တိုက်ပွဲ

  • Aug- 2024 -
    15 August
    သတင်း

    လမောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်တုံ့ပန်း ၁၂ ဦးဖမ်းမိ၊စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ

    ဖားကန့်မြို့ လမောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၁၂ ဦးကို KIA ပူးပေါင်းတပ် ဖမ်းဆီးရမိထားပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက် မနက် ၃ နာရီဝန်းကျင် လမောင်ဗျူဟာစခန်းနဲ့ တောမှော်စခန်းတို့ကို KIA ပူးပေါင်းတပ် တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ဩဂုတလ ၁၅ ရက်နေ့ မနက် ၉နာရီမှာ လမောင်ဗျူဟာကုန်း သိမ်းပိုက်ရရှိခဲ့ပြီး စစ်တုံ့ပန်း ၁၂ ဦးကိုလည်း KIA ဘက်က ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ အဲဒီနောက် စခန်းလက်လွတ်လိုက်ရတဲ့ စစ်ကောင်စီတပ်က နေ့လည်  ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ Y-12 လေယာဉ်နဲ့ဗုံးကြဲသွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဖမ်းမိထားတာက ၁၂ ယောက်ရှိတယ် ရာထူးတွေတော့မသိရသေးဘူးဗျ မနက်က ဖမ်းမိတာဟုတ်တယ် နေ့လည်ကတော့ လေယာဉ်နဲ့လာပစ်သေးတယ်။ ခုလည်း လေယာဉ်ကမကြာခန လာဝဲနေတုန်း”လို့ ပြောပါတယ်။ ဖားကန့်ဒေသခံတွေရဲ့ပြောဆိုချက်အရ လမောင်ကုန်းစခန်းကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်ကြောင်း သတင်းထွက်လာပြီးနောက် ဖားကန့်ဗျူဟာကုန်းကနေ စစ်ကြောင်းတစ်ကြောင်း အေးမြသာယာဘက် စစ်ကြောင်းထိုးလာတယ်လို့သိရပြီး ဒီစစ်ကြောင်းဟာ လမောင်စခန်းဘက် စစ်ကူသွားဖို့ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်နေကြပါတယ်။ ဩဂုတ်လ ၁၅ ရက် ညနေ ၅ နာရီဝန်းကျင်အထိ လက်နက်ကြီးပစ်ခတ်သံတွေဆက်တိုက်ကြားနေရဆဲဖြစ်ပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF တပ်တို့် တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ လမောင်ဗျူဟာစခန်းကုန်းဟာ ဆယ်စုနှစ်တစ်စုကြာ အခိုင်အမာတည်ရှိတဲ့စခန်းဖြစ်ပြီး တပ်မ ၃၃ လက်အောက် ခမရ ၁၂ တပ်ရင်းအထိုင်ချစခန်းဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီစခန်းကုန်းဟာ ဖားကန့်မြို့နယ်တစ်ခုလုံးကို အပေါ်စီးကနေ လှမ်းမြင်နိုင်ပြီး ဖားကန့်မြို့တွင်း စစ်တပ်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်နဲ့ မြို့တွင်းတပ်အားလုံးကို လက်နက်ပစ်ကူ လုံခြုံရေးယူပေးနေတဲ့ စခန်းဖြစ်သလို စစ်ရေးအရ အချက်ချာကျတဲ့နေရာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ “သုံးပွင့်ဆိုင်ပုံစံမျိုးနေရာယူထားတာ ပြောမယ်ဆိုရင် ဖားကန့်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်၊ လမောင်းကုန်း နေရာ ၃ ခုက ဖိုခနှောင့်လိုဖြစ်နေတာ ခု လမောင်ကုန်းရသွားပြီဆိုတော့ စစ်တပ်အတွက် နောက်ကျောမလုံတော့ဘူး” လို့ ဖားကန့်မြို့ခံတစ်ယောက်က ပြောပါတယ်။ ယနေ့ ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာလည်း သိမ်းဆည်းဖို့ ကျန်ရှိနေသေးတဲ့ တောမှော်တပ်စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့ပြီပြီလို့…

    Read More »
  • 15 August
    သတင်း

    လမောင်(Lamawng) စစ်တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်ကြောင်း KIO အတည်ပြု

