မြစ်ဆုံစီမံကိန်းကို ၈ နှစ်အတွင်းအပြီးဆောက်လုပ်မည်

စီမံကိန်းကန့်ကွက်ခဲ့တဲ့အတွက် နောင်တရကြောင်း ဝန်ကြီးချုပ်ပြော

ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင် အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အသိပေးပြောလိုက်ပါတယ်။

မြစ်ကြီးနားမိုးညှင်းရထားလမ်းပြေးဆွဲဖို့ လုပ်ဆောင်နေတဲ့ စစ်အစိုးရအဖွဲ့က ဇွန်လ ၂၃ ရက်နေ့မှာ ရထားပြေးဆွဲဖို့ လိုက်လံစစ်ဆေးတဲ့အချိန် ဆားမှော်ဘူတာမှာ ဒေသခံပြည်သူတစ်ချို့နဲ့တွေ့ဆုံချိန်မှာ မြစ်ဆုံနဲ့ ပတ်သက်ပြီး စည်းရုံးပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ်ခက်ထိန်နန်ရဲ့ ပြောဆိုချက်ထဲမှာ မြစ်ဆုံဆည်ဆောက်လုပ်ဖို့ ၁၀ ခန့်ကြာမြင့်နိုင်ပေမယ့် ၈ နှစ်အတွင်းအပြီးဆောက်လုပ်သွားဖို့ တရုတ်အစိုးရနဲ့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ဆားမှော်ဒေသခံတစ်ချို့နဲ့ တွေ့ဆုံခဲ့တဲ့အချိန် ယခုလိုပြောဆိုခဲ့ပါတယ်။

ကျနော်က ကချင်ပြည်နယ်ကိုယ်စား ကမ္ဘာမှာအချမ်းသာဆုံးဖြစ်တဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်တဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တယ်။ သူက ကမ္ဘာမှာ ထိပ်ဆုံးလေ ပြောချင်တာက နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ လက်တွဲသွားရင် ကျနော်တို့နိုင်ငံက အစိုးရအသစ်မှာ တည်ငြိမ်မှုတွေ၊ သယ်ယူပို့ဆောင်ရေးတွေ၊ အနုမြူစွမ်းအားတွေ၊ မွေးမြူရေးနဲ့ ပတ်သက်တဲ့ဟာတွေ၊ ရထားလမ်းတွေအကုန်လုံး အတူလုပ်ဖို့အတွက် MOU သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့တယ်။ နောက် မြစ်ဆုံက အမှန်တကယ်လုပ်ရင် ၁၀ နှစ်လောက်ကြာတယ်။ နဂိုကတည်းက လုပ်ပြီးသားဆိုတော့ ၈ နှစ်ခွဲလောက်နဲ့ ပြီးမယ်လို့ပြောဆိုခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းလုပ်ဆောင်တော့မည်ဖြစ်ကြောင်း၊ မြစ်ဆုံလုပ်ပြီးရင် လျှပ်စစ်ဓါတ်အားဆင်းရဲမှုကို စိတ်ပိုစရာမလိုတော့ကြောင်း ဒေသခံပြည်သူ ၃၀ ခန့်ကို ခေါ်ယူတွေ့ဆုံပြီး သဘောတူညီကြောင်း အတင်းလက်ခုတ်တီးသဘောတူခိုင်းခဲ့ပါတယ်။

PSA

ကချင်ဒေသမှာ ဆောက်လုပ်မယ့် မြစ်ဆုံဆည်ကို ငလျင်ဒဏ်ကို ကာကွယ်နိုင်ရန်အတွက် နောက်ဆုံပေါ် နည်းပညာတွေနဲ့ ဆောက်လုပ်သွားမှာဖြစ်ပြီး ယခင်က ဆောက်လုပ်ခဲ့ဖူးတဲ့ ၄ မီဂါ မက်ဂနီကျု့နဲ့ ၆ မီဂါ မက်ဂနီကျူ့ အင်အားထက်ကြီးပြီး ၈ မီဂါ မက်ဂနီကျူ့အထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ပြီး ဦးခက်ထိန်နန်ဟာ ယခင်က မြစ်ဆုံစီမံကိန်ဖော်ဆောင်ဖို့ ကြိုးပမ်းလာတဲ့အချိန်မှာလည်း ကန့်ကွက်ပါဝင်ခဲ့တဲ့အတွက်လည်း လက်ရှိမှာ နောင်တရနေကြောင်း တွေ့ဆုံစည်းရုံးရေးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကျနော်က လွန်ခဲ့သော နှစ်ပေါင်း ၂၀ က တစ်ခေါက်လုပ်မယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော်မှာ ဆန္ဒပြခဲ့ပါတယ်။ အခုအရမ်းနောင်တရတယ်။ အဲ့ချိန်တုန်းက ဆန္ဒသာမပြခဲ့ရင် မီးထိန်ထိန်လင်းနေပြီလို့လည်းပြောဆိုခဲ့ပါတယ်။

ဦးခက်ထိန်နန်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်နေ့အထိ ၅ ရက်အကြာ တရုတ်ခရီးစဉ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အတူ လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။

အခုလို တရုတ်ခရီးစဉ်ပြန်လာပြီးနောက် မြစ်ကြီးနားမိုးညှင်း မီးရထားပြေးဆွဲဖို့ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို လိုက်လံစစ်ဆေးခဲ့စဉ်မှာ မြစ်ဆုံစီမံကိန်းဖော်ဆောင်ဖို့ ကစ္စနဲ့ပတ်သက်ပြီး စည်းရုံးရေးပြောဆိုခဲ့တာဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုရလက်ထက်မှာ လူထုကန့ကွက်မှုကြောင့် ရပ်နားထားတဲ့ မြစ်ဆုံစီမံကိန်းကို စစ်တပ် အာဏာသိမ်းပြီးနောက် ၅ နှစ်တာအတွင်းမှာ စီမံကိန်းကိုပြန်လည်အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button