တပ်စခန်းတိုးချဲ့

  • Jan- 2024 -
    23 January
    သတင်း

    ဝူယာန်မှာ ရွှေမင်းပြည်သူ့စစ်အဖွဲ့က တပ်စခန်းတစ်ခုထပ်မံတိုးချဲ့ဆောက်လုပ်နေ

    ဝိုင်းမော်မြို့နယ် ဝူယာန် ကျေးရွာမှာ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့တွေက တပ်စခန်းမြေနေရာကို ထပ်မံတိုးချဲ့ ထားပြီး အခိုင်အမာကုတ်ယူထားတဲ့ တပ်စခန်းအသစ်တစ်ခု ပြန်လည်ဆောက်လုပ်နေတယ်လို့ ဝူယာန်ဒေသခံတွေက ပြောပါတယ်။ အဲဒီတပ်စခန်းကို လက်ရှိအထိုင်ချထားတဲ့စခန်းရဲ့ ကားလမ်းမကြီးတစ်ဖက်ကမ်း မျက်နှာချင်းဆိုင်တောင့်မှာ မြေနေရာပြန်လည်သတ်မှတ်ယူပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ခြံစည်းရိုးနဲ့ ကတုတ်ကျင်းတူးဖော်တာတွေ၊ တပ်စခန်းတွေပါ စတင်ဆောက်လုပ်နေပြီလို့  ဝူယာန်ဒေသခံ အမျိုးသားတစ်ယောက် KNG ပြောပါတယ်။ “ဝါးလုံးတွေဆွဲပြီး ခြံစည်းရိုးကာတာတွေ ဆက်လုပ်နေဆဲဖြစ်တယ်။ ကတုတ်ကျင်းက တစ်ဆင့်ပြီး တစ်ဆင့် အထပ်ထပ် လုပ်နေတာတွေ့ရတယ်။ တူးတာကလည်း တော်တော်နက်တယ်။ အခုက စခန်းပါဆောက်ဖို့လုပ်နေကြပြီ။ အခုလို လုပ်လာတာက မကြာသေးဘူး။ နှစ်ကုန်ပိုင်းလောက်မှာပဲ သိသိသာသာ လုပ်လာကြတယ်”လို့ပြောပါတယ်။ အသစ်ထပ်မံတိုးချဲ့လိုက်တဲ့ နေရာဟာ ဝူယာန်ဒေသခံပြည်သူတွေရဲ့ မနက်စျေးမြေနေရာအဖြစ် သတ်မှတ်ထားတဲ့ မြေနေရာဖြစ်ပြီးတော့ အကျယ်အဝန်းမှာ ဧကထက်ဝက်လောက်ရှိတယ်လို့ သိရပါတယ်။ အခုလို ပြည်သူပိုင် မြေနေရာပေါ်မှာ တပ်စခန်းအသစ်ဆောက်လုပ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေကို တစ်စုံတစ်ရာအသိပေးပြောဆိုတာတွေမရှိသလို ပြည်သူတွေအနေနဲ့လည်း ကန့်ကွက်တိုင်ကြားဖို့ ခက်ခဲနေတယ်လို့ သူကဆိုပါတယ်။ “ပြည်သူတွေက ဘာပြောရမှန်းတောင်မသိတော့ဘူးဖြစ်နေတယ်။ ပြောရင်တောင် တာဝန်ယူဖြေရှင်းပေးမယ့် သူမရှိဘူးဖြစ်နေတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေတောင် တိတ်ဆိတ်နေကြတယ်။ ဒီတိုင်းဆောက်လုပ်နေတာကို ထိုင်ကြည့်နေကြတာပေါ့လေ။ အခုလို တပ်ပြန်ချဲ့လာတာက ဘယ်ပြည်သူမှ ကြိုက်မှာတော့မဟုတ်ဘူး”လို့ပြောပါတယ်။ လီဆူပြည်သူ့စစ်အဖွဲ့တွေက နဂိုမူလရှိတဲ့ ပြည်သူ့စစ်တပ်စခန်းနေရာ အနီးတဝိုက်မှာ တပ်စခန်းအသစ်ပြန်လည် ဆောက်လုပ်လာတာဟာ တပ်အင်အားပြန်လည်ဖြည်းတင်းဖို့နဲ့ လုံခြုံရေးတင်းကြပ်ဖို့ ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေပါတယ်။ ဒါ့အပြင် အခုလို တပ်စခန်းအသစ် ပြန်လည်ဆောက်လုပ်နေတာကြောင့် တပ်စခန်းနဲ့ ဖာလုံလောက်အကွယ်မှာရှိတဲ့ ပြည်သူတွေက ကျေးရွာအတွင်း ပစ်ခတ်မှုတွေဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ဝူယာန်ကျေးရွာအတွင်း ပြည်သူ့စစ်တပ်စခန်းနေရာကို မနက်စျေးအထက် အုပ်ချုပ်ရေးရုံးနဲ့ ကပ်ယက်အနီးမှာ လက်ညှာဘက်ခြမ်းမှာ ဆောက်လုပ်ထားတာဖြစ်ပြီး လက်ရှိ ထပ်မံတိုးချဲ့နေတဲ့ တပ်စခန်းအသစ်ကို ဘယ်ဘက်ခြမ်းမှာ ပြန်လည်ဆောက်လုပ်နေတာလည်းဖြစ်ပါတယ်။ နဂိုမူလရှိတဲ့ တပ်စခန်းကို စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလောက်မှာ ဒေသခံပြည်သူတွေ ကန့်ကွက်နေတဲ့ကြားမှာ ပြည်သူ့စစ်တပ်စခန်းနေရာအဖြစ် သတ်မှတ်ယူလိုက်တာဖြစ်ပြီး အဲဒီ ပြည်သူ့စစ်တပ်စခန်းကို အာဏာသိမ်းပြီး ၃ နှစ်တာအတွင်း KIA က ၅ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်မှုရှိခဲ့ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button