မြစ်ဆုံစီမံကိန်း တစ်ဝိုက် စစ်တပ်အင်အားထပ်ချထား
မြစ်ကြီးနားမြို့နယ် မြစ်ဆုံ စီမံကိန်းနေရာတစ်ဝိုက်မှာ စစ်တပ်အင်အား ကားသုံးစီးအပြည့်နဲ့ ရောက်လာပြီး လက်ရှိမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မလှမ်းဝေးတဲ့ နေရာမှာ တပ်ချ နေရာယူထားတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၁ ရက်နေ့ကတည်းက မြစ်ကြီးနားကနေ စစ်တပ်အင်အား ၁၀၀ ဝန်းကျင် မြစ်ဆုံကို ရောက်ရှိလာပြီး လက်ရှိ ဧရာဝတီမြစ်ဆုံဒေသ တစ်ဝိုက်မှာ တပ်ချ နေရာယူထားတယ်လို့ ဆိုပါတယ်။
“မြစ်ကြီးနားကနေ စစ်ကားကြီး ၃ စီးအပြည့် မြစ်ဆုံရောက်နေတယ်။ အခုမြစ်ဆုံမြစ်ကမ်းဘေးတစ်လျှောက် စစ်တပ် ဧည့်သည်တွေ အပြည့်ပဲ။ ရွှေမှော်တွေမှာ လျှောက်သွားနေတာ၊ ရွှေတူးတဲ့သူတွေက ကြောက်တော့ ဘာမှမကြောက်နဲ့ ကြောက်စရာမလိုဘူး။ နင်တို့အတွက် လုံခြုံရေးယူပေးတာလို့ ပြောတယ်တဲ့။” လို့ မြစ်ဆုံဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီ အသစ်ရောက်ရှိလာတဲ့ စစ်တပ်တွေဟာ မြစ်ဆုံ တန်ဖရဲကျေးရွာ စစ်တပ်စခန်းထဲ ဝင်ရောက်ခြင်းမရှိပဲ မြစ်ဆုံမြစ်ကမ်းတစ်လျှောက် နေရာယူ လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။
မြစ်ဆုံဒေသကို စစ်တပ်အင်အားဖြည့် ရောက်ရှိလာရတဲ့အကြောင်းရင်း အသေးစိတ်ကို သေချာမသိရှိရသေးပါတယ်။ ဒေသခံတွေ ပြောဆိုချက်အရ ဩဂုတ်လ ၂၅ ရက်နေ့ မနက်ဖြန်မှာတော့ ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်း ဖြစ်မြောက်ရေးအဖွဲ့က မြစ်ဆုံကို လာရောက်ဖို့ ဒေသခံတွေကို အသိပေးထားတယ်လို့ သိရပါတယ်။
“ဟိုတလောကတည်းက ကချင်ပြည်နယ် အစိုးရအဖွဲ့ မြစ်ဆုံစီမံကိန်းဖြစ်မြောက်ရေးအဖွဲ့တွေ ဩဂုတ် ၂၅ ရက်နေ့ မြစ်ဆုံဘက်ကို ရောက်လာမယ်လို့ ကြားတယ်။ သူတို့အဖွဲ့တွေ အောင်မြင်သာကိုဖြစ်မလား၊ မြစ်ဆုံ တန်ဖရဲဘက်ဖြစ်မလားတော့ သေချာမသိသေးဘူး။ အခုပြန်ကြားတော့ သူတို့အဖွဲ့တွေ တန်ဖရဲ မြစ်ဆုံကို လေ့လာရေးခရီးရောက်လာမယ်၊ လာကြည့်မယ်လို့ ပြောတယ်တဲ့။ အဲလိုပြောတော့ တန်ဖရဲဗျူဟာမှူးက လုံခြုံရေးတော့ မယူပေးနိုင်ဘူး လာတော့လာလို့ရတယ်လို့ ပြောတယ်တဲ့။ ဒါကြောင့်များလား မြို့ကနေ မြောက်ပိုင်းတိုင်းကနေ စစ်သည်သူစိမ်းတွေ ရောက်လာတာဖြစ်လိမ့်မယ်လို့ သုံးသပ်တယ်။“ လို့ မြစ်ဆုံဒေသခံက ဆက်ပြောပါတယ်။
မြစ်ဆုံမှာ ရောက်ရှိနေတဲ့ စစ်တပ်သားတွေဟာ နယ်မြေကျွမ်းကျင်မှု မရှိတဲ့ ဧည့်သည်တပ်သားတွေ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတွေက သုံးသပ်ပါတယ်။

လက်ရှိ မြစ်ဆုံအထက်၊ အောက် နေရာအတော်များမှာ လှုပ်ရှားသွားလာနေတာကြောင့် မြစ်ဆုံမှာရှိတဲ့ ဒေသခံတွေအပါအဝင် လက်လုပ်လက်စား ရွှေတူးဖော်နေသူများ စိုးရိမ်မှုလည်း ရှိတယ်လို့ ပြောဆိုပါတယ်။
မြစ်ဆုံအထက် ဂွေထောင်လမ်းဆုံ ဘယ်ဘက်မှာ စစ်တပ်အခိုင်အမာတပ်ချထားပြီး ဂွေထောင်လမ်း ညာဘက်အဝင်မှာတော့ KIA တပ်ဂိတ်ထိုင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အမှတ်မထင် ထိပ်တိုက် ပစ်ခတ်လာကြမှာကို အဓိက စိုးရိမ်တယ်လို့ ပြောဆိုပါတယ်။
စစ်တပ်ခန့်အပ်ထားတဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ – မြစ်ဆုံစီမံကိန်းဖြစ်မြောက်ရေး စည်းရုံးရေးအဖွဲ့တွေ မြစ်ဆုံဘက်ကို လေ့လာရေး၊ ကွင်းဆင်းကြည့်ရှုဖို့ သွားမယ်လို့ သတင်းထွက်နေပြီး မြစ်ဆုံဒေသခံတွေကို စည်းရုံးရေးလုပ်ဖို့လား၊ သို့မဟုတ် မြစ်ဆုံရေအားလျှပ်စစ်ဆောက်လုပ်ရေး တည်နေရာကို လာရောက်လေ့လာကြည့်ဖို့လား ဆိုတာကိုတော့ အသေးစိတ်မသိရှိရပါဘူး။
လက်ရှိ မြစ်ဆုံမှာ ရွှေတူးဖော်မှုတွေလည်း ဆက်တိုက်ရှိနေပြီး တစ်ဖက်မှာ မြစ်ဆုံရေကာတာဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး မြေပြင်မှာ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေ စတင်လှုပ်ရှားလာတာတော့ ဘာမှမတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ခန့်ထားတဲ့ ကချင်ပြည်နယ်အစိုးရရဲ့ မြစ်ဆုံရေကာတာ စီမံကိန်းဖြစ်မြောက်ရေးအဖွဲ့တွေဟာ လက်ရှိ မြစ်ကြီးနားမြို့၊ ဝိုင်းမော်၊ တနိုင်း၊ ပူတာအို စတဲ့ဒေသအသီးသီးမှာ မြစ်ဆုံရေကာတာဆောက်လုပ်မယ့်အပေါ်ခေါင်းစဉ်အမျိုးမျိုးနဲ့ အများပြည်သူကို စည်းရုံးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
ဒီတစ်လအတွင်းထဲမှာတင် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် ၄ ခုထက်မနည်းမှာ လူထုစည်းရုံးရေးလုပ်ငန်း ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ



