သတင်း

ဝါးရှောင်ဆည်ကို ကျပ် ၁.၅ ဘီလီယံ ကုန်ကျခံကာ ပြန်လည်ပြင်ဆင်

နှစ်ပေါင်း ၅၀ ကျော်ကြာ ဝိုင်းမော်မြို့နယ်ရှိ ဝါးရှောင်ရေလွှဲဆည်ကို ပထမအကြိမ်အဖြစ် သဲနှုန်းဆယ်သည့်လုပ်ငန်း စတင်နေပြီ ဖြစ်သည်။

အဆိုပါလုပ်ငန်းတွင် ပြည်ထောင်စုဘတ်ဂျတ် ကျပ် ၁.၅ ဘီလီယံ(သန်းပေါင်း ၁၅၀၀) နှင့် ကချင်ပြည်နယ်အစိုးရဘတ်ဂျတ်ငွေ သိန်းပေါင်း (၇၀၀) သုံးစွဲမည်ဟု သိရသည်။

“ဝါးရှောင်ဆည်ဆိုတာ ကချင်ပြည်နယ်မှာသမိုင်းဝင်ဆည်တစ်ခုဖြစ်တယ်။ ဒီဆည်မှာ နှစ်ပေါင်း ၅၀ကျော်က စုနေတဲ့သဲနူန်းတွေက ရေထွက်ပေါက်နဲ့အညီ သဲနူန်းတွေ အကုန်ပြည့်လာတယ်။ အဲတော့ပထမ သဲနူန်းဆယ်တဲ့အပိုင်း လုပ်ရတယ်။ ဆည်ကြီးမှာသဲထုတ်ပေါက်ရှိတယ်။ သဲထုတ်ပေါက်က သဲတွေနဲ့ပြည့်လာတဲ့ချိန်ကျတော့ အလုပ်မလုပ်တော့ဘူး။ အဲတော့ ရေမြေဧရိယာနည်းလာတယ်။ ရေပမာဏလျော့နည်းလာတယ်။ အဲတော့ဘာဖြစ်လာလဲဆိုရင် ဆည်မြောင်းကို မှီခိုနေကြရတဲ့ စပါးစိုက်တောင်သူတွေ အတွက်ခက်ခဲဖြစ်လာတယ်။ ရေလုံလောက်မူမရှိဘူးဖြစ်လာတယ်။” ဟု စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ဆိုသည်။

ဝါးရှောင်ဆည်သည် ဝိုင်းမော်မြို့နယ်တွင်းရှိ တောင်သူများ၏စိုက်ပျိုးရေးလုပ်ငန်းအတွက် အရေးပါသောဆည်ဖြစ်ပြီး လက်ရှိ စီမံကိန်းကာလတွင်လည်း တောင်သူများ ရေခက်ခဲမှုမရှိစေရန် ယာယီရေတားတမံဖြင့် ရေဖြန့်ဝေပေးနိုင်ရန် စီစဉ်နေကြောင်းသိရသည်။

လက်ရှိပြုပြင်နေသည့် ဝါရှောင်ဆည်သည် ဝိုင်းမော်မြို့၏အရှေ့မြောက်ဘက် ၁၀မိုင်အကွာ ဝါရှောင်ရွာအနီး နန့်မြင်းခချောင်းကိုဖြတ်ကာ ကွန်ကရစ်ရေလွှဲဆည်တည်ဆောက်ထားခြင်းဖြစ်သည်။ အဆိုပါဆည်အား လွန်ခဲ့သည့် (၁၉၆၂-၁၉၆၃) တွင် စတင်အကောင်ထည်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အလျား(၂၇၂)ပေ၊ အမြင့်(၃၀)ပေ ရှိသည်။

ဝါရှောင်ဆည်မှ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝါရှောင်၊ ဝူယန်၊ နမ့်ဝါ၊ မဒိန်၊ ဝိုင်းမော်မြို့ပေါ်ရပ်ကွက်များ၊ မုတ်လွှဲ၊ ခတ်ချို၊ နောင်စီပေါ စသည့်ကျေးရွာများတွင်ရှိသည့် လယ်ယာမြေဧကပေါင်း(၁၁၄၄၆) ကို ရေလွှဲပေးနေသည်ဟု သိရသည်။

လက်ရှိပြုပြင်နေသည့် စီမံကိန်းကို ဇွန်လ မိုးတွင်း မရောက်မှီ အချိန်မှီ ပြုလုပ်ပြီးစီးအောင် ပြုလုပ်နေသည်ဟုလည်း သိရသည်။

 

 

Show More

Related Articles

Back to top button