ခေါင်လန်ဖူးမှာ တိုက်ပွဲဆက်ပြင်းထန်နေ
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ထဲက စစ်တပ်နဲ့ ခေါင်လန်ဖူးပြည်သူ့စစ် ပူးပေါင်းတပ်တွေရဲ့ အရေးပါတဲ့ ရဟတ်ယာဉ်ကွင်းပါစခန်းကုန်းကို သိမ်းပိုက်ခံရပြီးနောက် နှစ်ဖက်တပ်တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။
တရုတ်–မြန်မာ နယ်စပ်မှတ်တိုင် ၃၁ အနီးမှာ စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးပြည်သူ့စစ် ပူးပေါင်းတပ်တွေ ခြေကုပ်ယူထားတဲ့ ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၉ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ဒီနေ့ထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။
“တိုက်ပွဲကတော့ အဲ့ဘက်မှာ ခုရက်ပိုင်း ဆက်တိုက်ပဲ ဖြစ်နေတယ်။ ကျွန်တော်တို့ဘက်ကလည်း သိမ်းထားတဲ့နေရာတွေကို လက်လွှတ်မခံဘူး။ သူတို့ဘက်ကလည်း မြို့ထဲဝင်လာမှာကြောက်တော့ ဒီဘက်ကို တောက်လျှောက် လှုပ်ရှားလာနေတော့ တိုက်ပွဲက ဆက်တိုက်ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်မှာ သိမ်းပိုက်ခံလိုက်ရတဲ့ ရဟတ်ယာဉ်ကွင်းဟာ ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေရဲ့ ရှေ့တန်းစစ်မြေပြင်အတွက် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနဲ့ တပ်သားအင်အားတွေ ဖြည့်တင်းရာမှာ အသုံးပြုနေတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီရဟတ်ယာဉ်ကွင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီပူးပေါင်းတပ်တွေဘက်က ထိုးစစ်ဆင်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာတာလို့ သိရပါတယ်။
“အခုနောက်ပိုင်း လူပို့တာတို့၊ အရေးပေါ် လက်နက်ခဲယမ်းပို့တာ၊ ဒရုန်းပစ္စည်းပို့တာတို့ဆိုရင် အဲ့ဒီရဟတ်ယာဉ်ကွင်းကိုပဲ ပို့တာ။ ဟုတ်တယ်၊ တော်တော်တော့ အရေးပါတာပေါ့။ ဒါကြောင့် အခုချက်ချင်းဆိုသလို ထိုးစစ်တွေ တောက်လျှောက်လုပ်နေတာ” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တပ်စခန်းကုန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီပူးပေါင်းတပ်တွေက ခေါင်လန်ဖူးဘက်ကနေ မှတ်တိုင် ၃၁ ဘက်ကို ထိုးစစ်အရှိန်မြှင့်နေသလို KIA ပူးပေါင်းတပ်တွေကလည်း သိမ်းထားတဲ့ ရဟတ်ယာဉ်ကွင်းဘက်ကနေ ခေါင်လန်ဖူးမြို့ဘက်ကို ဦးတည်ပြီး ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
မနေ့ကအထိ မှတ်တိုင် ၃၁ တစ်လျှောက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
သိမ်းပိုက်ထားတဲ့ ရဟတ်ယာဉ်ကွင်းအနီးမှာ ခေါင်လန်ဖူးပြည်သူ့စစ်ရဲ့ ဌာနချုပ်စခန်းတစ်ခုလည်း ရှိပြီး ခေါင်လန်ဖူးရှေ့တန်းအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အားရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို အဲဒီရဟတ်ယာဉ်ကွင်းကနေတစ်ဆင့် ပို့ဆောင်တာလို့ သိရပါတယ်။
“အဲ့ဒီရဟတ်ယာဉ်ကွင်းက ခေါင်လန်ဖူးမြို့ပေါ်က ရဟတ်ယာဉ်ကွင်းပြီးရင် ဒုတိယအရေးပါဆုံးလို့ ပြောလို့ရတယ်။ မှတ်တိုင် ၃၀၊ ၃၁၊ ရှိန်းခေါင်ဘက်တွေ အတွက် အရေးပါတယ်။ အခု တော်တော်ပြာယာခတ်နေကြတယ်။ မြို့ပေါ်မှာလည်း ဖြစ်တယ်” လို့ ခေါင်လန်ဖူးမြို့ခံတစ်ဦးက ပြောပါတယ်။
KIA ပူးပေါင်းတပ်တွေဟာ ခေါင်လန်ဖူးဒေသကို ထိန်းချုပ်နိုင်ဖို့ ၂၀၂၆ ခုနှစ် ဇွန်လကစပြီး လာဟီဆင်နဲ့ လန်ဆယ်ဘက်ကနေ ခေါင်လန်ဖူးနယ်စပ် မှတ်တိုင် ၃၀ နဲ့ ၃၁ ဘက်ကို စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး လက်ရှိမှာ မှတ်တိုင် ၃၁ အထိ ဝင်ရောက်လာနိုင်တာကြောင့် ခေါင်လန်ဖူးမြို့နဲ့ ပိုနီးလာပြီလို့ သိရပါတယ်။
KIA ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကို ပြန်ခုခံဖို့နဲ့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်ရဖို့ ၂၀၂၄၊ ၂၀၂၅ ခုနှစ်ကတည်းက ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးပြည်သူ့စစ်တွေဟာ ရှေ့တန်းမှာ အကျအဆုံးများပြီး တပ်သားလိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေထိ လူငယ်တွေကို အဓမ္မဖမ်းဆီးတာတွေ လုပ်နေပြီး စက်တင်ဘာ ၂၁ ရက်အထိ လူငယ် ၂၀၀ ဝန်းကျင် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းအထိ စစ်ကောင်စီနဲ့ ခေါင်လန်ဖူးပြည်သူ့စစ်တွေဟာ လက်ရှိ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လာဟီဆင်နဲ့ လန်ဆယ်ဘက်ကို ခေါင်လန်ဖူး–လန်ဆယ်လမ်းကနေ ထိုးစစ်ဆင်ခဲ့ပေမယ့် ဇွန်လလောက်ကစပြီး လာဟီဆင်ဘက်က ထိုးစစ်ကို ရပ်ကာ မှတ်တိုင် ၃၀ ဘက်ကို အဓိကထား ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။
KIA ပူးပေါင်းတပ်တွေကလည်း ၂၀၂၄ ခုနှစ်မှာ လန်ဆယ်ရွာနဲ့ လာဟီဆင်စခန်းကုန်းတွေကို သိမ်းပိုက်ခဲ့ပြီး ခေါင်လန်ဖူး–လန်ဆယ်–ချီဖွေလမ်းပိုင်းကို ထိန်းချုပ်ထားသလို လက်ရှိမှာ ရှိန်းခေါင်–ခေါင်လန်ဖူး လမ်းပိုင်းကိုပါ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ခေါင်လန်ဖူးဒေသဟာ မြန်မာ–တရုတ် နယ်စပ်နဲ့ နီးတဲ့ဒေသဖြစ်ပြီး ပူတာအို၊ ချီဖွေနဲ့ ဆော့လော်ဘက်ကို ဆက်သွယ်တဲ့ လမ်းကြောင်းတွေရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။
By – Zaw Zaw