    ဖားကန့်မြို့တစ်ခုလုံးနဲ့  စစ်တပ်ဗျူဟာကုန်းကို လုံခြုံရေးယူပေးနေတဲ့ လမောင်စစ်တပ်ကုန်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF ပူးပေါင်းတပ်တို့ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIO ပြောပါတယ်။ လမောင်စစ်တပ်ကုန်းကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာအပြီးသတ် သိမ်းပိုက်ခဲ့တယ်လို့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ဖားကန့်မှာ မနေ့ကနေ တိုက်တဲ့ လမောင်တပ်စခန်းကို ဒီကနေ့မနက် ၉ နာရီလောက်မှာ သိမ်းလိုက်နိုင်ပြီ။ တောမှော်က မသိမ်းသေးဘူးထင်တယ် ဘာမှမပြောလာသေးဘူး”လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်တဲ့ လမောင်စစ်တပ်ကုန်းဟာ လုံးခင်းအုပ်စုထဲမှာရှိပြီး ဖားကန့်မြို့နဲ့ ၅ မိုင်လောက်အကွာမှာရှိတာဖြစ်ပါတယ်။ ဖားကန့်မြို့နယ်အတွင်း အမြင့်ဆုံးတောင်ကုန်းမှာရှိတဲ့ အဲဒီတပ်စခန်းကြီးမှာ စစ်အင်အားရာနဲ့ချီတပ်စွဲထားတဲ့အပြင် လက်နက်ကြီးအထိုင်ချထားပြီး ဖားကန့်မြို့ တစ်ခုလုံးနဲ့ စစ်တပ်ရဲ့အရေးပါတဲ့ ဖားကန့် ဗျူဟာကုန်း၊ ယမ်းချက်တပ်စခန်း၊ တောမှော်၊ ကံစီး စတဲ့ တပ်စခန်းနေရာတွေကို အဓိကလုံခြုံရေးနေရာယူထားပေးပြီး လက်နက်ကြီးလှမ်းထောက်ပေးနေတဲ့ တပ်စခန်းအကြီးဖြစ်ပါတယ်။ ဖားကန့် စစ်ဗျူဟာကုန်းကို တိုက်ခိုက်လို့မရအောင် လမောင်စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာတွေ ပုံမှန်လုပ်ဆောင်ပေးနေတာလည်းဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် လက်ရှိ စစ်တပ်က လမောင်စစ်တပ်ကုန်းကို လက်လွတ်လိုက်ရတဲ့နောက်ပိုင်း အရေးပါတဲ့ စစ်တပ်နေရာတွေ လုံခြုံရေးကင်းမဲ့သွားမှာဖြစ်တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ “ဖားကန့်မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်မယ့် အနေအထားတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဗျူဟာအရတော့ အရေးပါတဲ့ စစ်တပ်ကုန်းဖြစ်တယ်။ ကျန်တဲ့ စစ်တပ်စခန်းနေရာတွေကို တော်လှန်ရေးအင်အားစုတွေ သွားတိုက်ရင် နောက်ကျောမလုံးဘူးပေါ့လေ။ လက်နက်ကြီးနဲ့လှမ်းထောက်ရင် အခုလိုမျိုးလမောင်ကျသွားရင်တော့ အားတစ်ခုတော့ဖြစ်သွားတာပေါ့”လို့ပြောပါတယ်။ လမောင်စစ်တပ်ကုန်း သိမ်းပိုက်မှုမှာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ခန့်ကိုလည်း KIA ဘက်က ဖမ်းဆီးရမိထားတယ်လို့သိရပေမယ့် တိုက်ပွဲအတွင်းထိခိုက်သေဆုံးမှု အသေးစိတ်ကို သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်လောက်ကနေ လမောင်စစ်တပ်ကုန်းနဲ့ တောမှော် တပ်စခန်း ၂ နေရာကိုတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ လမောင်စစ်တပ်ကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိနေတဲ့ တောမှော်တပ်စခန်းကိုလည်း ပြန်လည်သိမ်းပိုက်ဖို့ KIA ဘက်က တိုက်ပွဲဆက်လက်ဖော်ဆောင်နေသေး KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။ တောမှော်တပ်စခန်းကိုလည်း ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့မှာ ထပ်မံသိမ်းပိုက်သွားနိုင်တယ်လို့လည်း သတင်းအရင်းအမြစ်တွေကပြောပါတယ်။ ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကနေ ဧပြီလလောက်အထိ KIA တပ်တွေ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်း ၆ ခုလောက်ကို သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲငြိမ်သက်သွားတာ ၄ လလောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့မှာတော့ ဒုတိယအကြိမ် တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်ပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 14 August
    တိုက်ပွဲ

    တိုက်ပွဲပြင်းထန်နေတဲ့ လမောင်စစ်တပ်ဗျူဟာကုန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာ စစ်တပ် လေယာဉ်နဲ့ဗုံးကြဲ

