ရေဘေးပြည်သူ
-
Jul- 2024 -5 Julyသတင်း
ဗန်းမော်မှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ၄ ပေကျော်မြင့်တက်နေပြီး သောက်သုံးရေအကူညီလိုအပ်နေ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ဆက်လက်မြင့်တက်နေပြီးတော့ ရေဘေးပြည်သူတွေအတွက် သောက်သုံးရေအကူညီအဓိကလိုအပ်နေတယ်လို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းတွေကပြောပါ တယ်။ ဒီကနေ့ မနက်ပိုင်း ၇ နာရီခွဲတိုင်းထွာချက်အရတော့ ဗန်းမော်မြို့ရဲ့ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ၄ ပေကျော်(၁၂၈ စင်တီမီတာ) ရောက်ရှိနေပြီးတော့ နောက်တစ်ရက်အတွင်း ပေဝက်လောက် ဆက်လက်မြင့်တက်နိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်ထားပါတယ်။ လက်ရှိဗန်းမော်မြို့နယ်ထဲက မြေနိမ့်ပိုင်းရပ်ကွက် ၅ ခုလောက်က အိမ်တစ်လုံးစာလောက်ရေနစ်မြုပ်နေပြီ ဖြစ်ပြီးတော့ ပိတ်မိသူတွေလည်းရှိသလို ကူညီကယ်ဆယ်ရေးတွေဆက်တိုက်လုပ်နေရတဲ့အခြေနေလို့ မိုးစက်ပွင့်လူမှုကူညီရေးအသင်းကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ကယ်ဆယ်ရေးကတော့ ဖြန့်ကျက်ပြီးတော့လုပ်နေပါတယ်။ ဒေသခံတွေအတွက် အဓိကကသောက်သုံးရေ ပါပဲ။ ဘာလို့လဲဆိုတော့ ရေတွင်းတွေ ရေစက်တွေက မြုပ်သွားတော့ သောက်သုံးရေကလိုအပ်နေပါတယ်။ ပိတ်မိတာတွေလည်းရှိပါတယ်။ ဒါပေမဲ့ လူမှုကူညီရေးအသင်းတွေကချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတဲ့ အခြေနေပါ”လို့ပြောပါတယ်။ ဗန်းမော်မြို့နယ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က အထက်ပိုင်း မြစ်ကြီးနားမြို့ရေဘေးကြုံခဲ့ရတဲ့အတိုင်း ရေဘေးသင့်နိုင်တယ်ဆိုတဲ့အကြောင်း သေချာတဲ့ခန့်မှန်းချက်တွေကြောင့် ဒေသခံတွေနဲ့လူမှုကူညီရေးအသင်း အဖွဲ့တွေက ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဗန်းမော်မြို့နယ်မှာ လက်ရှိ လူမှုကူညီရေးအသင်း ၁၃ ဖွဲ့နဲ့ ကူညီကယ်ဆယ်ရေးတွေအဓိကလုပ်ဆောင်နေပြီး ရေဘေးရှောင်စခန်းက ၄ ခုဖွင့်လှစ်ထားသလို အဲ့ဒီစခန်းတွေမှာ ရေဘေးရှောင်လူဦးရေ ထောင်နဲ့ချီရှောင်နေ ကြတယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိ အခြေနေဆိုးတွေမကြုံနေရပေမဲ့လည်း တရုတ်နိုင်ငံ ယူနယ်ပြည်နယ်ကနေ ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ထဲ စီးဆင်းလာတဲ့ တာပိန်မြစ်ရေဒီထက်တက်လာမှာကိုတော့ စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လောလောဆယ်မြစ်ရေကတော့ချိန်လို့ရတဲ့အနေအထားပေါ့ တစ်ချက်စိုးရိမ်တာကတော့ တာပိန်ရေကနေ ဆင်းလာမှာကိုစိုးရိမ်တယ်။ ဒီထက်တိုးလာမှာကို ဒီရေမလာရင်တော့လည်း အခြေနေငြိမ်မှာပေါ့ တာပိန်ရေ ကလည်းမှန်းရခက်တယ်။ တရုတ်ပြည်ကလာတော့ မိုးများရင်များသလိုပဲ ဟိုဘက်အထက်မှာက ဆည်တွေ ရှိတယ်။ အဲ့ဒီဆည်တွေကနေ လျှော့ချရင် ဒီဘက်မှာတိုးလာမှာစိုးရိမ်တယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ လူမှုကယ်ဆယ်ရေးအသင်းတွေအနေနဲ့ ကယ်ဆယ်ရေးအတွက် စက်သုံးဆီတစ်လီတာကို ကျပ် ၄၀၀၀ ကနေ ၅၀၀၀ ဝန်းကျင်အထိဝယ်ယူသုံးစွဲကြရပြီး ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်တစ်ချို့တော့ မီးပျက်နေတယ်လို့ သိရပါတယ်။ လက်ရှိ ဗန်းမော်မြို့နယ်ထဲက မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ရွှေကြီးနား၊ ခွန်သာ၊ နမ့်ဖား စတဲ့မြို့ပေါ် ရပ်ကွက်တွေအပြင် ကောင်းစင့်၊ ရေလှဲ၊ မံမလင်း၊ ပါပေါင်း၊ လက်ပံတန်း စတဲ့ကျေးရွာတွေက ရေဘေး ကြုံနေကြရတတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့နယ်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၁၁၅၀ စင်တီမီတာဖြစ်ပြီး အန္တရာယ်ရေအမှတ်ကတော့ ၁၂၄၅ စင်တီမီတာ ဖြစ်ပါတယ်။ လက်ရှိတော့ ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ၁၂၇၆ စင်တီမီတာရှိပြီလို့ ဒီကနေ့ မနက်ပိုင်းမှာပဲ ထုတ်ပြန် ထားသလို ပြီးခဲ့တဲ့ နှစ်ပေါင်း၂၀ (၂၀၀၄ ခုနှစ်) တုန်းကတော့ ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ၁၃၃၈ စင်တီမီတာအထိစံချိန်တင်မြင့်တက်ခဲ့ဖူးတာဖြစ်ပါတယ်။ By – အမိုး
Read More »