သတင်း

ဘန်ရှောင် ကျေးရွာထဲ KIO ရုံးတည်ဆောက်မှုကို UWSA ကန့်ကွက်ပြီး၊ ဒေသခံတွေက UWSA ကို ပြန်လည်ကန့်ကွက်

လားရှိုးမြို့နယ်၊ မိုင်းယော် (Mungyaw) ကျေးရွာအနီး၊ ဘန်ရှောင်ကျေးရွာ (Bangshau mare) မှာ KIO ရုံးတည်ဆောက်မှုကို UWSA တပ်ဖွဲ့နဲ့ TNLA က တားဆီးပိတ်ပင်နေသလို ဘန်ရှောင်ဒေသခံတစ်ချို့ကလည်း UWSA ကို အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒဖော်ထုတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာ မသိမ်းခင် ဂျာယန် ပြည်သူ့စစ်တပ်ဖွဲ့က ထိန်းချုပ်ခဲ့တဲ့ ဘန်ရှောင်ကျေးရွာကို ၂၀၂၃ ခုနှစ်ကတင်ပြီး ကျေးရွာ ပညာရေး၊ ကျန်းမာရေး ၊ လူမှုရေး အားလုံး ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချူပ်မှု ယန္တရားအောက် ရောက်ရှိ လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ UWSA နဲ့ TNLA တို့ ပိတ်ပင်တားဆီးနေမှုကြောင့် ဘန်ရှောင်ကျေးရွာ KIO ရုံးတည်ဆောက်မှုကို ယာယီ ရပ်နားထားရတယ်လို့ ဘန်ရှောင်ကျေးရွာ ဒေသခံ ကချင်အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

ဒီရွာမှာ KIO/KIA ရုံးတည်ဆောက်နေမှုကို ၂ ရက်ဆက်တိုက်ပဲ UWSA ၀ နဲ့ TNLA တို့က ပိတ်ပင်နေတာ။ KIO လူကြီးတွေ ကတော့ သူတို့ မလုပ်နဲ့လို့ ပြောရင် ရုံးဆောက်လုပ်မှု ရပ်ပေးလိုက်ကြပါလို့ ညွှန်ကြားလာတယ်။ ဒါကြောင့် ရုံးဆောက်လုပ် မှုကိုတော့ ယာယီရပ်နားထားတယ်။ ရွာမှာ တပ်စွဲနေတဲ့ UWSA နဲ့ TNLA ကို အလိုမရှိတာကြောင့် ကန့်ကွက်ဆန္ဒပြကြတာ ဟုတ်တယ်လို့ ဘန်ရှောင် (Bangshau) ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် UWSA တပ်ဖွဲ့က ပြီးခဲ့တဲ့ ၃ လကတည်းက ကျေးရွာ ခရစ်ယာန် ဆုတောင်းတောင် နဲ့ စာသင်ကျောင်းမှာ တပ်စွဲလာမှုကို ဖယ်ပေးဖို့ ဒေသခံတွေ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ လိုက်လျောခြင်း မရှိခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဒေသခံရွာသားတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေက ကန့်ကွက်ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ကျေးရွာ ဒေသခံတွေအနေနဲ့ ၀ တပ်ဖွဲ့ကို ကျေးရွာအတွင်း တပ်စွဲမှု အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြနေကြစဉ် TNLA တပ်ဖွဲ့က တားဆီးပိတ်ပင်မှုတွေ ဆက်လက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြခံရပြီးနောက် ဘန်ရှောင် (Bangshau) ကျေးရွာရှိ အများပြည်သူနဲ့ သက်ဆိုင်တဲ့ စာသင်ကျောင်းနဲ့ ဘုရားကျောင်း၊ ဆုတောင်းတောင်တွေကနေ UWSA တပ်ဖွဲ့က တပ်ဆုတ်ပေးထားတယ်လို့ သိရပါတယ်။

KIA တပ်မဟာ ၁၀၊ တပ်ရင်း ၁၇ နယ်မြေ ဂန်မိန်း လွယ်ဒေါင် (Gamming Loidau ginwang) တိုက်နယ်၊ ဘန်ရှောင်( Bangshau) ကျေးရွာမှာ ယခင်က ၀ လက်နက်ကိုင်တပ်ဖွဲ့ UWSA  ဝင်ရောက်တပ်စွဲနေရာယူမှု မရှိပေမဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ကျေးရွာထဲ ဝင်ရောက်လာတာ ၃ လခန့်ရှိပြီလို့ ဒေသခံတွေပြောပါတယ်။

ဘန်ရှောင်ရွာက ကချင်သီးသန့်နေတဲ့ ကျေးရွာဖြစ်တယ်။ ကျမတို့ ရွာသားတွေရဲ့ဆန္ဒက ၀ တပ်ဖွဲ့တွေကို ဒီရွာမှာ မနေစေချင်ဘူး။ ရွာကော်မတီတွေ၊ ကျေးရွာဒေသခံပြည်သူတွေ လွတ်လွတ်လပ်လပ်နေထိုင်ပြီး လုပ်ကိုင်စားသောက်ခွင့်ရချင်တယ်။ သူတို့ လာနေတာကြောင့် သစ်တွေလည်း သူတို့ကြိုက်သလို ခုတ်သုံးတယ်။ ကျေးရွာဒေသခံ အမျိုးသမီးတွေ၊ လူငယ်တွေကိုလည်း စည်းရုံးတာတွေ၊ စရိုက်ပျက်အောင် လုပ်ဆောင်တာတွေ အလို မရှိတာကြောင့် ၀ တပ်ဖွဲ့ကို ဒီရွာမှာ မနေစေချင်ဘူးလို့ တောင်းဆိုချင် တယ်” လို့ ဘန်ရှောင်ကျေးရွာ ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။

ဘန်ရှောင်ကျေးရွာဟာ လားရှိုးမြို့ အရှေ့ဘက်ခြမ်း မိုင်းယော် (Mungyaw) အထက်ဘက်မှာ တည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကချင်သမိုင်းဝင် ကျေးရွာတစ်ခု ဖြစ်သလို  ကချင်လူမျိုး သီးသန့်နေထိုင်ကြတာလည်း ဖြစ်ပါတယ်။

ဒီကျေးရွာဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIA/KIO ပထမဦးဆုံးသော ဥက္ကဋ္ဌ GOC လထော်ဇော်ဆိုင်းရဲ့ ဇာတိရွာလည်းဖြစ်သလို KIO အစတည်ရာ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကလည်း ဂျာယန်ပြည်သူ့စစ်ထဲ ရောက်နေရှိတဲ့ တအာင်းပြည်သူတွေကို လာရောက်ကယ်ထုတ်တဲ့ အကြောင်းပြချက်ဖြင့် TNLA နဲ့ ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ဘန်ရှောင်ကျေးရွာမှာ UWSA က ခန့်ထားတဲ့ လူတချို့က ဝ ပြည်သူ့စစ် ပေါ်ပေါက်လာဖို့  ကျေးရွာအတွင်း စည်းရုံးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button