    ဖားကန့်မြို့နယ်အတွင်း KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ဗျူဟာတပ်စခန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာကို စစ်တပ်က လေကြောင်းနဲ့ ၂ ကြိမ်တိတိလာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဖားကန့်မြို့ကနေ ၅ မိုင်ဝန်းကျင်မှာရှိတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းနဲ့ ဖားကန့်မြို့ကနေ ၁၀ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ တောမှော်တပ်စခန်းကို KIA ပူးပေါင်းတပ် ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထိုးစစ်တိုက်ခိုက်နေပြီး မနက် ၁၀ နာရီ ၃၆ မိနစ်ဝန်းကျင်မှာတော့ စစ်တပ်ရဲ့ Y-12 လေယာဉ်နဲ့ ၂ ကြိမ်တိတိ လာရောက်ဗုံးကြဲသွားတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ “တောမှော်မှာတစ်လုံး လမောင်ကုန်းမှာတစ်လုံးကြဲသွားတယ် ၁၀ နာရီ ၃၆ မိန်စ်ဝန်းကျင်မှာ ထိခိုက်တာတွေတော့ မကြားရသေးဘူး။ ခုထိလည်း လေယာဉ်ကဝဲနေတုန်းဘဲ ” လို့ ပြောပါတယ်။ လက်ရှိချိန်ထိ အဲဒီတပ်စခန်း ၂ နေရာစလုံးမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်မှုရှိမရှိ အသေးစိတ်သိရဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဒီနေ့မနက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းဟာ စစ်ရေးအရ မဟာဗျူဟာကျတဲ့ စခန်းဖြစ်ပြီး တောမှော်တပ်စခန်းက နှစ်ဖက်စလုံးရဲ့ ကာကင်းစခန်းချထားတဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။ “ဖားကန့်မှာက မြို့ထဲက ဗျူဟာကုန်း၊ လုံးခင်းက ယမ်းချက်နဲ့ ခုတိုက်နေတဲ့ လမောင်ကုန်းတွေက ဖိုခနှောင့်လို လုပ်ထားတာဟုတ်တယ် ယမ်းချက်နဲ့မြို့ထဲ ဗျူဟာကုန်းကို အဓိကလက်နက်ထောက်ကူပစ်ပေးနေတဲ့နေရာ လမောင်ကုန်းဘဲ ဖားကန့်မြို့ အမြင့်ဆုံးတောင်မှာ လက်နက်ကြီးအထိုင်ချထားတာ။ ဒီတိုက်ပွဲနေရာ လေကြောင်းပစ်ကူတဲ့အထိ ဖြစ်နေပြီဆိုတော့ အခြေနေတော့ တော်တော်လေးကောင်းနေပြီလို့ ယူဆရတယ်”လို့ ပြောပါတယ်။ လက်ရှိ တိုက်ပွဲဇုန်အနီးမှာရှိတဲ့ ပြည်သူတွေဟာ ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထွက်ပြေးတိမ်းရှောင်နေကြရပြီလို့လည်း သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ဟာ မြစ်ကြီးနားကနေ မိုင်အားဖြင့် ၉၀ ဝန်းကျင်ဝေးတဲ့နေရာမှာရှိပြီး ရွှေ့ပြောင်းလာရောက်နေထိုင်သူတွေများလွန်းတာကြောင့် ခေတ်အဆက်ဆက် အစိုးရသက်တမ်းတစ်လျှောက် လူဦးရေစာရင်း တိတိပပ ကောက်ယူနိုင်ခြင်းမရှိတဲ့ နေရာဖြစ်ပါတယ်။ ဒါ့အပြင် အာဏသိမ်းပြီးနောက်ပိုင်း နှစ်ဖက်လက်နက်ကိုင်တပ်တွေ မကြာခနထိတွေ့တိုက်ပွဲဖြစ်ပွားနေရာကနေ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းက စတင်ပြီး ဖားကန့်မြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ မြစ်ကြီးနား–ဖားကန့်လမ်းပေါ်က နန့်ယား၊  နန့်တိန်း၊ အင်းတော်ကြီး–ဖားကန့် လမ်းပေါ်က ဝှေခါ၊ တာမခန်၊ ကသိုဏ်းတောင်၊ ဆယ်ဇင်းစတဲ့ တပ်စခန်းတွေကို သိမ်းယူထားနိုင်ပြီဖြစ်ပါတယ်။ By – Zami

