ဘာသာရေးနှင့်ဆိုင်သက်တဲ့နေရာမှာ စစ်တပ်နေရာမချပေးဖို့ ကချင်အဖွဲ့အစည်းတွေတောင်းဆို

ကချင်ပြည်နယ်အတွင်း စစ်ရေးနှင့်မသက်ဆိုင်တဲ့ ဘာသာရေးကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းတွေကို ရုတ်သိမ်းပေးဖို့ ကချင်အဖွဲ့အစည်းတွေ တောင်းဆိုထားတယ်လို့သိရပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကချင်ပြည်နယ်ကို ရောက်လာစဉ် တောင်းဆိုလိုက်တာဖြစ်တယ်လို့ ကချင်သတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

“ဒီဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ ဘုရားကျောင်းဝင်းတွေမှာ တပ်စွဲထားတဲ့ တပ်စခန်းနေရာတွေကို ဖယ်ရှား ပြောင်းရွေ့ပေးဖို့ အဓိကတောင်းဆိုခဲ့တယ်”လို့ပြောပါတယ်။

ကချင်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်ထဲမှာ အင်းတော်ကြီးဒေသ နန့်မွန်မြို့မှာ ရှမ်းနီ SNA တပ်ဖွဲ့တွေ ဘုရားကျောင်းဝင်းအတွင်းနေရာတွေမှာ စစ်ရေးနေရာသတ်မှတ်အသုံးပြုနေကြောင်း၊ ဖားကန့်မှာရှိတဲ့ အင်္ဂလီကန်ဘုရားကျောင်းဝင်ထဲ  စစ်ကြောင်းလိုက်တပ်စွဲထားကြောင်း စတဲ့ အခြေအနေတွေကို ရုတ်သိမ်းပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပါဝင်တဲ့ နေပြည်တော် စစ်အစိုးရအဖွဲ့က နိုဝင်ဘာလ ၁၇ ရက်နေ့ ကချင်ပြည်နယ်စစ်အစိုးရက ပြုလုပ်ကျင်းပတဲ့ ကချင်ရိုးရာကောက်သစ်စားပွဲ အခမ်းအနားမှာ တက်ရောက်ခဲ့ပြီး အဲဒီခရီးစဉ်မှာ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

ယခုတစ်ခေါက် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ ကချင်ပြည်နယ်ကိုလာတဲ့ ခရီးစဉ်မှာ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ကချင်ဘာသာရေးခေါင်းဆောင်တစ်ချို့နဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့အသီးသီးနဲ့ တွေ့ဆုံမှုရှိခဲ့ပါတယ်လို့သိရပါတယ်။

ကချင်ဘာသာရေးခေါင်းဆောင်တွေရဲ့ တောင်းဆိုမှုအပေါ်  စစ်အစိုးရဘက်က ပြန်လည်တုန့်ပြန်ခဲ့တဲ့အခြေအနေအသေးစိတ်မသိရပေမယ့် တပ်စွဲထားတဲ့နေရာတွေမှာ တစ်စုံတစ်ရာ ရုတ်သိမ်းသွားတာမရှိသေးဘူးလို့ ဒေသခံ သတင်းအရင်းတွေပြောပါတယ်။

မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရရှိသော နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် အခုလို  ဘုရားကျောင်းဝင်နေရာတွေအထိ စစ်ရေးအတွက် မထီမဲ့မြင်အသုံးပြုနေတဲ့ လုပ်ရပ်တွေကို ရှောင်ကျဉ်သင့်တယ်လို့ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာက ဘာသာရေးနဲ့ပတ်သက်ပြီး ကိုးကွယ်ယုံကြည်ခွင့် လွတ်လပ်မှုရှိတယ်ဆိုပြီးခံယူထားတဲ့နိုင်ငံဖြစ်တယ်။ ဒါက ၂၀၀၈ ဥပဒေမှာလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိပြီးသားဖြစ်တယ်။ ဒါကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိလုပ်နေတာ။ အဓိကတော့ သူတို့ရဲ့ လက်ကိုင်တုတ်လုပ်ပေးနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို တမင်လုပ်ခိုင်းတယ်လို့ပဲမြင်ပါတယ်။ ဘယ်ဘာသာရေးမဆိုဒီလိုလုပ်ဖို့ မသင့်တဲ့အရာဖြစ်တယ် အခုလို တောင်းဆိုနေတဲ့အပေါ်မှာလည်း လက်ခံသင့်တယ်”လို့ပြောပါတယ်။

အင်းတော်ကြီးဒေသ နန့်မွန်မြို့မှာ ကြီးစိုးနေတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ SNA တပ်ဖွဲ့တွေက နန့်မွန်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းနဲ့ RC ကက်သလစ်ဘုရားကျောင်း နေရာနှစ်ခုကို စစ်ရေးနေရာအဖြစ်အသုံးပြုနေတာဖြစ်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်နေရာကိုတော့ စစ်ရေးလေ့ကျင့်ရာ စစ်သင်တန်းကျောင်းအဖြစ်အသုံးပြုနေပြီး RC ကက်သလစ်ဘုရားကျောင်းဝင်းနေရာကိုတော့ အင်းတော်ကြီးဒေသ ရှမ်းနီအမျိုးသား SNA ရုံးချုပ်အဖြစ် သတ်မှတ် အသုံးပြုနေတယ်လို့ သိရပါတယ်။

အခုလို စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဘာသာရေးကျောင်းတွေမှာ စစ်ရေးနေရာသတ်မှတ်ကာ အသုံးပြုခံနေရတာကြောင့်  ဖယ်ရှားပေးဖို့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တွေ့ဆုံချိန်မှာ ကချင်အဖွဲ့အစည်းတွေ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

စစ်တပ်ဟာ ကချင်ဒေသအတွင်း တိုက်ပွဲဖြစ်တဲ့ စစ်ရေးနယ်မြေအတွင်းက ကချင်ဘုရားကျောင်းအဆောက်အဦးတွေကိုလည်း ပစ်မှတ်ထား မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဗန်းမော်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းတွေက  ဗန်းမော် (၃) မိုင်ကျေးရွာအနီးက KBC ဘုရားကျောင်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေက ဗန်းမော် ပေါက်ကုန်းရပ်ကွက်က နှစ် ၇၀ ဝန်းကျင်သက်တမ်းရှိ RC စိန့်ပက်ထရစ် ကက်သလစ် ဘုရားကျောင်းဆောင်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button