ရွှေကူမြို့နယ်မှာ တိုက်ပွဲအရှိန်အမြင့်ဆုံးဖြစ်နေဟု KIA ပြော
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ရွှေကူမြို့နယ်ဟာ တိုက်ပွဲအရှိန်အမြင့်ဆုံး ဖြစ်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA က ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက ဗန်းမော်ဒေသကို ဦးတည်တဲ့ စစ်ဆင်ရေးတွေ၊ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာရာကနေ လတ်တလောမှာတော့ ရွှေကူမြို့နယ်ဘက်မှာ နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုလည်း မြင့်တက်နေပါတယ်။
KIO/KIA ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လက်ရှိ ကချင်ပြည်နယ်တစ်ဝှမ်း စစ်ရေးအခြေအနေကိုပြောကြားရာမှာ ရွှေကူဒေသဟာ အခြားဒေသတွေထက် ပိုပြီးတိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
“လောလောဆယ်ကတော့ ရွှေကူဘက်မှာပဲရှိပါတယ်။ တိုက်ပွဲအရှိန်မြင့်တာကလည်း ရွှေကူမှာပဲ ဖြစ်ပါတယ်။ တခြားနေရာတွေ မှာတော့ အဲ့လောက်ကြီး အရှိန်မြင့်တာမရှိဘူး။ ရွှေကူဘက်မှာကတော့ နေ့တိုင်းတိုက်ပွဲတွေဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရွှေကူမြို့နယ်ဟာ ကချင်ပြည်နယ်တောင်ပိုင်းမှာ တည်ရှိပြီး မဘိမ်း–ငအိုး–ရွှေကူ လမ်းကြောင်းကနေ ဗန်းမော်ဒေသနဲ့ ဆက်သွယ် နိုင်သလို မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးနဲ့လည်း ဆက်စပ်နေတဲ့ အရေးပါတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
အထူးသဖြင့် ငအိုး–ရွှေကူ လမ်းပိုင်းနဲ့ ရွှေကူမြို့အထွက် အထက် ၄ လမ်းဆုံဟာ စစ်ရေးအရ အရေးပါတဲ့ နေရာတွေဖြစ်ပြီး အဲဒီနေရာတွေကို ထိန်းချုပ်နိုင်ရေးအတွက် နှစ်ဖက်တပ်တွေ အပြင်းအထန်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။
ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ စစ်ကောင်စီဘက်က မဘိမ်း၊ ငအိုးဘက်ကနေ ရွှေကူဘက်ကို စစ်ကြောင်းတွေ ဆက်လက်ရွေ့လျားနိုင်ဖို့ ကြိုးစားနေသလို KIA ပူးပေါင်းတပ်တွေဘက်ကလည်း အဲဒီရွေ့လျားမှုတွေကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

ရွှေကူမြို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လက်ရှိ တိုက်ပွဲတွေဟာ နေရာအသစ်တွေမှာ ဖြစ်ပွားနေတာမဟုတ်ဘဲ ယခင်တိုက်ပွဲ ဖြစ်ခဲ့တဲ့ နေရာတွေမှာပဲ အဆက်မပြတ် ပြန်လည်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
“တိုက်ပွဲကတော့ အရင်ရက်တွေမှာ ဖြစ်ခဲ့တဲ့နေရာတွေမှာပဲ နားလိုက်ဖြစ်လိုက် ဖြစ်နေပါတယ်။ ဂျက်ဖိုက်တာလည်း ကြဲတယ် ဗျ။ နေ့ရော ညရော အဲ့လိုမျိုးပေါ့။ ရံဖန်ရံခါ အဲ့လို လူအိပ်ကောင်းတဲ့အချိန်တွေမှာ ညဦးပိုင်းတွေ၊ သန်းခေါင်ကျော်တွေမှာ လာလာကြဲတာတော့ ရှိတယ်ဗျ”လို့ ပြောပါတယ်။
လက်ရှိ ရွှေကူမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကိုလည်း မကြာခဏတွေ့မြင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာတွေနဲ့ နီးစပ်တဲ့ ကျေးရွာတွေက ဒေသခံတွေဟာ စစ်ရှောင်ဘဝနဲ့ နေထိုင်နေရသလို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုလည်း နေ့စဉ်ရင်ဆိုင်နေကြရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ရွှေကူမြို့တွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ထိခိုက် သေဆုံးမှုတွေရှိခဲ့ပြီး မြို့ခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။
KIA ကတော့ ဇွန်လ ၈ ရက်နေ့ကတည်းက ရွှေကူမြို့နယ်အတွင်း စစ်ရေးအခြေအနေ ပိုမိုပြင်းထန်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပြီး ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ဖို့နဲ့ သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကို ရှောင်ရှားသွားလာ ကြဖို့ တိုက်တွန်းထားပါတယ်။
စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ရွှေကူမြို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီဘက်က စစ်ကြောင်းတွေ ရှေ့ဆက်တိုးနိုင်ဖို့ ကြိုးစားနေပေမယ့် လက်ရှိအချိန်ထိ နှစ်ဖက်အကြား အပြန်အလှန်ထိန်းချုပ်ထားတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်လို့ ပြောပါတယ်။
“အခုကတော့ သူတို့ကတော့ စစ်ကြောင်းကို ဆက်သွားဖို့အတွက် စစ်တပ်က ကြိုးစားနေတာပေါ့။ ဒါပေမဲ့ အခုက နှစ်ဖက်က အပြန်အလှန် တင်းမာနေတာပါ။ ဘယ်ဘက်ကမှ သူတို့နယ်မြေကို ရှေ့ရောက်တဲ့အထိတော့ မရှိသေးဘူး။ ရှေ့ကို ဆက်ပြီးတော့ မတိုးနိုင်သေးဘူးပေါ့နော်။ ကျနော်တို့ တော်လှန်ရေးတပ်တွေက အခုထိ ဟန့်တားထားနိုင်သေးတယ်၊ တိုက်ခိုက်နေတယ်ပေါ့ လက်ရှိက” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ရေးလေ့လာသူတချို့ကတော့ လက်ရှိ ရွှေကူမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ဒေသတစ်ခုတည်းရဲ့ တိုက်ပွဲ မဟုတ်ဘဲ ဗန်းမော်ဒေသနဲ့ ကချင်ပြည်နယ်အတွင်းရှိ အဓိက ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ရေးနဲ့ ဆက်စပ် နေတဲ့ တိုက်ပွဲတွေအဖြစ် ရှုမြင်နေကြပါတယ်။
ဒါကြောင့်လည်း ကချင်ပြည်နယ်အတွင်း အခြားဒေသတွေမှာ တိုက်ပွဲအရှိန် လျော့နည်းနေချိန်မှာ ရွှေကူမြို့နယ်မှာတော့ နေ့စဉ် နီးပါး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်။
လက်ရှိအချိန်အထိ နှစ်ဖက်တပ်တွေကြား စစ်ရေးတင်းမာမှုတွေ လျော့ကျသွားတဲ့ လက္ခဏာမတွေ့ရသေးဘဲ ရွှေကူဒေသဟာ ကချင်ပြည်နယ်တစ်ဝှမ်းမှာ တိုက်ပွဲအပြင်းထန်ဆုံး ဒေသတစ်ခုအဖြစ်ဆက်ရှိနေဆဲဖြစ်ပါတယ်။
By – အမိုး