    Read More »
  • 14 August
    သတင်း

    ဖားကန့်  လမောင်တပ်စခန်းကုန်းကို  KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့ အမြင့်ဆုံးတောင်မှာတပ်စွဲထားတဲ့ လမောင်ကုန်း ဗျူဟာမြောက်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက် ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “မနက် ၃ နာရီလောက်ကနေစပြီး လမောင်ကုန်း အထိုင်စခန်းကို KIA  ပူးပေါင်းအဖွဲ့ စတိုက်နေပြီ လမောင်ကုန်းစခန်းက ဖားကန့်မှာ အမြင့်ဆုံးတောင်ပေါ်တပ်စွဲထားတာလည်း ဟုတ်တယ် အင်အားနှစ်ရာဝန်းကျင်လောက်ရှိတယ်”လို့ ပြောပါတယ်။ KIA နဲ့ KPDF ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းဟာ လုံးခင်းအုပ်စုထဲပါရှိပြီး မြေပုံအုပ်စုခွဲတမ်းအရ လုံးခင်းအုပ်စု၊ ဖားကန့်အုပ်စု၊ ဆိပ်မူအုပ်စု ဆက်စပ်နေတဲ့နေရာမှာရှိသလို ဖားကန့်နဲ့ လုံးခင်းကို လှမ်းမြင်နေရတဲ့ အမြင့်ဆုံးတောင်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင်  စစ်အင်အား ၂၀၀ ထက်မနည်းတပ်စွဲထားတဲ့ ဆယ်စုနှစ်တစ်စုကြာ ဗျူဟာမြောက်စခန်းဖြစ်ပြီး ဖားကန့်မြို့ထဲက ဗျူဟာကုန်းနဲ့ လုံးခင်းယမ်းချက်ကို လက်နက်ပစ်ကူလှမ်းထောက်ထားတဲ့ အဓိကစခန်းကြီးတစ်ခုဖြစ်သလို စစ်ရေးအရအရေးပါဆုံးတပ်စခန်းကြီးဖြစ်တယ်လို့  ဖားကန့်ပြည်သူတွေကပြောပါတယ်။ “အဲ့လမောင်ကုန်းက ဖားကန့်တဝိုက်အမြင့်ဆုံးတောင်ပဲ၊ စခန်းထဲအဝင်လမ်းလည်း တစ်ခုပဲရှိတာဟုတ်တယ် ဖားကန့်မြို့ထဲကဗျူဟာကုန်းနဲ့ လုံးခင်းယမ်းချက်ကို လက်နက်ပစ်ကူလှမ်းထောက်ထားတဲ့ အဓိကစခန်းကြီးတစ်ခုပဲ။လမောင်ကုန်းသာရရင် ဖားကန့်ဗျူဟာနဲ့ လုံးခင်းယမ်းချက်က အကူမဲ့သွားပြီ”လို့ ပြောပါတယ်။ ဖားကန့်မြို့နဲ့ ၅ မိုင်ဝန်းကျင်သာဝေးတဲ့ လမောင်ကုန်းတပ်စခန်းကြီးဟာ ဖားကန့်မြို့တစ်မြို့နယ်လုံးကို အပေါ်စီးကနေ ထိန်းချုပ်ထားတဲ့တပ်စခန်းဖြစ်ပြီး KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိိုက်နိုင်ပါက ဖားကန့်မြို့တစ်ခုလုံးကျသွားနိုင်ပြီလို့်လည်း ဖားကန့်ပြည်သူတွေက သုံးသပ်နေကြပါတယ်။ လက်ရှိချိန်ထိ နှစ်ဖက်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအခြေနေ အသေးစိတ်သိရဖို့ ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။ လတ်တလောက် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတာဖြစ်ပြီး ဖားကန့်ပြည်သူတွေဟာ IP STAR တပ်ဆင်ထားတဲ့ ဆိုင်တွေမှာ တစ်နာရီ ကျပ် ၃ သောင်းပေးပြီး ဖုန်းအင်တာနက်သုံးနေကြတာလည်း ဖြစ်ပါတယ်။ တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူကို KNG က ဖုန်းနဲ့ဆက်သွယ်နေပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။ By – Zami

    Read More »
  • 12 August
    အင်တာဗျူး

    တိုက်ပွဲဒေသဖြစ်နေတဲ့ ဗန်းမော်မြို့အခြေအနေ ဆက်သွယ်မေးမြန်းချက်

    ဒါကြောင့် တိုက်ပွဲဇုန်နဲ့အနီးဆုံးမှာရှိနေတဲ့ ဗန်းမော်မြို့အခြေနေကို ဗန်းမော်ကနေ တစ်ခြားနေရာကို ဒီမနက်ရောက်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။

    Read More »
  • 9 August
    သတင်း

    မိုးမောက်တိုက်ပွဲပြင်းထန်နေသေးတဲ့အတွက် KIO ထိန်းချုပ်နယ်မြေထဲမှာရှိနေတဲ့ ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေရ

    ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် KIO ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ကချင်ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေကြရတယ်လို့ပြောပါတယ်။ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းမှာ စစ်တပ်နဲ့ KIA တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း…

    Read More »
  • 7 August
    သတင်း

    ဝိုင်းမော် ခလရ ၅၈ တပ်ရင်း KIA သိမ်းလိုက်ပြီလို့ သတင်းအမှားသာဖြစ်တယ်လို့ KIO ပြော

    ဝိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်ပေါ်နေတာဟာ သတင်းအမှားသာဖြစ်တယ်လို့ KIO ပြောပါတယ်။ “မကြားဘူးဆိုတာထက် တိုက်ပွဲဖြစ်တာတွေလည်းမရှိပါဘူး။ ဝိုင်းမော်သိမ်းတာလည်းမကြားဘူး။ တိုက်ပွဲလည်းမရှိတာပါ”လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ဝိုင်းမော် ၅၈ သိမ်းလိုက်ပြီလို့ သတင်းဟာ ဩဂုတ်လ ၆ ရက် မနေ့ည ၇ လောက်ကနေ သတင်းတွေထွက်ပေါ်နေသလို လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း ကျယ်ကျယ် ပြန့်ပြန့်ရေးသားဖော်ပြနေတာဖြစ်ပါတယ်။ အခုလို ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းကို KIA သိမ်းလိုက်ပြီလို့ သတင်းနဲ့ ပတ်သက်ပြီး ဝိုင်းမော်မြို့ထဲမှာရှိနေတဲ့ ဒေသခံတစ်ချို့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ၅၈ တပ်ရင်းရှိတဲ့ အနီးတဝိုက်မှာ ဘာထူးခြားမှုမှ မရှိသလို တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူးလို့ ပြောဆိုပါတယ်။ ကချင်ပြည်နယ်မှာ ဖုန်းအင်တာနက်တွေ ဖြတ်တောက်ထားတာကြောင့် ဒေသအတွင်းဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေကို သိရှိဖို့ ခက်ခဲနေတဲ့အချိန် သတင်းအမှားတွေ ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ ဖုန်း၊ အင်တာနက်လိုင်းတွေ မပြတ်ခင်အထိ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာမှုရှိနေတာဖြစ်ပါတယ်။ ဝူယန်ပြည်သူ့စစ်တပ်စခန်းရှိတဲ့ အထက်ပိုင်းအားလုံးကို KIA တပ်တွေ ထိန်းချုပ်ထားပြီးတော့ ဝူယန်ကျေးရွာကနေ ဝိုင်းမော်မြို့အထိ စစ်တပ်က လုံးခြုံရေးရယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ကလည်း ဝိုင်းမော် ၅၈ တပ်ရင်းကို လက်လွတ်လိုက်မှာ စိုးရိမ်တဲ့အတွက် ၅၈ တပ်ရင်းနဲ့ နီးကပ်တဲ့ ကျေးရွာရပ်ကွက်တွေမှာ ကတုတ်ကျင်းတွေတူးဖော်ပြီး စစ်အင်အားအလုံးအရင်းနဲ့ လုံခြုံရေးရယူထားသလို ဝူယန်ကျေးရွာတွေမှာလည်း လမ်းတွေဖြတ်တောက်ထားပြီး စစ်တပ်ဂိတ်နေရာတွေ တိုးချဲ့ထားကာ စစ်ဆေးရေးတွေတင်ကြပ်နေတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေ ဆီကနေ သိရပါတယ်။ အခုလို ဝိုင်းမော်မြို့နဲ့ အနီးဆုံးနေရာမှာ စစ်တပ်နဲ့ KIA တပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်နေတဲ့အခြေအနေမှာ ခလရ ၅၈ တပ်ရင်းကို KIA သိမ်းလိုက်ပြီလို့ သတင်းထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ လက်ရှိ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်နေတာ ၂ ပတ်ကျော်ရှိလာပြီး ပြည်သူတွေ စစ်ရေးသတင်းသိရှိဖို့နဲ့ သတင်းအချက်လက်သိရှိဖို့ ခက်ခဲနေချိန် သတင်းအမှားတွေ ဆက်တိုက်ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 2 August
    သတင်း

    မြစ်ကြီးနားမြို့နယ်ထဲက တယန်ဇွပ်(Tayang Zup) စစ်တပ်စခန်း ၃ နေရာခုကို KIA သိမ်းပိုက်

