ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်

    ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အရပ်သား ၁၉ ယောက်သေဆုံးခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က SHRF ရဲ့ မနေ့ကဩဂုတ်လ ၁၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဒီသေဆုံးမှုကတော့ သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲပြင်း ထန်လာတဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဩဂုတ်လ ၁၉ ရက်နေ့အထိ ပြုစုထားတဲ့စာရင်းတွေအရ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးခဲ့သူတွေဟာ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေဖြစ်ပြီး နောက်ထပ်အရပ်သား ၁၉ ယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။ ဒီစစ်တမ်းကို ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ပြုစုမှတ်တမ်းပြုလုပ်တဲ့အခါမှာ စစ်ကောင်စီတပ်ဟာ အရပ်သား နေထိုင်ရာနေရာတွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တာတွေ့ရတယ်လို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်ရဲ့ ပြောရေးဆို ခွင့်ရှိသူ မယိမ်းလျန်းဟန်ကပြောပါတယ်။ “အဓိကတော့ သက်ကြီးပိုင်းတွေသေတာများတယ်။ အဘိုးအဘွားအရွယ်တွေ အဲ့လိုမျိုးများတယ်။ သံဃာ တော်တွေလည်းပါတယ်။ ကျွန်မအမြင်ကတော့ စစ်ကောင်စီဘက်က အရပ်သားတွေနေရာတွေကိုပဲ ဦးတည် တိုက်ခိုက်နေတာတွေ့ရတယ်”လို့ပြောပါတယ်။ သေဆုံးခဲ့ရသူ၁၉ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ကလေးတစ်ယောက်အပါအဝင် သံဃာတော် ၂ ပါးနဲ့ အမျိုးသမီး ၇ ဦး၊ အမျိုးသား ၁၂ ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ယောက်ထဲမှာ သီလရှင်တစ်ပါးနဲ့ သံဃာတော်တစ်ပါး ပါဝင်တယ်လို့သိရပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေအကြားတိုက်ပွဲအတွင်းအသုံးပြုတဲ့လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးတွေအပါအဝင် အဆောက်အဦးပေါင်း ၁၁၀ ကျော်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုလို စစ်ကောင်စီရဲ့အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် မြို့တွင်းနေထိုင်တဲ့ ဒေသခံတွေ အနေနဲ့လုံခြုံမှုမရှိဘူးလို့ မယိန်းလျန်းဟန်ကဆက်ပြောပါတယ်။ “လောလောဆယ်အခြေနေမှာတော့လေ စစ်တပ်ကအခုလို မြို့ထဲကိုရမ်းသမ်းပြီးဆက်တိုက်ပစ်နေတော့ မြို့ထဲနေလို့မကောင်းဘူးပေါ့လေ အဓိကကတော့ စစ်တပ်ဘက်ကတော့ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်မှု တွေပိုလုပ်တာကြုံရတယ်။”လို့ပြောပါတယ်။ ဒါ့အပြင် လက်တလော သီပေါမြို့နယ်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေပါပြတ်တောက်သွားတဲ့အတွက် စစ်ကောင်စီဘက်က ပိုပြီးတော့တိုက်ခိုက်မှုတွေလုပ်လာနိုင်တယ်လို့ သူကပြောပါတယ်။ သီပေါမြို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကစတင်ပြီးတော့ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်း အဖွဲ့တွေက မြို့သိမ်းတိုက်ပွဲအဖြစ်တိုက်ပွဲစတင်ခဲ့တာဖြစ်ပြီး လက်ရှိတော့ သီပေါမြို့ကို တော်လှန်ရေး အင်အားစုတွေဘက်ကထိန်းချုပ်ထားပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 27 August
    သတင်း

