စစ်သင်္ဘောအုပ်စု ထီးချိုင့်မြို့နယ်အတွင်း ဝင်ရောက်၊ ဗန်းမော်အထိ ဆန်တက်လာနိုင်ဟု ကာကွယ်ရေးတပ်ဖွဲ့များ ခန့်မှန်း
မန္တလေးမြို့ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းကို ဦးတည်ဆန်တက်လာနေတဲ့ စစ်သင်္ဘောအုပ်စု ဟာ သြဂုတ် ၂၃ ရက် ညပိုင်းမှာ သပိတ်ကျင်းမြို့နယ် ပန်းပင်ကျေးရွာအနီး ကျောက်ချခဲ့ပြီး ဒီနေ့တော့ ထီးချိုင့်မြို့နယ်ထဲစတင် ဝင်ရောက်လာပြီလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အဲ့ဒီ စစ်သင်္ဘောအုပ်စုမှာ တိုက်ခိုက်ရေးသင်္ဘော ၂ စီး၊ ဖလပ်သံကွန် ၄ စီး၊ သဲစုပ်သင်္ဘော ၁ စီးနဲ့ ကုန်တင်တွဲတွန်း ၈ စီး၊ စုစုပေါင်း ရေယာဉ် ၁၅ စီး ပါဝင်တယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းကို ဦးတည်ဆက်လက်ဆန်တက်လာတာ ဖြစ်ပါတယ်။
မနေ့က ည ၇ နာရီခွဲဝန်းကျင်မှာတော့ သပိတ်ကျင်းမြို့နယ် ပန်းပင်ကျေးရွာအနီးမှာ သင်္ဘောအုပ်စု ကျောက်ချခဲ့တယ်လို့ သိရပါ တယ်။
ဒီနေ့ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ သင်္ဘောအုပ်စုဟာ တကောင်းကို နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ရောက်ရှိခဲ့ပြီး မွန်းလွှဲ ၃နာရီဝန်းကျင်လောက်မှာ ထီးချိုင့်မြို့နယ်အတွင်း စတင်ဝင်ရောက်လာပြီလို့ ထီးချိုင့်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးက အတည်ပြုပါတယ်။
“တကောင်းကိုက နေ့လည် တစ်နာရီခွဲလောက်ရောက်တယ်။ ထီးချိုင့်မြို့ပေါ်တော့ မရောက်သေးဘူး။ ထီးချိုင့်မြို့နယ်တော့ စဝင်နေပြီလို့ သိရတယ်။ ဒီနှုန်းအတိုင်းဆို ညနေ ကသာလောက်ထိ ရောက်နိုင်တယ်”လို့ သူက ပြောပါတယ်။
စစ်သင်္ဘောအုပ်စု ဆန်တက်လာတဲ့ လမ်းကြောင်းတစ်လျှောက်မှာလည်း တကောင်းအောက်ဘက် ရေယဉ်ကျေးရွာတစ်ဝှိုက် ဖြတ်သန်းချိန် ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် စစ်သင်္ဘောအုပ်စုရဲ့ ဦးတည်ရာနဲ့ ပတ်သက်ပြီးတော့ ဗန်းမော်ဒေသက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဗန်းမော် ဒါမှမဟုတ် ကသာဘက်ကို ဆက်လက်ဆန်တက်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

လက်ရှိသင်္ဘောအုပ်စုရဲ့ အရင်အားနဲ့ ဆန်တက်လာတဲ့ ပုံစံအရ ဗန်းမော်ဘက်ကို ဦးတည်လာနိုင်ခြေရှိတယ်လို့လည်း သူက ပြောပါတယ်။
“ဗန်းမော်အထိတော့ လာဖို့ plan ပဲ။ ဒီလောက်အထိ တက်လာရင်တော့ ဗန်းမော်မဟုတ်ရင် ကသာလောက်တော့ သေချာပေါက်ရောက်အောင် တက်မှာပဲ။ ဒီ target နဲ့ ဒီပုံစံတက်လာတဲ့ဟာဆိုရင် သူတို့က တပ်မ သုံးခုလောက် အင်အားစာ ပါလာတယ်ဆိုတဲ့ အနေအထားအရဆိုရင်တော့ ဗန်းမော်ပဲ ဖြစ်လောက်တယ်”လို့ သူက ပြောပါတယ်။
