လမ်းပိတ်ဆို့မှုကြောင့် စစ်ကိုင်း–ကချင်အစပ်ဒေသတွေမှာ ကုန်ဈေးတက်ပြီး စားသောက်မှုလျှော့ချလာရ
မန္တလေး–မြစ်ကြီးနား လမ်းပိုင်းနှစ်ခုလုံးပေါ်က နှစ်ဖက်တိုက်ပွဲတွေကြောင့် ကားလမ်းကြောင်းတွေပိတ်ဆို့နေတဲ့အတွက် ဝန်းသို၊ ကောလင်းနဲ့ အင်းတော်၊မော်လူးမြို့နယ်တွေမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီး ဒေသခံတွေဟာ နေ့စဉ် စားသောက်မှုတွေကို လျှော့ချလာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေး–မြစ်ကြီးနားလမ်းပိုင်းနှစ်ခုပေါ်က နှစ်ဖက်စစ်ရေးတင်းမာမှုတွေကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ပိတ်ဆို့နေသလို သွားလာရေးအခက်အခဲတွေ ရှိနေတာကြောင့် ကုန်ပစ္စည်းဝင်ရောက်မှု မရှိသလောက်ဖြစ်လာတယ်လို့ အဲ့ဒီဒေသက ဒေသခံတွေကပြောကြပါတယ်။
မန္တလေး၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ နဘားနဲ့ မော်လူးလမ်းကြောင်းအပါအဝင် မန္တလေး–ရွှေဘို–မြစ်ကြီးနားလမ်း ပိုင်းနှစ်ခုလုံး ပိတ်ဆို့နေတဲ့အတွက် ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါးဖြစ်နေတယ်လို့ ဆိုပါတယ်။
“ကုန်ဈေးနှုန်းကတော့ ကြီးတာပေါ့ဗျာ။ ကားလမ်းပိတ်ထားလို့ပေါ့။ အခုက အဲ့လမ်းကြောင်းလည်း ပိတ်တယ်။ ဝန်းသို–ရွှေဘို လမ်းကြောတွေလည်း ပိတ်တယ်ဆိုတော့ ကုန်စည်စီးဆင်းမှုလည်း မရှိတော့ဘူး။ ဒါကြောင့် ကုန်ဈေးနှုန်းတွေက အကုန် ခေါင်တက်နေတာပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိ ဝန်းသိုနဲ့ ကောလင်းဒေသတွေမှာ ကြက်သွန်နီတစ်ပိဿာ ကျပ် ၃ သောင်း၊ ကြက်သွန်ဖြူတစ်ပိဿာ ကျပ် ၃ သောင်းခွဲ၊ ခရမ်းချဉ်သီးတစ်ပိဿာ ကျပ် ၂ သောင်းခွဲနဲ့ စားသုံးဆီ ၁၀ ပိဿာတစ်ပုံး ကျပ် ၂ သိန်း ၇ သောင်းအထိ ဈေးနှုန်းမြင့်တက်နေပါ တယ်။
ဒါ့အပြင် ကြက်ဥတစ်လုံးကို ကျပ် ၁,၂၀၀ နဲ့ ကွမ်းရွက်တစ်ပိဿာကို ကျပ် ၄၅,၀၀၀ အထိ ဈေးရှိနေပြီး ကုန်ပစ္စည်းအများစု ဈေးမြင့်တက်လာတာကြောင့် ဒေသခံတွေအနေနဲ့ လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲလာကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုဆိုရင် အရင်ကလို မစားနိုင်တော့ဘူး။ ကုန်ဈေးနှုန်းကြီးတဲ့အခါကျတော့ ကြက်သွန်ဆိုရင်လည်း ဟင်းတစ်ခွက်ချက်တာနဲ့ အရင်က လေးငါးလုံးထည့်တယ်ဆိုရင် အခုက တစ်လုံးလောက်ပဲ ထည့်ရတဲ့အနေအထား ဖြစ်လာတာ။ ကြက်သွန်ဈေးကြီး၊ ကြက်သွန်ရှားပါးတော့ ကျန်တဲ့ကုန်ပစ္စည်းတွေလည်း ဈေးတက်တာ အဲ့အတိုင်းပဲ။ တော်ရုံတန်ရုံဆို ဝယ်မသုံးတော့ဘူး။ ဒီလိုပဲ နေထိုင်ကြရတာပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကုန်ဈေးနှုန်းမြင့်တက်လာတာကြောင့် ကုန်ပစ္စည်းဝယ်ယူသူလည်း နည်းပါးလာပြီး ဈေးရောင်းချသူတွေအနေနဲ့လည်း အရောင်းအဝယ် ပါးလာတယ်လို့ သိရပါတယ်။