    မြစ်ကြီးနားမြို့နယ် – ဆွမ်ပရာဘွမ့်သွားလမ်းပေါ် တယန်ဇွပ်စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  ဒီနေ့ ဩဂုတ်လ ၂ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ တယန်ဇွပ်မှာ စစ်ကောင်စီတပ်က တပ်စခန်း ၃ နေရာခွဲပြီး တပ်ချထားတဲ့အတွက် တပ်စခန်း ၃ နေရာစလုံးကို အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “တယန်ဇွပ်က ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်တာဖြစ်တယ်။ သူတို့တပ်ခွဲပြီး နေကြတဲ့ စခန်း ၃ ခုစလုံးကို သိမ်းလိုက်တာဖြစ်တယ်”လို့ပြောပါတယ်။ KIA တပ်တွေ ဒီနေ့ မနက်ပိုင်း ၈ နာရီခန့်လောက်မှာ တပ်စခန်းတဝက်လောက်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး  ၉ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ KIA သိမ်းပိုက်လိုက်တဲ့ တယန်ဇွပ်စစ်တပ်စခန်းဟာ မြစ်ကြီးနားမြို့နယ်ထဲကနေ ဆွမ်ပရာဘွမ့်ကို တက်သွားတဲ့လမ်းတစ်ကြောကို အဓိကလုံခြုံရေးရယူထားတဲ့ တပ်စခန်းတစ်ခုဖြစ့်တဲ့အတွက် စစ်ရေးအရ အရေးပါတဲ့ နေရာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ့်ကို တက်သွားတဲ့ လမ်းကို လုံခြုံရေးယူပေးတဲ့ နေရာဖြစ်တယ်။ တယန်ဇွပ်ကနေ ရေကြောင်းနဲ့ စစ်လှေသွားတဲ့ သူတွေကို တားမြစ်ပြီး စစ်ဆေးရေးအရမ်းတင်းကြပ်တဲ့နေရာဖြစ်တယ်။ ပြီးရင် တယန်ဇွပ်ကနေ စက်လှေ တက်သွားရင် KIA တပ်မဟာ (၁) နေရာကို တက်သွားတာလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် အရေးပါတဲ့ နေရာဖြစ်တယ်”လို့ပြောပါတယ်။ လက်ရှိ KIA တပ်တွေက တယန်ဇွပ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် အထက်ဘက် ၁၀ မိုင်လောက်အကွာမှာရှိတဲ့ အင်ဆော့ပ် (Nsawp Zup) တပ်စခန်းနေရာကိုလည်း ထပ်မံတိုက်ခိုက်နေတယ်လို့သိရပါတယ်။ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းပေါ်မှာဖြစ်ပွားတဲ့ တိုက်ပွဲဟာ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ ဆွမ်ပရာဘွမ့်မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက်ပိုင်း ၃ လလောက် တိုက်ပွဲငြိမ်သက်သွားတာဖြစ်ပါတယ်။  KIA တပ်တွေက ဆွမ်ပရာဘွမ့်မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၃ လအတွင်းမှာ ဆွမ်ပရာဘွမ့်မြို့အပါ မလိယန်နဲ့ ဒိန်ဝါရွမ်စတဲ့ တပ်စခန်းတစ်ချို့ကိုလည်း သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဩဂုတ်လ ၁ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့နယ်ခြမ်းဘက်မှာ ကျန်ရှိနေသေးတဲ့ တယန်ဇွပ်၊ အင်ဆောပ့် စတဲ့ စစ်တပ်စခန်းနေရာတွေမှာ တိုက်ပွဲဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 1 August
    သတင်း

    မြစ်ကြီးနားမြို့အနီး တယန်ဇွပ်နဲ့ အင်ဆောပ့် စစ်တပ်စခန်း ၂ နေရာကို KIA တိုက်ခိုက်နေ

    မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်မပေါ်ရှိတဲ့ တယန်ဇွပ်(Tayang Zup) နဲ့ အင်ဆောပ့်(Nsawp) ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့ ဩဂုတ်လ ၁ ရက်နေ့ မနက် ၇ နာရီလောက်ကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အဲဒီတပ်စခန်း ၂ နေရာမှာ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်အထိ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “တယန်ဇွပ်တပ်စခန်းကို ဒီမနက်ကနေ သွားရောက်တိုက်ခိုက်နေတယ်ဖြစ်တယ်။ အခုချိန်အထိ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေသေးတာဖြစ်ပါတယ်။ စခန်းသိမ်းပိုက်နိုင်တာကမရှိသေးဘူး”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ နေရာဟာ မြစ်ကြီးနားမြို့နယ်ထဲမှာဖြစ်ပြီး အင်ဆောပ့်နဲ့ တယန်ဇွပ်က ၁၀ မိုင်အကွာမှာရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။ KIA တပ်တွေက စစ်တပ်စခန်းအကြီးရှိတဲ့ တယန်ဇွပ်တပ်စခန်းကိုသာ အဓိကတိုက်ခိုက်နေတာဖြစ်ပြီး အင်ဆောပ့်မှာက ပစ်ခတ်မှုအနည်းငယ်သာရှိနေတယ်လို့သိရပါတယ်။ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပေါ်မှာ ပြီးခဲ့တဲ့ မတ်လအတွင်း KIA တပ်တွေ ဆွမ်ပရာဘွမ့်မြို့ပေါ်တိုက်ပွဲ စတင်ဖော်ဆောင်လိုက်ချိန်မှာ ဆွမ်ပရာဘွမ့်မြို့နဲ့ ၅ မိုင်လောက်အကွာမှာတပ်ချထားတဲ့ မလိယန်နဲ့ ဒိန်ဝါရွမ် စစ်တပ်စခန်းတွေကို ပထမဆုံးအကြိမ် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂ လကျော်အကြာ ဆွမ်ပရာဘွမ့်မြို့တွင်းတိုက်ပွဲပြင်းထန်ခဲ့ပြီး မေလ ၅ ရက်နေ့မှာ ဆွမ်ပရာဘွမ့်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ တိုက်ပွဲငြိမ်သက်သွားတဲ့ ၂ လလောက်အကြာမှာ KIA က မြစ်ကြီးနားမြို့နယ်ဘက်ခြမ်းမှာ ကျန်ရှိနေသေးတဲ့ တယန်ဇွပ်နဲ့ အင်ဆောပ့် စစ်တပ်စခန်းကို ထပ်မံသိမ်းပိုက်ဖို့ တိုက်ပွဲဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းတစ်ကြော စစ်ရေးအရ တယန်ဇွပ်ကနေ ဆွမ်ပရာဘွမ့်မြို့အထိ KIA တပ်တွေ ထိန်းချုပ်ထားပြီးတော့ တယန်ဇွပ်ကနေ မြစ်ကြီးနားမြို့နယ် တန်ဖရဲ ကျေးရွာအထိ စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် KIA တပ်တွေက မြစ်ကြီးနားမြို့နယ်ထဲမှာ ရှိနေသေးတဲ့ စစ်တပ်စခန်းတွေကို ထပ်မံသိမ်းပိုက်ဖို့ တိုက်ပွဲဖော်ဆောင်လိုက်သလို စစ်မျက်နှာပြင်က မြစ်ကြီးနားမြို့နယ်ဘက်ကို ဦးတည်လာနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် KIA က မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းတစ်ကြောလုံးကို ထိန်းချုပ်လိုက်ဖို့ ကြိုးစားလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ အလားတူစွာဘဲ စစ်ကောင်စီတပ်ဘက်က ကချင်ပြည်နယ်တစ်ပြည်နယ်လုံး အင်တာနက်ပြတ်တောက်နေချိန် မြစ်ကြီးနားမြို့ပြင် တယန်ဇွပ်ရွာသွားတဲ့လမ်းမပေါ်ရှိတဲ့ ၁၀ မိုင်ကျေးရွာနဲ့ ဂျော်ဘွမ်ဆုတောင်းတောင် အနီးတစ်ဝိုက်မှာ တပ်စွဲနေရာယူထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်ရေးရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။ လက်ရှိ ကချင်ပြည်နယ်ဟာ ဇူလိုင်လ၂၁ ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းပြတ်တောက်နေချိန် မိုးမောက် ခမရ ၄၃၇ တပ်စခန်းကြီးနဲ့ ၊ဗန်းမော်မြို့အနီးတစ်ဝိုက်တိုက်ပွဲပြင်းထန်နေသလို ဩဂုတ်လ ၁ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့နယ်အထက်ပိုင်းမှာလည်း တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 1 August
    တိုက်ပွဲ

