မီတာခ အဆမတန်တက်ရင် ဘူးဂါးလျှပ်စစ်ရုံးမှာ လာရောက်ဖြေရှင်းနိုင်ဟုဆို

မြစ်ကြီးနားမြို့မှာ မီတာခ အဆမတန် မြင့်တက်တာမျိုး ကြုံရရင် ဘူးဂါးလျှပ်စစ်ရုံးကို လာရောက်တိုင်ကြားပြီး ဖြေရှင်းနိုင်တယ်လို့ ဘူးဂါးလျှပ်စစ်ရုံး တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

မြို့ခံပြည်သူတွေရဲ့ ပြောပြချက်အရ လျှပ်စစ်မီတာခတွေဟာ အရင်လတွေထက် ၃ ဆကနေ ၁၀ ဆလောက်အထိ မြင့်တက်လာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘူးဂါးလျှပ်စစ်ရုံး တာဝန်ရှိသူကို KNG က မေးမြန်းရာ ဒါက ဘယ်လိုပြောရမလဲ၊ Equipment Error Technical Error Human Error ဆိုတဲ့ ချို့ယွင်းချက်တွေ အရမ်းများတယ်။ ဘယ်လိုချို့ယွင်းချက်တွေကြောင့် ဖြစ်တယ်ဆိုတာက တစ်ခါတည်း ဖြေရှင်းပြီး စစ်ဆေးမှ ရနိုင်မှာဖြစ်တယ်။ အကောင်းဆုံးကတော့ ရုံးကိုလာပြီး Complaint တက်လို့ရတယ်။ မှန်ကန်တဲ့အရာတွေကိုလည်း လုပ်ဆောင်နိုင်မှာဖြစ်တယ် လို့ ဆိုပါတယ်။

ဒါ့အပြင် တစ်နှစ်အတွင်း လျှပ်စစ်မီး အသုံးများပြီး မီတာယူနစ် မြင့်တက်တတ်တဲ့ကာလက ဩဂုတ်နဲ့ စက်တင်ဘာလတွေ ဖြစ်တယ်လို့ ဘူးဂါးလျှပ်စစ်ရုံး တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါပေမယ့် မြစ်ကြီးနားမြို့ခံတချို့ရဲ့ မီတာယူနစ်နဲ့ ကျသင့်ငွေတွေဟာ အရင်လတွေထက် အဆမတန် မြင့်တက်လာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ 

ဩဂုတ်လမှာ ယူနစ် ၃၀၀ ကျော်ကနေ ယူနစ် ၁,၀၀၀ ကျော်၊ ယူနစ် ၄၀၀ ကျော်ကနေ ယူနစ် ၄,၀၀၀ ကျော်အထိ မြင့်တက်လာတာတွေ ရှိပြီး ကျသင့်ငွေကလည်း ကျပ် ၁ သိန်းဝန်းကျင်ကနေ ၄ သိန်း၊ ကျပ် ၁ သိန်းကနေ ၁၀ သိန်းကျော်အထိ မြင့်တက်လာတာတွေ ရှိတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ရှေ့နှစ်လလောက်ကတော့ မီတာခ သောင်းဂဏန်းပဲရှိတာ။ အရင်လက မီတာက တစ်သိန်းကျော် တက်သွားတယ်။ အဲဒီအထိကတော့ လက်ခံလို့ရတယ်ပေါ့နော်။ ဒီမှာလည်း ရေခဲသေတ္တာ၊ ပန်ကာလောက်ပဲ သုံးတယ်။ ဒါမယ့် မီးလာချိန်က သုံးနာရီလောက်ပဲရှိတယ်။ ပုံမှန်ဆို ဆိုလာနဲ့သုံးတယ်၊ ဆိုလာကုန်ရင် မီးစက်နိုးတယ်။ အခုဒီလ မီတာလာဖတ်တာတော့ မမြင်မိဘူး။ မီတာစာရွက်လာပို့မှပဲ ၁၃ သိန်းနီးပါး ဖြစ်နေတာ လို့ မြစ်ကြီးနားမြို့ခံတစ်ဦးပြောပါတယ်။

