သင်းထောက်

  • Oct- 2024 -
    4 October
    သတင်း

    ချီဖွေမြို့ လေယာဉ် ဗုံးကြဲခံရတဲ့အတွက် COC အသင်းတော်က သင်းထောက်တစ်ဦးသေဆုံး

    ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ချီဖွေမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့   COC အသင်းတော် သင်းထောက်တစ်ဦး အသက်သေဆုံးမှုရှိခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ မနေ့ည ၉ နာရီခွဲအချိန် စစ်ကောင်စီတပ်ဟာ ချီဖွေမြို့ကို ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးလေးကြိမ်ထက်မနည်းလာရောက်ပစ်ခတ်ချိန် ဘေးလွတ်ရာထွက်ပြေးခဲ့ပေမယ့် လမ်းခုလတ်မှာတင် ဗုံးကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားတာဖြစ်တယ်လို့  ချီဖွေဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “အိမ်မှာကျကွဲပြီးဖြစ်တာတော့ မဟုတ်ဘူး။ လေယာဉ်တက်လာလို့ ထွက်ပြေးနေတဲ့ နေရာမှာတင် လေယာဉ်ဗုံးကျကွဲလို့ ပွဲချင်းပြီးဆုံးသွားတာ”လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြောင့် အသက်သေဆုံးသွားသူဟာ အသက် ၄၀ ကျော်အရွယ်ရှိ လီဆူလူမျိုးဖြစ်ပြီး COC (ခရစ်တော်၏အသင်းတော်)ရဲ့ သင်းထောက်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်ည စစ်ကောင်စီတပ်တွေ လာရောက်ပစ်ခတ်ခဲ့တဲ့ လေယာဉ် ဗုံး ၄ လုံးထဲကနေ ၂ လုံးဟာ ရစ်လော်ရပ်ကွက်နဲ့ မြို့မရပ်ကွက် စာသင်ကျောင်းပတ်ဝန်းကျင်မှာ ကျကွဲမှုရှိခဲ့ပြီး ကျန် ဗုံး ၂ လုံးက မေခ(လောင်ဗျစ်) ချောင်းတစ်ဖက်ကမ်းမှာ ပေါက်ကွဲသွားတယ်လို့ ဒေသခံတွေပြောပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့တစ်ခုလုံးကို လက်လွတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဂျက်လေယာဉ်နဲ့ တစ်ရက်ကို တစ်ကြိမ်နှုန်းနဲ့ လာရောက်ဗုံးတိုက်ခိုက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။ အခုလို စစ်ကောင်စီဘက်က နေ့တိုင်းလိုလို လေကြောင်းအင်အားသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတာဟာ  KIO/KIA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်အောင်၊ ဒေသခံပြည်သူတွေ မြို့ထဲကို မဝင်လာအောင် မြို့ကို တမင်ဖျက်ဆီးနေတာဖြစ်တယ်လို့ ချီဖွေဒေသခံ တစ်ဦးက ဆက်ဆိုပါတယ်။ “သူတို့ လာပစ်ချင်တဲ့ အချိန်တက်လာပြီး လာလာပစ်နေတာ။ အခုတလောဆို ညတိုင်းလိုလိုလာပစ်နေတာ။ သေနတ်တွေက စိုးရိမ်စရာမရှိတော့တာ နှစ်ရက် သုံးရက်လောက်ရှိပြီ။ ဒေသခံတွေလည်း လေကြောင်းတစ်ခုပဲ စိုးရိမ်နေကြတာ။ ပြီးရင် မြို့ကို KIA တွေ မထိန်းချုပ်နိုင်အောင်၊ မြို့ပျက်စီးသွားအောင် တမင်လုပ်နေတယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ချီဖွေမြို့ သိမ်းပိုက်နိုင်ခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်ညမှာလည်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဘော်ဒါဆောင်ဆောင်မှာရှိနေတဲ့ ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်သေဆုံးမှုရှိခဲ့သလို တစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ချီဖွေမြို့ပေါ်မှာ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားတာ ၄ ရက်ခန့်ရှိလာပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေဆက်ရှိနေသေးတာကြောင့် ချီဖွေဒေသခံ တစ်ထောင်ကျော် မြို့ပြင်နေရာတွေမှာ ဆက်လက်တိမ်းရှောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့နောက်ပိုင်း စစ်ဘေးရှောင်တစ်ချို့ မြို့ထဲကို ပြန်ဝင်လာကြပေမယ့် အခုလို ဗုံးကြဲတိုက်ခိုက်ခံရပြီး အသက်သေဆုံးတာတွေ ရှိနေတာကြောင့် ပြန်လည်တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ တစ်ဖက်မှာ ချီဖွေမြို့တစ်ခုလုံးကို သိမ်းပိုက်ထားတဲ့ KIO/KIA အနေနဲ့လည်း အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်နိုင်ဖို့ အုပ်ချုပ်စနစ်တွေ လုပ်ဆောင်နေပြီလို့လည်း ဒေသခံတွေပြောပြပါတယ်။ ချီဖွေမြို့ဟာ မြစ်ကြီးနားနဲ့ ၈၈ မိုင်၊ ပန်ဝါနဲ့ မိုင် ၄၀ အကွာမှာရှိပြီး ပြည်သူ့စစ်တပ်တွေက မြေရှားသတ္တုအများဆုံးထုတ်နေတဲ့ နေရာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button