စည်ပင်ဦးစီးမှူး

  • Aug- 2023 -
    4 August
    သတင်း

    နမ္မတီးစည်ပင်ဦးစီးမှူး ပစ်သတ်ခံရ

    မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အဝင် ရထားသံလမ်းကူးနားမှာ နမ္မတီး စည်ပင်ဌာနက ဦးစီးမှူး မနေ့ည ၈နာရီလောက်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ မနေ့ည ၈နာရီလောက်မှာ အိမ်စီးကားအဖြူနဲ့ ဧဒင်ရပ်ကွက်ကနေ အေးမြသာယာရပ်ကွက်ဘက်ကို မောင်းဝင်လာစဉ် ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက KNG ကိုခုလိုပြောတာဖြစ်ပါတယ်။ “အဲမှာ အရပ်ဝတ်လူတစ်စုက မသင်္ကာတဲ့သူတွေဆို စစ်ဆေးနေကြတာ အဲချိန်အဲကားက အေးမြသာယာဘက်ကိုဝင်လာတဲ့ချိန် တားတာ မရပ်ပေးလို့ လှမ်းပစ်လိုက်ကြတာဟုတ်တယ်”လို့ပြောပါတယ်။ မျက်မြင်တွေ့ရှိခဲ့သူတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ်တွေက ကင်းလှည့်ရင်း စစ်ဆေးနေချိန် ပစ်သတ်မိတာဖြစ်နိုင်တယ်လို့ ပြောဆိုမှုတွေရှိနေပေမယ့် KNG အနေနဲ့တော့ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ကပစ်သတ်သွားတယ်ဆိုတာကို သိရှိနိုင်ဖို့ မြို့မရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိသေးပါဘူး။ အလားတူ မြစ်ကြီးနား ကာကွယ်ရေးတပ်ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ ဒီပစ်သတ်ခံရမှုက ကာကွယ်ရေးတပ်ရဲ့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ ပစ်သတ်ခံလိုက်ရတဲ့ နမ္မတီး စည်ပင်သာယာရေးဌာနဦးစီးမှုး ဦးဖြိုးဝေဟာ တနိုင်းစည်ပင်ဌာနကနေ နမ္မတီးဘက်ကိုပြောင်းရွှေ့သွားတာမကြာသေးဘူးလို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ အာဏာသိမ်းပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ပတ်သက်ဆက်နွယ်သူတွေကို စစ်တပ်ဘက်က ဖမ်းဆီးပစ်သတ်တာတွေရှိသလို ကာကွယ်ရေးတပ်ဘက်ကလည်း စစ်ကောင်စီတပ်နဲ့ဆက်ဆိုင်တဲ့ အစိုးရရုံးတွေမှာ ပစ်ခတ်တာ သွားရောက်ဖောက်ခွဲတဲ့ ဖြစ်စဉ်တွေရှိနေပါတယ်။

    Read More »
Back to top button