Starlink စက်ပိတ်ခံရမှုကြောင့် ငွေကြေးဆုံးရှုံးမှု ပိုများလာ

ကချင်ပြည်နယ်အတွင်း Starlink အင်တာနက်စက်တွေ ပိတ်ခံရတာကြောင့် စက်ဝယ်ယူထားသူတွေ ငွေကြေးဆုံးရှုံးမှုပိုများလာနေတယ်လို့ Starlink အသုံးပြုသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်ကစပြီး SpaceX ကုမ္ပဏီက Starlink ရဲ့ သတ်မှတ်စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့ စက်တွေကို ပိတ်ဆို့လိုက်တာကြောင့် ကချင်ပြည်နယ်အတွင်း အသုံးပြုနေတဲ့ Starlink စက်အများအပြားလည်း အင်တာနက်လိုင်း ရုတ်တရက် ပြတ်တောက်သွားတာ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့မှာ စက်ပိတ်ခံလိုက်ရသူတချို့ဟာ စက်ပြန်သုံးနိုင်ဖို့ ဝန်ဆောင်မှုပေးသူတွေဆီ အကြိမ်ကြိမ်အပ်နှံခဲ့ပေမဲ့ ပြန်မရတဲ့အတွက် စက်ဖိုးဆုံးရှုံးသွားတဲ့အခြေအနေ ရှိနေတယ်လို့ အသုံးပြုသူတစ်ဦးက KNG ကို ပြောပါတယ်။

“အခုကျမတို့ရဲ့ Starlink ပိတ်ခံထိတဲ့ ပြဿနာက စက်က ID အောင်ပြီးသားဖြစ်တယ်။ ဒါပေမယ့် Global မှာ Block ဖြစ်နေတယ်။ Brazil အကောင့်ဖြစ်နေတယ်။ အဲဒီအကောင့်ကို လုပ်ပေးမယ်၊ ရတယ်၊ ရတယ်ဆိုတဲ့ Service လက်ခံသူ ၂ ယောက်၊ ၃ ယောက်ဆီ အပ်ပြီးပြီ။ ဒါပေမယ့် မရသေးဘူး။ ဆိုတော့ မျှော်လင့်ချက်တော့ မရှိဘူးလို့ ဆိုတယ်။ ရှုံးသွားတဲ့သဘောလည်း ဖြစ်တယ်။ ကျမတို့လို စက်ရှုံးသွားတဲ့သူတွေလည်း အများကြီးပါပဲ” လို့ သူက ပြောပါတယ်။

စက်ပိတ်ခံရသူတွေဟာ အင်တာနက်ပြန်ရဖို့ စက်အသစ်ဝယ်ဖို့ ကြိုးစားရင်လည်း ဈေးနှုန်းမြင့်တက်နေတဲ့အတွက် မတတ်နိုင်သူတွေရှိသလို၊ စက်အသစ်ဝယ်ပြီးနောက် အင်တာနက်ပြန်ရမယ်ဆိုတဲ့ အာမခံချက်လည်း မရှိတာကြောင့် အခက်အခဲဖြစ်နေကြပါတယ်။

ဒါ့အပြင် လက်ရှိမှာ Starlink စက်ပိတ်ခံရသူတွေကို စက်ပြန်ဖွင့်ပေးနိုင်ကြောင်း ဝန်ဆောင်မှုကြော်ငြာခေါ်ယူသူတွေလည်း အများအပြားရှိနေပြီး စက်ပိတ်ခံရတဲ့ အခြေအနေပေါ်မူတည်ကာ Service ခ ကျပ် ၂ သိန်းကနေ ၃ သိန်း၊ တချို့စက်တွေမှာ ကျပ် ၉ သိန်းကနေ ၁၀ သိန်းအထိ ကုန်ကျနေတယ်လို့ စုံစမ်းသိရပါတယ်။

Starlink စက်ပိတ်ခံရပြီးနောက် စက်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးသူတွေဆီ အပ်နှံကာ စက်ပြန်အလုပ်လုပ်ပြီး အင်တာနက်ပြန်ရသွားသူတွေလည်း ရှိပါတယ်။

မြစ်ကြီးနားမှာ Starlink စက်တွေ ပိတ်ခံရတဲ့နေ့မှာပဲ KPay နဲ့ Wave Pay လို ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုတွေမှာ လွှဲခနဲ့ ငွေထုတ်ခတွေ သိသိသာသာ မြင့်တက်လာပြီး ကျပ်တစ်သိန်းကို ကျပ် ၁,၅၀၀ ကနေ ၁၅,၀၀၀ အထိ ပေးဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့ နေရာတွေမှာ Starlink ကို အဓိကအားထား အသုံးပြုလာကြတာကြောင့် အခုလို စက်တွေ ပိတ်ဆို့ခံရတာဟာ ငွေကြေးလွှဲပြောင်းမှုလုပ်ငန်းတွေအတွက်ပါ အခက်အခဲဖြစ်လာတယ်လို့ သိရပါတယ်။