တစ်ဖက်မှာသင်္ဘောအုပ်စု အထက်ပိုင်းကို ဆန်တက်လာနေချိန် ကသာမြို့နယ်ထဲက မြစ်ကမ်းနဘေးကျေးရွာတွေဘက်မှာ Y-12 လေယာဉ်တွေနဲ့ ဂျက်ဖိုက်တာတွေ ပျံသန်းကင်းထောက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကသာဒေသခံတစ်ဦးကတော့ သင်္ဘောအုပ်စု ဆန်တက်လာတဲ့ အခြေအနေနဲ့အတူ လေကြောင်းကနေ ပျံသန်းမှုတွေ ရှိနေတာ ကြောင့် ဒေသခံတွေ သတိထားနေရတယ်လို့ ပြောပါတယ်။
“သင်္ဘောက တက်လာတာဆိုတော့ သူတို့က နယ်မြေရှင်းလင်းရေးက မဖြစ်မနေလုပ်မှာ။ အဲဒါဆိုတော့ လူစုလူဝေးကတော့ ရှောင်ထားမှကို ဖြစ်မှာ။ Y-12 တွေလည်း ဝဲနေတယ်။ တအားကို နီးနီးကပ်ကပ်ကြီး ဂျက်ဖိုက်တာတွေရော။ အဲတော့ ကြောက်တာနဲ့ ပြေးကြတာ။ လေကြောင်းက တော်တော်ဂရုစိုက်ရမှာ။ သင်္ဘောမလာခင် ကြိုတင်ပြီး နယ်မြေရှင်းလင်းရေး လုပ်တာတွေ ဘာတွေနဲ့”လို့ သူက ပြောပါတယ်။
မန္တလေးကနေ စတင်ဆန်တက်လာတဲ့ သင်္ဘောအုပ်စုနဲ့ ပတ်သက်ပြီး မြစ်ကမ်းနားတစ်လျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံတွေ အနေနဲ့ သတိထားကြဖို့ ဝက်လက်တော်လှန်ရေးတပ်ဖွဲ့တွေက သြဂုတ် ၂၁ ရက် က ထုတ်ပြန်သတိပေးထားပါတယ်။
တစ်ဖက်မှာတော့ ရွှေကူမြို့နယ်အတွင်းမှာလည်း စစ်သင်္ဘောတွေတက်လာတဲ့နေ့ကစလို့ စစ်ကောင်စီတပ်က ဂျက်လေယာဉ် အသုံးပြုပြီးတော့ ရွှေကူမြစ်ကမ်းနဘေးက ဆပ်တပ်၊ ရေလဲ၊ မိုးစစ် စတဲ့ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလို စစ်သင်္ဘောအုပ်စုက ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းကို ဆက်လက်ဆန်တက်လာနေတဲ့ တစ်ချိန်တည်းမှာ ကသာနဲ့ ရွှေကူအပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ လက်ရှိအခြေအနေကို စောင့်ကြည့်နေကြရပြီး ဘေးလွှတ်ရာကိုတိမ်းရှောင်ဖို့အတွက် ပြင်ဆင်တာတွေလုပ်ထားရတယ်လို့ဒေသခံတွေကပြောပါတယ်။
လက်ရှိအချိန်အထိတော့ အဲ့ဒီစစ်သင်္ဘောအုပ်စုရဲ့ နောက်ဆုံးဦးတည်ရာနဲ့ သင်္ဘောတွေပေါ်မှာ သယ်ဆောင်လာတဲ့ ပစ္စည်းတွေ အကြောင်းကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ အထက်ပိုင်းကို ဆန်တက်လာတာဟာ အခုတစ်ကြိမ်တည်းတော့ မဟုတ်ပါဘူး။
၂၀၂၄ ခုနှစ် နဲ့၂၀၂၅ ခုနှစ်မှာလည်း မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာဗန်းမော်မြို့အထိ ရောက်ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကဆိုရင် စစ်သင်္ဘောတွေ ဗန်းမော်ရောက်ရှိပြီးနောက် စစ်ကောင်စီတပ်ဘက်က တစ်ကျော့ပြန်ထိုးစစ်တွေ စတင်လာ ခဲ့ပြီး ဗန်းမော်မြို့အတွင်း နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့သလို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ အမတ ၃၆၆ နဲ့ လေယာဉ်ကွင်းအပါအဝင် နေရာတချို့ကိုလည်း ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။
By – အမိုး




