တုံကင်စနစ်

  • Jul- 2024 -
    30 July
    သတင်း

    ဖားကန့်မှာ အင်တာနက်သုံးဖို့ တစ်ပတ်စာ တုံကင်ပြည့်နေပြီလို့ဆို

    ဖားကန့်မြို့မှာ အင်တာနက်သုံးဖို့ တုံကင်စနစ်နဲ့တန်းစီနေရပြီး ဒီတစ်ပတ်စာလုံးအတွက် တုံကင်ပြည့်နေပြီလို့ ဖားကန့်မြို့မှာနေထိုင်သူတွေကပြောပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့ကနေ ဩဂုတ်လ  ၆ ရက်နေ့ထိ တစ်ပတ်စာ တုံကင်ပြည့်နေပြီဖြစ်တဲ့အပြင် နောက်ထပ် အင်တာနက်လိုင်းသုံးဖို့ စောင့်နေရတဲ့လူတွေလည်း များစွာရှိနေတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “ဖားကန့် လေယာဉ်လက်မှတ်အရောင်းဆိုင် kpay လွှဲထုတ်ရတဲ့ ဆိုင်က လူတစ်ဦးကို နာရီဝက်အထိပဲ သုံးခွင့်ပြုတာ၊ ဒီနေ့ တုံကင်ယူမယ်ဆို နောက်လ ၆ ရက်နေ့ကိုရမှာ ကြားထဲလူအပြည့်ဖြစ်နေလို့တဲ့”လို့ ပြောပါတယ်။ လက်ရှိ ဖားကန့်မြို့တွင်း  လေယာဉ်လက်မှတ်ရောင်းတဲ့ဆိုင်နဲ့ ငွေလွှဲ၊ငွေထုတ်လုပ်တဲ့ဆိုင် ၂ ဆိုင်မှာအက်တာနက်သုံးလို့ရနေပေမယ့် ဆိုင် ၂ ဆိုင်စလုံး တစ်ပတ်စာ တုံကင်ပြည့်နေတယ်လို့ သူကဆက်ပြောပါတယ်။ ဒါပေမယ့် တုံကင်ယူထားသူတွေ အိမ်ခနတစ်ဖြုတ်ပြန်သွားတာ၊ တုံကင်အလှည့်ရောက်ချိန် ရှိမနေပါက အစားဝင်သုံးလို့ရနေတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “အင်တနက်သုံးဖို့တန်းစီနေတဲ့သူတွေ များတယ် တန်းစီနေတာပဲ လူအုပ်က သွားစောင့်နေပြီး တုံကင်သမားမလာရင်တော့ အဲ့နေရာအစားဝင်သုံးလို့ရတယ်” လို့ပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်သတင်းတွေကို လူမှုကွန်ရက် Facebook ကနေတဆင့် ပြည်သူတွေ သိရှိနေတာဖြစ်တဲ့အတွက် ဖားကန့်ပြည်သူတွေကလည်း သတင်းအချက်လက်ရဖို့ လူမူစီးပွားအတွက် အင်တာနက်သုံးရဖို့ တစ်နေကုန်လာရောက်စောင့်ဆိုင်းနေသူတွေလည်း များစွာရှိနေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး  ဖုန်း၊အင်တာနက်လိုင်းတွေကို ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ပြတ်တောက်နေတာကြောင့် ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို KNG က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။  ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံရမှု ဒုတိယ  အဆိုးဆုံး နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ၂၀၂၃ အောက်တိုဘာလက ထုတ်ပြန်တဲ့ Freedom on the Net ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ အလားတူ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်း လွတ်လပ်စွာ ယူဆနိုင်ခွင့်နှင့်လွတ်လပ်စွာ ဖွင့်ဟပြောဆိုပိုင်ခွင့်ရှိသည်။အဆိုပါအခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နယ်နမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနဲ့သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာပါဝင်ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ဝေငှဖြန့်ချီနိုင်ခွင့်တို့ပါဝင်ပါတယ်။ By – CJ

