တကောင်းနီကယ်စက်ရုံဆိပ်ကမ်းမှာ ရပ်နားခဲ့တဲ့ စစ်သင်္ဘောအုပ်စု ဘာတွေလုပ်နေလဲ
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်ဘက်ကို ဒုတိယအကြိမ် ဆန်တက်လာတဲ့ စစ်တပ်ရဲ့ ရေယာဥ် ၃၃ စီးပါ အုပ်စုဟာ စက်တင်ဘာ ၄ ရက်နေ့မှာ စတင်ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီရေယာဥ် စုစုပေါင်း ၃၃ စီးလုံး စက်တင်ဘာ ၇ ရက်နေ့မှာ ထီးချိုင့်မြို့နယ် မောင်းကုန်းဆိပ်ကမ်းဘက်ကို ရောက်ရှိလာ ပြီးနောက် အဲ့ဒီထဲက ၂၇ စီးခန့်ဟာ တကောင်းနီကယ်စက်ရုံအနီးဆိပ်ကမ်းမှာ ရပ်နားခဲ့တာဒီနေ့အထိဖြစ်ပါတယ်။
အဲ့ဒီထဲက ကျန်တဲ့ရေယာဉ်တချို့ကတော့ ဗန်းမော်ဘက်ကို ဆက်လက်ဆန်တက်သွားခဲ့ပြီးတိုက်ခိုက်ခံရတာကြောင့် ပျက်စီး မီးလောင်နစ်မြုပ်တာတွေရှိခဲ့တာပါ။
တစ်ဖက်မှာ တကောင်းနီကယ်စက်ရုံဆိပ်ကမ်းမှာ ရေယာဥ် ၂၇ စီးခန့်ရပ်နားထားတာ ၁၀ ရက်ကြာရှိလာတဲ့နောက် ဒီရေယာဥ် တွေပေါ်ကို တကောင်းနီကယ်စက်ရုံက သတ္တုပစ္စည်းတချို့ကိုသယ်ယူဖို့အတွက်ပြင်ဆင်နေပြန်တယ်လို့ မြေပြင်သတင်းရင်းမြစ် တွေကပြောပါတယ်။
အဲ့ဒီရေယာဉ်တွေဟာ တကောင်းနီကယ်စက်ရုံနဲ့ဝေမာသကြားစက်ရုံအတွက် ကျောက်မီးသွေးတွေချဖို့ ဆိပ်ကမ်းမှာ ကနဦး ရပ်နားထားခဲ့ကြတာဖြစ်ပြီး အဲ့ဒီကျောက်မီးသွေးတွေဟာ တကောင်းနီကယ်စက်ရုံအတွက် အသုံးပြုဖို့ ဖြစ်နိုင်တယ်လို့ မြေပြင်က သတင်းရင်းမြစ်တွေကပြောပါတယ်။
တကောင်းနီကယ်စက်ရုံတစ်ဝှိုက်ရပ်နားထားတဲ့ ရေယာဥ်အုပ်စုတွေရဲ့လက်တလောအခြေနေဘယ်လိုရှိပါသလဲ။ သတင်းရင်းမြစ်တစ်ဦးပြောတာက“အခုက နီကယ်ဆိပ်ကမ်းမှာဆိုက်ထားတဲ့ သင်္ဘောတွေက လောလောဆယ်တော့ ကျောက်မီးသွေးချပြီးသလောက်တော့ရှိပြီဗျ။ ဒါပေမဲ့ ကုန်တော့မကုန်သေးဘူး။ ကျန်တော့ကျန်နေသေးတယ်။ သူတို့အောက်ပိုင်းကတင်လာတဲ့ ကျောက်မီးသွေးတွေလေ။ နီကယ်စက်ရုံကို သူတို့ပြန်မသိမ်းခင်တုန်းက သူတို့ တင်ပို့ဖို့ကျန်နေသေးတဲ့ ပစ္စည်းတွေရှိသေးတယ်ဗျ။ ကျနော်တို့သိသလောက် ခန့်မှန်းမိသလောက်ဆိုရင် နီကယ် ဒါမှမဟုတ်ရင် ကြေးနီအဲ့တာပဲ အခုကျတော့ အဲ့တာတွေကို ပြန်တင်ပို့ဖို့ တရုတ်ပြည်ဘက်ကို ပြန်ပြီးတင်ပို့ဖို့လုပ်နေတယ်လို့ ကျနော်တို့ပြန်သိရတယ်ဗျ။ တင်ပို့ မှာကတော့ သူတို့လုံးဝကိုတင်ပို့မှာ။ အဲ့တာကို အခု ဒီတစ်ခေါက်တင်မလားမတင်ဘူးလားဆိုတာတော့ မသိရသေးဘူး။”