PSA

ဒါ့အပြင် အွန်လိုင်းကနေ ပညာသင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ အင်တာနက်ကို အားထားပြီး ရုံးလုပ်ငန်းလုပ်ကိုင်နေရသူတွေအတွက်လည်း ဆက်သွယ်ရေးနဲ့ လုပ်ငန်းဆောင်ရွက်ရေး အခက်အခဲတွေ ပိုများလာတယ်လို့ မြစ်ကြီးနားဒေသခံ Starlink ဝန်ဆောင်မှုပေးသူ လူငယ်တစ်ဦးက ပြောပါတယ်။

“လိုင်းမရတဲ့နေရာတွေက ကျောင်းသားတွေ၊ အွန်လိုင်းကနေ စာလေ့လာနေတဲ့သူတွေအတွက် အကြီးမားဆုံးအခက်အခဲပါပဲ။ အခုကျန်ရှိနေသေးတဲ့ Wifi ဆိုင်တွေမှာ သွားသုံးလည်း အဆင်မပြေဘူး။ Starlink ကြောင့်မှ အသက်ရှူချောင်ပြီး စာလေ့လာနိုင်လာတာကို အခုလို ပြန်ပိတ်ခံရတာမျိုးတွေ ရှိလာတော့ ပညာရေးနယ်ပယ်က ကျောင်းသူ၊ ကျောင်းသားတွေအတွက် ပိုခက်ခဲသွားတယ်။ ရုံးလုပ်ငန်းလုပ်နေသူတွေအတွက်လည်း အချင်းချင်း ဆက်သွယ်ဖို့ အရမ်းခက်ခဲသွားတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ Starlink သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အသုံးပြုထားတဲ့ စက်တချို့သာ အင်တာနက်ပြန်ရရှိနေပြီး စည်းကမ်းချက်တွေနဲ့ မကိုက်ညီတဲ့ စက်အများစုကတော့ ပိတ်ဆို့ခံထားရဆဲ ဖြစ်တယ်လို့ ဝန်ဆောင်မှုပေးနေသူ လူငယ်က ဆက်ပြောပါတယ်။

“အရင်ကတည်းက ယုံကြည်စိတ်ချရပြီး စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့သူတွေဆီ အပ်နှံထားပြီး Starlink ရဲ့ သတ်မှတ်စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာအသုံးပြုနေတဲ့ စက်တွေကတော့ ၁၀၀ ရာခိုင်နှုန်း လိုင်းပြန်ရပါတယ်။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းကို မလိုက်နာတဲ့ စက်တွေကတော့ တခြား Service ဆရာတွေဆီ သွားအပ်လည်း ပြန်ရဖို့ ခက်ပါတယ်။ လုပ်ဆောင်ရမယ့်အဆင့်တွေကို သေချာလုပ်ပြီး စည်းမျဉ်းစည်းကမ်းလိုက်နာတဲ့ စက်တွေကတော့ ၃ မိနစ်၊ ၅ မိနစ်အတွင်း ပြန်ရပါတယ်။ Starlink က သတ်မှတ်ထားတဲ့ စည်းမျဉ်းကို မလိုက်နာရင်တော့ မရဘူးလို့ မြင်တယ်။ ဒါက လက်ရှိဖြစ်နေတဲ့ အခြေအနေပါ။ နောက်ဘယ်လိုဖြစ်လာမလဲတော့ မသိဘူး” လို့ သူက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း မြို့နယ်နဲ့ ဒေသတချို့မှာ ၂၀၂၄ ခုနှစ်ကစပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ဒေသခံပြည်သူတွေဟာ သတင်းအချက်အလက်ရယူဖို့နဲ့ အပြင်လောကနဲ့ ဆက်သွယ်ဖို့ Starlink အင်တာနက်ကို အဓိကအားထား အသုံးပြုလာကြပါတယ်။

အခုလို Starlink စက်တွေပါ ပိတ်ဆို့ခံလာရတာကြောင့် အင်တာနက်အသုံးပြုခွင့်အပြင် သတင်းအချက်အလက်ရယူခွင့်၊ ပညာသင်ယူခွင့်နဲ့ မိသားစု၊ လုပ်ငန်းဆက်သွယ်ရေးတွေပါ ထပ်မံအခက်အခဲဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း ပုဒ်မ ၁၉ မှာ လူတိုင်း သတင်းအချက်အလက်နဲ့ အတွေးအမြင်တွေကို လွတ်လပ်စွာ ရှာဖွေ၊ လက်ခံ၊ ဖြန့်ဝေခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ၂၀၂၄ ခုနှစ်မှာလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အင်တာနက်ဖြတ်တောက်မှုနဲ့ အွန်လိုင်းသတင်းအချက်အလက်ရယူခွင့် ပိတ်ပင်မှုတွေဟာ လူ့အခွင့်အရေးအပေါ် သက်ရောက်မှုရှိကြောင်း ထပ်မံထောက်ပြထားပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button