    Read More »
  • 29 July
    သတင်း

    ဖားကန့်မှာ တုံကင်စနစ်နဲ့ တစ်နာရီမှာ ကျပ် ၂ သောင်းကျပ်ပေးပြီး အင်တာနက်သုံးနေရ

    ကချင်ပြည်နယ် ဖားကန့်မြို့မှာ အင်တာနက်လိုင်းသုံးရဖို့ တုံကင်စနစ်နဲ့တန်းစီနေရပြီး တစ်နာရီ ကျပ် ၂ သောင်းပေးပြီး သုံးနေရတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်သွားတဲ့နောက် ဖားကန့်မြို့နယ် ပြည်သူတွေ IP Star နဲ့ Star link တပ်ဆင်ထားတဲ့ဆိုင်တွေမှာ တုံကင်စနစ်နဲ့တန်းစီနေပြီး တစ်နာရီကို ကျပ် ၂ သောင်းပေးပြီးသုံးနေရတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက KNG ကိုပြောပါတယ်။ “ဆိပ်မူမှာက နာရီဝက် တစ်နာရီ တန်းစီစောင့်ရင်ရတယ် တုံကင်နံပါတ်နဲ့ ဘယ်နေ့ ဘယ်အချိန်ရမယ် မသိဘူး။ နာရီဝက် သုံးမိနစ်နောက်ကျတာနဲ့ တခြားလူ နေရာဝင်ယူပဲ”လို့ပြောပါတယ်။ ပြည်သူတွေဟာ အင်တာနက်လိုင်းသုံးရဖို့ တုံကင်နံပါတ်နဲ့တန်းစီစောင့်နေရပြီး တစ်ခါတစ်လေ အလှည့်ရောက်ဖို့ ၂ရက်ခန့်စောင့်ရတဲ့သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ဖားကန့်မြို့တွင်း အင်တာနက်လိုင်းသုံးရတဲ့ ဆိုင်တွေဟာ လုံးခင်းမှာတစ်ဆိုင်၊ ဆိပ်မှုနဲ့ ငှက်ပျောတောရပ်ကွက်တွေမှာ သုံးလို့ရနေတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက ဆက်ပြောပါတယ်။ ခုလို ဖုန်း၊အင်တာနက်ဖြတ်တောက်ခံထားရတဲ့အတွက် ငွေလွှဲ၊ငွေထုတ်ခက်ခဲသွားပြီး ကုန်သည်များ ကုန်ပစ္စည်းမှာယူဖို့ခက်ခဲနေကြတာကြောင့် ကုန်အဝင်နည်းပြီး ကုန်စျေးနှုန်းတွေလည်း ပိုတက်လာနေတယ်လို့ သိရပါတယ်။ “လုပ်ငန်းလုပ်သူတွေ မန်းလေး ရန်ကုန်ကိုငွေလွှဲပစ္စည်းမှာဖို့မရဘူး၊ ကျောက်သမားတွေ ကျောက်ကယ်ရီ ရောက်မရောက် ဖုန်းဆက်လို့မရဘူး၊ ကျောက်ပွဲစားတွေ အစရှိသဖြင့် ပြည်သူတွေ လုပ်ငန်းတွေ အဆင်မပြေကြတော့ဘူး”လို့ပြောပါတယ်။ ဒါ့အပြင် ကျောက်အရောင်းအဝယ်လုပ်သူတွေ၊အွန်လိုင်းကနေ ပညာလေ့လာနေတဲ့ကျောင်းသားတွေ၊အွန်လိုင်းစျေးသည်များအပါအဝင် ပြည်သူတွေအဖက်ဖက်ကနေ ခက်ခဲနေပြီး သတင်းသိရှိဖို့လည်း ခက်ခဲသွားပြီဖြစ်တယ်လို့ ဖားကန့်ပြည်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ ဖားကန့်မြို့မှာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်ကအာဏာသိမ်းတဲ့နောက် ၇ လအကြာ ဩဂုတ်လကစပြီး  ဖုန်းအင်တာနက် Mobile Data နှင့် Wifi များ၊ ဖုန်းအော်ပရေတာလိုင်းအားလုံးပြတ်တောက်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်ပိုင် Mytel မိုဘိုင်းအင်တာနက်လိုင်း ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့ကနေ ၁၅  ရက်နေ့ထိ ၁၀ ရက်သာဖုန်းလိုင်းဖွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။  အဲဒီနောက် ဖုန်းနဲ့အင်တာနက်လိုင်းတွေဟာ ဖားကန့်မြို့တွင်း၊မြို့ပြင် နေရာတစ်ချို့မှာသုံးလို့ရနေရာကနေ ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ ဖုန်း၊အင်တာနက်လိုင်း အားလုံးထပ်ပြီးပြတ်တောက်သွားပြီဖြစ်ပါတယ်။ ခေတ်မီတိုးတက်လာတာနဲ့အမျှလူတွေဟာ သတင်းအချက်လက်ရဖို့၊ လူမူစီးပွားရေး ကိစ္စအဝဝအတွက် အင်တာနက်လိုင်းကို အသုံးပြုနေကြတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်း လွတ်လပ်စွာ ယူဆနိုင်ခွင့်နှင့်လွတ်လပ်စွာ ဖွင့်ဟပြောဆိုပိုင်ခွင့်ရှိသည်။အဆိုပါအခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နယ်နမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနဲ့သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာပါဝင်ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ဝေငှဖြန့်ချီနိုင်ခွင့်တို့ပါဝင်ပါတယ်။ By – CJ

    Read More »
Back to top button