    အာဏာသိမ်းပြီးနောက်ပိုင်း ကချင်မှာစစ်ရှောင် ၈ သောင်းကျော်ထပ်တိုးလာ

    ကချင်ပြည်နယ်မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ရှောင်အရေအတွက် ၈ သောင်းကျော် ထပ်တိုးလာတယ်လို့ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ဩဂုတ်လထဲမှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် KIA နဲ့ စစ်တပ်တို့ တစ်ကျော့ပြန်တိုက်ပွဲ စတင်လာချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ(၁၁၀၅၀၀ ) ထိသာရှိပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ ရက်အထိ တစ်သိန်းကိုးသောင်းလေးထောင်ကိုးရာ( ၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ ဩဂုတ်လ ၁၄ ရက်နေ့ UNHCR ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက် နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း စစ်ရှောင်ဦးရေ ရှစ်သောင်း လေးထောင် လေးရာ(၈၄၄၀၀)ထိတိုးလာတာကို တွေ့ရပါတယ်။ ကချင်မှာ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီအထိ ရွာလုံးကျွတ်စစ်ရှောင်ရတာမရှိခဲ့ပေမယ့် ဧပြီလ ၂၈ ရက်နောက်ပိုင်း ရွှေကူမြို့ အရှေ့ဘက်ခြမ်းတိုက်ပွဲပြင်းထန်လာတာကြောင့် ရွာပေါင်း ၁၂ ရွာပြည်သူ တစ်သောင်းကျော် ပထမဆုံးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ အဲဒိီနောက် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ နောက်ပိုင်း KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးအတွင်းတိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့နယ်ထဲက ရွာပေါင်း ၂၀ ထက်မနည်းတိမ်းရှောင်ခဲ့ကြသလို၊ မိုးမောက်၊ မံစီ၊ ဖားကန့်မြို့နယ်၊ပူတာအို နေရာဒေသအသီးသီးက ပြည်သူသောင်းနဲ့ချီထပ်ပြီး တိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ၃ နှစ်ကျော်ကာလကြာလာချိန်မှာ ကချင်ပြည်နယ်နေရာအနှံ့ စစ်ဘေးရှောင်သူတွေများနေတာလည်းဖြစ်ပါတယ်။  လက်ရှိ ဒီစစ်ရှောင်တွေထဲက နေရပ်ပြန်သူတစ်ချို့ရှိနေပမယ့် အများစုကတော့ နေရပ်ပြန်လို့မရသေးဘဲ မြစ်ကြီးနား၊လိုင်ဇာ၊မိုင်ဂျာယန်၊ ဂွေထုဘက်ကို အများပိုင်းတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် လတ်တလော ဖုန်း၊အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်မှာ မန္တလေး–မြစ်ကြီးနားလမ်းလည်း ထပ်ပြီးသွားလာခွင့်ပါပိတ်ခံထားရတဲ့တွက် စစ်ဘေးရှောင်တွေဟာ အဖက်ဖက်ကနေ ပိုပြီးခက်ခဲလာနေကြတာလည်းဖြစ်ပါတယ်။ “စစ်ရှောင်စခန်းတိုင်းမှာ  သူတို့အတွက် နေစရာတွေ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေက လိုအပ်နေတယ် ပြီးတော့ ကျောင်းသားတွေအတွက် စာသင်မဲ့နေရာတွေ ဆရာတွေမလုံလောက်တာကိုတွေ့ရတယ် မိဘတွေကိုယ်တိုင်ကလည်း ထောက်ပံ့ပေးနိုင်ဖို့အခက်အခဲတွေရှိနေတာကိုတွေ့ရတယ်”လို့ KHRW(Kachin Human Right Watch )အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျက်ကော့ပ်(JACOP)က KNGကိုပြောပါတယ်။ လက်ရှိအချိန်မှာ ဆိုရင်လည်း မြန်မာနိုင်ငံဟာ တိုက်ပွဲဖြစ်ပွားတဲ့နယ်နိမိတ်ဧရိယာ ပိုမို ကျယ်ဝန်းလာပြီး ကမ္ဘာ့အဆင့် ၉ နေရာရောက်ရှိနေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေနဲ့ တည်နေရာလေ့လာရေးအဖွဲ့(ACLED)ရဲ့  ဩဂုတ်လ၆ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ ခုလိုအခြေအနေတွေနဲ့ပက်သက်ပြီး အရပ်သားပြည်သူတွေအနေနဲ့ သူတို့ကိုယ်တိုင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ အခက်အခဲတွေရှိနေနိုင်တယ်လို့ ရှေ့ပြေးအသံအဖွဲ့(Progressive Voice)ဥက္ကဌ ဒေါ်ခင်ဥမ္မာက သုံးသပ်ပြောဆိုပါတယ်။ “တော်လှန်ရေးတပ်ဖွဲ့တွေ  တော်လှန်ရေးအဖွဲ့တွေက သူတို့ကိုယ်သူတို့တက်နိုင်သမျှ ကာကွယ်နိုင်ဖို့ လိုအပ်တဲ့သတင်းအချက်အလက် စနစ်တကျပြင်ဆင်ပေးဖို့ လက်တွေ့ကျတဲ့ ပြင်ဆင်မှုလေးတွေ စီစဉ်ဖို့လိုပါမယ်။ လိုက်နာ ကျင့်သုံးရမယ့် မူ (Code of Conduct) တွေကို သေချာအကောင်အထည်ဖော်ဖို့လိုတယ် NUG၊ ERO ၊PDFဒီတပ်တွေမှာ ဦးဆောင်ကျတဲ့ သူတွေအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ အရပ်ဘက်အဖွဲ့အစည်းတွေကနေပြီးတော့ လူအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတွေနဲ့ ပတ်သက်တဲ့ ဝိုင်းဝန်းအားဖြည့်ပါဝင်ပေးနိုင်တဲ့ ကိစ္စရပ်တွေကို သူတို့လက်ကမ်းကြိုဆိုသင့်တယ် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်သင့်တယ်”လို့ဆိုပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်မှုနဲ့ ပြည်တွင်းစစ်တွေကြောင့် အရပ်သားသေဆုံးမှုမှာလည်း ကမ္ဘာ့အဆင့် ၃ အထိ ရှိလာခဲ့ပြီး ကမ္ဘာ့ပဋိပခအညွှန်းကိန်း အဆင့်မှာလည်း ၂အထိရောက်ရှိနေတဲ့ မြန်မာနိုင်ငံဟာ အရပ်သားတွေအတွက် အန္တရာယ်အရှိဆုံးအဆင့် ၄ နေရာ ရပ်တည်နေတယ်လို့ ACLEDရဲ့ ထုတ်ပြန်ချက်အရ သိရပ်ပါတယ်။…