တစ်ဖက်မှာ ဆန်ဈေးနှုန်းကတော့ ဒေသထွက်ဆန်တွေရှိနေတဲ့အတွက်ပုံမှန်အခြေနေမှာရှိနေဆဲဖြစ်ပြီး စက်သုံးဆီဈေးနှုန်းတွေ လည်း လက်ရှိအချိန်အထိ သိသိသာသာမြင့်တက်တာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကောလင်းနဲ့ ဝန်းသိုဒေသတွေမှာ ကုန်ပစ္စည်းအချို့ကို ဆိုင်ကယ်တွေနဲ့ သယ်ယူနိုင်ပေမဲ့ ခရမ်းချဉ်သီး၊ ကွမ်းရွက်လို သယ်ယူရ လွယ်ကူတဲ့ ပစ္စည်းအချို့သာ ဝင်ရောက်နိုင်ပြီး အခြားကုန်ပစ္စည်းတွေကတော့ ပုံမှန်အတိုင်း မရောက်ရှိနိုင်တော့ဘူးလို့ သိရပါ တယ်။
အချို့ကုန်စုံဆိုင်တွေမှာလည်း အရက်နဲ့ ဘီယာလို ကုန်ပစ္စည်းတွေ ဝယ်ယူလို့မရတော့တဲ့အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။
အလားတူ အင်းတော်မြို့နယ်မှာလည်း ကားလမ်းကြောင်းပိတ်ဆို့မှုကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး ကြက်ဥတစ်လုံး ကျပ် ၈၀၀၊ ကြက်သွန်တစ်ပိဿာ ကျပ် ၂၅,၀၀၀ နဲ့ ဟင်းချိုမှုန့်တစ်ပိဿာ ကျပ် ၁၆,၀၀၀ အထိ ရှိနေတယ်လို့ သိရပါတယ်။
မန္တလေး–မြစ်ကြီးနား ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အဓိကအသုံးပြုနေတဲ့ ကားလမ်းကြောင်းတွေဟာ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းမှာ တည်ရှိပါတယ်။ ကောလင်း၊ ဝန်းသိုအပါအဝင် အင်းတော်၊မော်လူးစတဲ့မြို့တွေကလည်း အဲ့ဒီလမ်းပိုင်းတွေပေါ်မှာပဲတည်ရှိတာဖြစ်ပါတယ်။
အရှေ့ဘက်လမ်းကြောင်းဖြစ်တဲ့ မန္တလေး–မတ္တရာ–တကောင်း–ထီးချိုင့်–ကသာ–အင်းတော်–မော်လူးမိုးညှင်းလမ်းပိုင်းမှာ အောက်တိုဘာလကစလို့ စစ်တပ်ရဲ့စစ်ကြောင်းတွေတောက်လျှောက်စစ်ကြောင်းထိုးတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြပြီး ကုန်တင်ကားအများအပြားလည်း ပိတ်မိခဲ့ပါတယ်။
အောက်တိုဘာလကုန်ခါနီးမှာတော့ ဒီစစ်တပ်ရဲ့စစ်ကြောင်းတွေဟာအနောက်ဘက်လမ်းကြောင်းဖြစ်တဲ့ မန္တလေး–ရွှေဘို လမ်းပိုင်း ကိုဝင်ရောက်စစ်ကြောင်းထိုးနေပြီး ဒီနေ့အထိစစ်ကြောင်းလှုပ်ရှားနေဆဲဖြစ်တာကြောင့် လမ်းပိုင်းကိုလည်းပိတ်ထားရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၃ ရက်နေ့ကစလို့ အင်းတော်မြို့နယ် မော်လူးမြို့အနီးမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ အကြား ထပ်ပြီးတိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် နိုဝင်ဘာ ၄ ရက်နေ့ညပိုင်းကစလို့ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေ ပိတ်မိနေခဲ့တာဒီနေ့အထိဖြစ်ပါတယ်။
By – အမိုး