    မိုးမိတ်မြို့ကို TNLA နဲ့ပူးပေါင်းအဖွဲ့အလုံးစုံသိမ်းပိုက်

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ကို ဇူလိုင်လ ၃၁ ရက်နေ့ မနေ့ကပဲ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေအလုံးစုံသိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ မလွေးယေဦးက KNG ကိုပြောပါတယ်။ မနေ့က ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ မိုးမိတ်မြို့တွင်းနောက်ဆုံးကျန်တဲ့ စကခ ၂၁၊ ခလရ ၃၄၈၊ ခလရ  ၂၇၆  ခလရ ၂၂၃ တို့ကိုသိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။ “မနေ့က မိုးမိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကိုရှင်းလင်းပြီးတော့မှ ဒီစခန်းအားလုံးကိုသိမ်း ပိုက်နိုင်ခဲ့တယ်။ လက်ရှိမှာတော့ မိုးမိတ်မြို့ကိုထိန်းချုပ်နိုင်တဲ့အခြေနေဖြစ်ပါတယ်။” လို့ TNLA ပြန်ကြားရေး တာဝန်ခံ မလွေးယေဦးကပြောပါတယ်။ မိုးမိတ်မြို့နယ်ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ဇွန်လ နောက်ဆုံးအပတ်မှစတင်ကာ တအာင်းတပ် မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က မိုးမိတ်မြို့တွင်းက စစ်ကောင်စီတပ်ဖွဲ့တွေတပ်ပြန်ဆုတ်ခဲ့ကြရပြီး မြို့နဲ့ ၂မိုင် လောက်အကွာမှာရှိတဲ့ ဗျူဟာကုန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ မိုးမိတ်မြို့ရဲ့ အနောက်တောင်ဘက်မှာ မန္တလေးတိုင်း၊ မြောက်ဘက်ခြမ်းမှာတော့ ကချင်ပြည်နယ်၊ အရှေ့တောင်ဘက်မှာတော့ ရှမ်းပြည်မြောက်ပိုင်းမှာတည်ရှိတာဖြစ်ပြီး စစ်ရေးအရအချက်အချာ ကျတဲ့နေရာလို့ စစ်ရေးနဲ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။ “မိုးမိတ်မြို့ကျတော့ တော်တော်လေးအရေးကြီးတဲ့ တည်နေရာမှာပါတာပေါ့နော်။ မိုးမိတ်မြို့ဟာ ကချင်ပြည်နယ် မပခရဲ့ လက်အောက်ခံဖြစ်ပေမဲ့ တိုင်း ၃ ခုပေါ့နော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရယ် ၊ မပခ ရယ်၊ ရမခ ရယ် ၃ခုရဲ့ တည်နေရာလို့တောင်ပြောလို့ရတယ်။ အရေးကြီးတဲ့နေရာလည်းဖြစ်တာမို့ အခြေချစစ်ဗျူဟာ တောင်အခြေချထားတယ်။ တစ်ခြားသူ့လက်အောက်မှာလည်း တပ်ရင်းတွေရှိတယ်။ တောင်ဘက်မှာ ဆို မိုးကုတ်၊ မဘိမ်း၊ ကချင်တောက်လျှောက်ပေါ့၊ နောက်ပြီး မိုးမိတ်နဲ့ မဘိမ်းကြားမှာဆို ရေအားလျှပ်စစ်တွေ ရှိတယ်။ နောက်ပြီးတော့ အရှေ့ဘက်ခြမ်းဆိုမန်တုံပေါ့နော် ဆိုတော့ တော်တော်လေး ဗျူဟာကျတဲ့ နေရာ လို့ သုံးသပ်ပါတယ်။”လို့ အမည်မဖော်လိုတဲ့နိုင်ငံရေးနဲ့စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။ မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို မြို့ကို KIA ဘက်က ထိန်းချုပ်နိုင်ခဲ့ပြီးမှ တပ်ပြန် ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ မိုးမိတ်မြို့ကို တအာင်းတပ်မတော် TNLA၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ MOD PDF ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ ဒုတိယအပိုင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပထမအကြိမ် KIA နဲ့ တိုက်ပွဲကတည်းက ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီက ဒီတစ်ကြိမ်တော့ တော်လှန်ရေး အင်အားစုတွေလက်ထဲ လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။ အခုလိုမိုးမိတ်မြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာတော့ တအာင်းတပ်မတော် TNLA နဲ့ပူးပေါင်းအဖွဲ့တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း မန္တလေးတိုင်းထဲက မိုးကုတ်၊ ရှမ်းပြည်မြောက်ပိုင်းက နောင်ချိုမြို့နဲ့ တတိယမြို့ အဖြစ် မိုးမိတ်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းဟာ တစ်လကျော်ရှိလာပြီ ဖြစ်ပြီး မြို့ကြီး ၃မြို့ကို ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ အရပ်သားသေဆုံးမှုနဲ့ နေအိမ်အဆောက်အဦးပျက်ဆီး ဆုံးရှုံးမှုတွေ များပြားခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ဇွန်လ ၂၅ ရက်နေ့ကနေ ဒီနေ့အထိ ရှမ်းမြောက်တစ်ခွင် စစ်ကောင်စီရဲ့ လက်နက် ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၃၃ ဦးသေဆုံးခဲ့ရပြီး ဘုန်းကျောင်း စာသင်ကျောင်း နဲ့ အရပ်သားနေအိမ် ၁၀၅ လုံး ပျက်စီးခဲ့ရတယ်လို့ TNLA ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
Back to top button