    Read More »
  • 27 August
    သတင်း

    မဂွမ်ရိန်ဒူနော် ကို မဒိမ်းကျင့်သတ်ဖြတ်တဲ့တရားခံ မူလအယူခံခွင့်ထပ် ရက်တိုးပေးတဲ့ပေါ် ကန့်ကွက်ရှုံ့ချ

    မဒိမ်းမှုနဲ့ လူသတ်မှုကျူးလွန်ခဲ့သူ ကျော်သူရကိုအား ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၀၂ (၁) (ဂ) တို့နဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ နေ့ကပဲ ပူတာအိုခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

    Read More »
  • 27 August
    သတင်း

    မံစီမြို့နယ် ကိုင်းထိပ်ဒေသမှာ KIO မြေရှားတူးဖို့ပြင်ဆင်နေ 

    မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့နေရာဟာ မန်ဝိန်းကြီးနဲ့ ၂၁ မိုင်အကွာ အင်ဘာပါဒေသနဲ့ တစ်ဆက်တည်းရှိပြီး KIA တပ်မဟာ ၁၁ နယ်မြေထဲရှိတာဖြစ်ပါတယ်။

    Read More »
  • 26 August
    သတင်း

    သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးအားနည်းသူများ ကြိုတင်တိမ်းရှောင်ကြဖို့ ဗန်းမော်ကာကွယ်ရေးတပ် သတိပေး

    ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းလက်ရှိစစ်ရေးအခြေနေတွေကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး အားနည်းသူတွေ ကြိုတင်တိမ်းရှောင်ကြဖို့လုပ်ဆောင်သင့်တယ်လို့ ဗန်းမော်မြို့နယ် ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။ ဗန်းမော်မြို့တွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီရက်ပိုင်းအတွင်း မြို့နဲ့ ၅ မိုင်ပတ်ဝန်းကျင်အကွာက တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို လက်နက်ကြီးပစ်ခတ်တာတွေရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်း လက်နက်ကြီးပစ်ခတ်မှုဆက်တိုက်ရှိ‌နေတာကြောင့်…

    Read More »
  • 26 August
    သတင်း

    ဟုမ္မလင်းမြို့နယ် လောင်းမင်းရွာတိုက်ပွဲ SNA တပ်သား ၅ ဦးဖမ်းဆီးရမိ

    စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် လောင်းမင်းကျေးရွာတိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့ဝင် ၅ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်း တစ်ချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့ရက်စွဲနဲ့…

    Read More »
Back to top button