တိုက်ပွဲသတင်း

မိုးမိတ်မြို့ကို TNLA နဲ့ပူးပေါင်းအဖွဲ့အလုံးစုံသိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ကို ဇူလိုင်လ ၃၁ ရက်နေ့ မနေ့ကပဲ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေအလုံးစုံသိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ မလွေးယေဦးက KNG ကိုပြောပါတယ်။

မနေ့က ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ မိုးမိတ်မြို့တွင်းနောက်ဆုံးကျန်တဲ့ စကခ ၂၁၊ ခလရ ၃၄၈၊ ခလရ  ၂၇၆  ခလရ ၂၂၃ တို့ကိုသိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။

မနေ့က မိုးမိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကိုရှင်းလင်းပြီးတော့မှ ဒီစခန်းအားလုံးကိုသိမ်း ပိုက်နိုင်ခဲ့တယ်။ လက်ရှိမှာတော့ မိုးမိတ်မြို့ကိုထိန်းချုပ်နိုင်တဲ့အခြေနေဖြစ်ပါတယ်။ လို့ TNLA ပြန်ကြားရေး တာဝန်ခံ မလွေးယေဦးကပြောပါတယ်။

မိုးမိတ်မြို့နယ်ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ဇွန်လ နောက်ဆုံးအပတ်မှစတင်ကာ တအာင်းတပ် မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က မိုးမိတ်မြို့တွင်းက စစ်ကောင်စီတပ်ဖွဲ့တွေတပ်ပြန်ဆုတ်ခဲ့ကြရပြီး မြို့နဲ့ ၂မိုင် လောက်အကွာမှာရှိတဲ့ ဗျူဟာကုန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

မိုးမိတ်မြို့ရဲ့ အနောက်တောင်ဘက်မှာ မန္တလေးတိုင်း၊ မြောက်ဘက်ခြမ်းမှာတော့ ကချင်ပြည်နယ်၊ အရှေ့တောင်ဘက်မှာတော့ ရှမ်းပြည်မြောက်ပိုင်းမှာတည်ရှိတာဖြစ်ပြီး စစ်ရေးအရအချက်အချာ ကျတဲ့နေရာလို့ စစ်ရေးနဲ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။

မိုးမိတ်မြို့ကျတော့ တော်တော်လေးအရေးကြီးတဲ့ တည်နေရာမှာပါတာပေါ့နော်။ မိုးမိတ်မြို့ဟာ ကချင်ပြည်နယ် မပခရဲ့ လက်အောက်ခံဖြစ်ပေမဲ့ တိုင်း  ခုပေါ့နော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရယ်  မပခ ရယ်၊ ရမခ ရယ် ၃ခုရဲ့ တည်နေရာလို့တောင်ပြောလို့ရတယ်။ အရေးကြီးတဲ့နေရာလည်းဖြစ်တာမို့ အခြေချစစ်ဗျူဟာ တောင်အခြေချထားတယ်။ တစ်ခြားသူ့လက်အောက်မှာလည်း တပ်ရင်းတွေရှိတယ်။ တောင်ဘက်မှာ ဆို မိုးကုတ်၊ မဘိမ်း၊ ကချင်တောက်လျှောက်ပေါ့၊ နောက်ပြီး မိုးမိတ်နဲ့ မဘိမ်းကြားမှာဆို ရေအားလျှပ်စစ်တွေ ရှိတယ်။ နောက်ပြီးတော့ အရှေ့ဘက်ခြမ်းဆိုမန်တုံပေါ့နော် ဆိုတော့ တော်တော်လေး ဗျူဟာကျတဲ့ နေရာ လို့ သုံးသပ်ပါတယ်။လို့ အမည်မဖော်လိုတဲ့နိုင်ငံရေးနဲ့စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။

မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို မြို့ကို KIA ဘက်က ထိန်းချုပ်နိုင်ခဲ့ပြီးမှ တပ်ပြန် ဆုတ်ခဲ့ရတာဖြစ်ပါတယ်။

မိုးမိတ်မြို့ကို တအာင်းတပ်မတော် TNLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ MOD PDF ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ ဒုတိယအပိုင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပထမအကြိမ် KIA နဲ့ တိုက်ပွဲကတည်းက ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီက ဒီတစ်ကြိမ်တော့ တော်လှန်ရေး အင်အားစုတွေလက်ထဲ လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။

အခုလိုမိုးမိတ်မြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာတော့ တအာင်းတပ်မတော် TNLA နဲ့ပူးပေါင်းအဖွဲ့တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း မန္တလေးတိုင်းထဲက မိုးကုတ်၊ ရှမ်းပြည်မြောက်ပိုင်းက နောင်ချိုမြို့နဲ့ တတိယမြို့ အဖြစ် မိုးမိတ်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းဟာ တစ်လကျော်ရှိလာပြီ ဖြစ်ပြီး မြို့ကြီး ၃မြို့ကို ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ အရပ်သားသေဆုံးမှုနဲ့ နေအိမ်အဆောက်အဦးပျက်ဆီး ဆုံးရှုံးမှုတွေ များပြားခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ဇွန်လ ၂၅ ရက်နေ့ကနေ ဒီနေ့အထိ ရှမ်းမြောက်တစ်ခွင် စစ်ကောင်စီရဲ့ လက်နက် ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၃၃ ဦးသေဆုံးခဲ့ရပြီး ဘုန်းကျောင်း စာသင်ကျောင်း နဲ့ အရပ်သားနေအိမ် ၁၀၅ လုံး ပျက်စီးခဲ့ရတယ်လို့ TNLA ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button