UWSA
-
Feb- 2026 -26 Februaryသတင်း
ဘန်ရှောင်ရွာမှာ ဝတပ်ဖွဲ့ကားက ဆိုင်ကယ်စီးလူငယ်တစ်ဦးကို ဝင်တိုက်ပြီး လျော်ကြေးပြန်တောင်းဆိုမှုဖြစ်ပွား
ရှမ်းမြောက် လားရှိုးမြို့နယ် ဘန်ရှောင်ကျေးရွာမှာ United Wa State Army (UWSA) ဝတပ်ဖွဲ့ဝင်တွေက ဒေသခံလူငယ်တစ်ဦးကို ကားနဲ့တိုက်ခဲ့ပြီး အဲဒီလူငယ်ဆီကနေ လျော်ကြေးငွေကို အတင်းအဓ္ဓမပြန်တောင်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မိုင်းယော်ကျေးရွာအနီး ဘန်ရှောင်ကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး UWSA တပ်ဖွဲ့အရှိန်နဲ့မောင်းလာတဲ့ Four Wheel ကားတစ်စီးက လမ်းသွယ်ကနေ မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာတော့ UWSA တပ်ဖွဲ့ဝင်တွေက အဆိုပါလူငယ်ဆီကနေ ငွေကျပ် ၄၅၀,၀၀၀ (လေးသိန်းငါးသောင်း) ကို လျော်ကြေးအဖြစ် အတင်းအဓ္ဓမပေးချေခိုင်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ကျမတို့ရွာထဲမှာ UWSA တပ်ဖွဲ့တွေ ကားနဲ့ ဆိုင်ကယ်တိုက်ကြတာပါ။ ဒါပေမဲ့ ဆိုင်ကယ်စီးတဲ့လူငယ်ကို ပြောင်းပြန်လျော်ကြေးပေးခိုင်းပါတယ်။ မတရားလျော်ကြေးမတောင်းဖို့ ရွာသားတွေ ဝိုင်းတားမြစ်ပြောဆိုပေမဲ့ ဂရုမစိုက်ဘူး။ ငွေအတင်းယူသွားပါတယ်။ UWSA တွေက ရွာကို နိုင်ထက်စီးနင်း လုပ်နေပါတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။ ဒေသခံတွေပြောချက်အရ လျော်ကြေးငွေမတောင်းယူဖို့ ရွာလူကြီးတွေနဲ့ဒေသခံများ ဝိုင်းဝန်းပြောဆိုခဲ့ပေမယ့်လည်း UWSA ဘက်က ဂရုမစိုက်ဘဲ ငွေကိုအတင်းတောင်းယူသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း ဘန်ရှောင်ရွာအထက် ကောင်းမိုးရွာမှာ UWSA တပ်ဖွဲ့က စစ်သင်တန်းကွင်းလုပ်ဖို့ပြင်ဆင်နေပြီး လမ်းသွားလမ်းလာကို ပိတ်ပင်ထားတဲ့အတွက် ဒေသခံတွေ သွားလာရေးအခက်အခဲ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျေးရွာအတွင်း ဒေသခံများ ရေသွယ်ယူတဲ့နေရာများအနီးနှင့် ရွာနယ်နိမိတ်အတွင်းရှိ သစ်တောများကို ခုတ်ယူရောင်းချတာ၊ မီးသွေးဖုတ်တာ ဆက်တိုက်လုပ်နေတယ်လို့လည်း ဒေသခံတွေ ပြောပါတယ်။ “ရွာထဲမှာ ဘယ်သူမှ မပြောရဲပါဘူး။ သွားပြောလည်း နားမထောင်ဘူး။ သူတို့က လက်နက်ကိုင်တွေဖြစ်တော့ မလိုလားပေမဲ့ အသံမထွက်ရဲကြဘူး။ ရွာက သစ်တောတွေလည်း ပြုန်းတီးကုန်ပါပြီ။ ပြောရင် လုံခြုံရေးစိုးရိမ်ရပါတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆက်လက်ပြောကြားပါတယ်။ ဘန်ရှောင်ရွာအပါအဝင် အဲဒီဘက်ရွာတစ်ကြောမှာရှိတဲ့ သစ်တောတွေအားလုံး ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်ကတည်း ဆက်တိုက်ထုတ်ယူနေတာကြောင့် လက်ရှိမှာတော့အားလုံးပြောင်သလောက်ရှိသွားပြီလို့ဆိုပါတယ်။ ဘန်ရှောင်ကျေးရွာဟာ လားရှိုးမြို့ အရှေ့ဘက်ခြမ်း မိုင်းယော် (Mungyaw) အထက်ဘက်မှာ တည်ရှိပြီးအိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကချင်သမိုင်းဝင် ကျေးရွာတစ်ခုဖြစ်သလို ကချင်လူမျိုး သီးသန့်နေထိုင်ကြတာလည်း ဖြစ်ပါတယ်။ အဲဒီရွာမှာကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးယန္တရားလည်း ရှိပေမဲ့ UWSA တွေက KIO တွေကို ရွာမှာရုံးစိုက်ခွင့်လည်း ပိတ်ပင်ထားသလို ဒေသခံတွေကိုလည်း KIO ကို အခွန်မဆောင်ဖို့ တားမြစ်ထားတယ်လို့ဒေသခံတွေက ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Feb- 2025 -12 Februaryသတင်း
ဘန်ရှောင် ကျေးရွာထဲ KIO ရုံးတည်ဆောက်မှုကို UWSA ကန့်ကွက်ပြီး၊ ဒေသခံတွေက UWSA ကို ပြန်လည်ကန့်ကွက်
လားရှိုးမြို့နယ်၊ မိုင်းယော် (Mungyaw) ကျေးရွာအနီး၊ ဘန်ရှောင်ကျေးရွာ (Bangshau mare) မှာ KIO ရုံးတည်ဆောက်မှုကို UWSA တပ်ဖွဲ့နဲ့ TNLA က တားဆီးပိတ်ပင်နေသလို ဘန်ရှောင်ဒေသခံတစ်ချို့ကလည်း UWSA ကို အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒဖော်ထုတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ စစ်တပ်အာဏာ မသိမ်းခင် ဂျာယန် ပြည်သူ့စစ်တပ်ဖွဲ့က ထိန်းချုပ်ခဲ့တဲ့ ဘန်ရှောင်ကျေးရွာကို ၂၀၂၃ ခုနှစ်ကတင်ပြီး ကျေးရွာ ပညာရေး၊ ကျန်းမာရေး ၊ လူမှုရေး…
Read More »