လက်ရှိ မီတာခနှုန်းထားအရ တစ်ယူနစ်ကနေ ၅၀ ယူနစ်အထိကို တစ်ယူနစ် ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၁၀၀ ယူနစ်အထိကို တစ်ယူနစ် ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၂၀၀ ယူနစ်အထိကို တစ်ယူနစ် ၁၅၀ ကျပ်နဲ့ ၂၀၁ ယူနစ်အထက်ကို တစ်ယူနစ် ၃၀၀ ကျပ်နှုန်းနဲ့ တွက်ချက်ပေးနေတယ်လို့ သိရပါတယ်။

ဥပမာ မီတာယူနစ် ၇၀၀ သုံးစွဲထားရင် ပထမ ၅၀ ယူနစ်ကို ၅၀ ကျပ်၊ နောက် ၅၀ ယူနစ်ကို ၁၀၀ ကျပ်၊ နောက် ၁၀၀ ယူနစ်ကို ၁၅၀ ကျပ်နဲ့ တွက်ပြီး ကျန်တဲ့ ယူနစ် ၅၀၀ ကို တစ်ယူနစ် ၃၀၀ ကျပ်နဲ့ တွက်ချက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း မီတာခ ကျပ် ၃ သောင်းဝန်းကျင်သာ ကျသင့်ရာကနေ ၃ ဆလောက် မြင့်တက်ပြီး ကျပ် ၁ သိန်းနီးပါး ကျသင့်တာမျိုး ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် လက်ရှိ မီးကြိုးပျက်တာ၊ မီးကြိုးအခိုးခံရတာမျိုး ဖြစ်ရင်လည်း ဘူးဂါးလျှပ်စစ်ရုံးက တာဝန်ယူပြင်ဆင်ပေးတာ မရှိတော့ဘဲ ရပ်ကွက်နေပြည်သူတွေကိုယ်တိုင် ငွေကုန်ခံပြီး မီးကြိုးတွေ ပြန်ဝယ်ကာ ပြင်ဆင်နေရတယ်လို့ ဆိုပါတယ်။

အရင်က ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကနေ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေကို ချီဖွေရေအားလျှပ်စစ်၊ မလိခရေအားလျှပ်စစ်နဲ့ အမျိုးသားဓာတ်အားလိုင်း (National Grid) ဆိုပြီး ဓာတ်အားရရှိတဲ့ နေရာ ၃ ခုကနေ ဖြန့်ဖြူးပေးခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၃ ခုနှစ်မှာ မလိခရေအားလျှပ်စစ်စက်ရုံ ချို့ယွင်းမှုတွေ ဖြစ်ပွားပြီး ပြန်လည်ပြင်ဆင်ဖို့ လိုအပ်ခဲ့ပေမယ့် နိုင်ငံရေးအခြေအနေတွေကြောင့် လက်ရှိအချိန်အထိ ရပ်နားထားရတယ်လို့ သိရပါတယ်။

အဲဒီနောက် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေကို ချီဖွေရေအားလျှပ်စစ်နဲ့ အမျိုးသားဓာတ်အားလိုင်း နှစ်ခုကိုသာ အဓိကအားကိုးပြီး လျှပ်စစ်မီး ဖြန့်ဖြူးခဲ့ရတာကြောင့် မီးမကြာခဏ ပြတ်တောက်တာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ် ဇူလိုင်လကစပြီး အမျိုးသားဓာတ်အားလိုင်းကနေ ရရှိတဲ့ လျှပ်စစ်ဓာတ်အားလည်း လျော့နည်းလာခဲ့တာကြောင့် လက်ရှိမှာ ချီဖွေရေအားလျှပ်စစ်ကို အဓိကမှီခိုနေရတယ်လို့ ဆိုပါတယ်။ 

လျှပ်စစ်မီးပေးနိုင်တဲ့ ပမာဏထက် သုံးစွဲသူဦးရေ ပိုများလာတာကလည်း လျှပ်စစ်မီးရရှိရေးကို ပိုခက်ခဲစေတယ်လို့ သိရပါတယ်။

By – Hope

Show More

Leave a Reply

Back to top button