တကောင်းနီကယ်စက်ရုံက ထုတ်လုပ်တဲ့ ဖာရိုနီကယ် (Ferronickel)ကို အရင်ကတည်းက ဧရာဝတီမြစ်ကြောင်းကနေ သင်္ဘောတွေနဲ့ တရုတ်နိုင်ငံဘက် တင်ပို့ခဲ့တဲ့ မှတ်တမ်းတွေရှိပါတယ်။
၂၀၂၀ ခုနှစ်တစ်ရက်ကို ဖာရိုနီကယ်ferronickel တန် ၂၀၀ ခန့်ကို ထီးချိုင့်သင်္ဘောဆိပ်ကနေ ရေလမ်းနဲ့ တရုတ်ဘက် တင်ပို့ခဲ့တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။ဒါ့အပြင် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အစောပိုင်းမှာတောင် မြန်မာကနေတရုတ်ဘက်ကို ဖာရိုနီကယ် ferronickel တင်ပို့မှုတွေရှိခဲ့သေးတာပါ။
ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တင်ပို့မှုပမာဏ သိသိသာသာကျဆင်းသွားခဲ့ပြီး စက်ရုံ ထိန်းချုပ်မှုအပြောင်းအလဲတွေပါဖြစ်ခဲ့ရတာဖြစ်ပါတယ်။
တကောင်းနီကယ်စက်ရုံဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်ကို ၂၀၂၄ ခုနှစ်မှာ ရောက်ရှိခဲ့ပြီး၊ယခုနှစ် ၂၀၂၆ ဖေဖော်ဝါရီလ ၆ ရက်ကစပြီး စစ်တပ်ဘက်က တကောင်းဒေသကို ပြန်လည်ထိုးစစ်ဆင်ခဲ့ပါတယ်။ အဲ့ဒီထိုးစစ်အပြီး မတ်လ ၁၂ ရက်မှာ တကောင်းမြို့ကို စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် ဒုတိယအကြိမ် ကချင်ပြည်နယ်ကိုဦးတည်ပြီးတက်လာတဲ့ စစ်သင်္ဘောအုပ်စုနဲ့အတူ တကောင်းနီကယ်စက်ရုံပြန်လည် လည်ပတ်ဖို့အတွက်လည်း လိုအပ်တဲ့ပစ္စည်းတွေပါသယ်ဆောင်လာပြီး လူအင်အားပါ စစ်သင်္ဘောနဲ့အတူလိုက်ပါလာပုံရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ယူဆထားကြပါတယ်။
တစ်ဖက်မှာတော့ ကချင်ပြည်နယ်အထက်ဘက် ဗန်းမော်အထိ ဆန်တက်သွားခဲ့တဲ့ စစ်သင်္ဘောအုပ်စုထဲက ရေယာဥ်တချို့က လည်း စက်တင်ဘာ ၁၇ ရက်နေ့ကစလို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ပြန်လည်စုန်ဆင်းလာနေပြီ ဖြစ်တယ်လို့သိရပါတယ််။
By – အမိုး



