သတင်း

ပမ္ပတီးစစ်ရှောင်စခန်းတွင် လျှပ်စစ်မီးနဲ့ အခြားအကူညီများလိုအပ်နေ

မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် နယ်မြေ ၅ ရှိ ကဆုန့် (ခါနန်)စစ်ရှောင်များသည် ၂ နှစ်ကျော်ကြာမိုးကာတဲတွင်ခိုလှုံခဲ့ရာမှ ယခု အဆောက်အဦးဖြင့်နေထိုင်ရပြီဖြစ်သော်လည်း အခြားကူညီထောက်ပံ့မှုများ ဆက်လက်လိုအပ်နေဆဲဖြစ်သည်ဟု စစ်ရှောင်တာဝန်ခံများပြောသည်။

မိုးကာတဲဖြင့် ယခုနှစ်မိုးတွင်းဆက်လက်ဖြတ်သန်းရန် မဖြစ်နိုင်တော့သဖြင့် လွန်ခဲ့သည့် မတ်လကတည်းက သွပ်မိုးဖြင့်စခန်းအဆောင်သစ် စတင်ဆောက်ခဲ့ရာ မေလ ၂၂ရက်နေ့တွင် နေရာအသစ်သို့ရွှေ့ပြောင်း နေထိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် စခန်း လုံခြုံရေးအတွက် ခြံဝန်းကာခြင်းနှင့် လျှပ်စစ်မီးအမြန်ရရှိရန် လိုအပ်နေကြောင်း စစ်ရှောင်တာဝန်ခံ ဦးဒွဲအောင်က ယခုလိုပြောဆိုသည်။

“ကျနော်တို့က အရင်တုန်းကတော့ မိုးကာတဲမှာဘဲနေရခဲ့တာပေါ့။ မိုးကာတဲကလည်း အချိန်ကြာလာတော့ လုံးဝနေလို့မရတော့ဘူး။ မိုးတွင်းရောက်လာမှာတောင်ကြောက်တယ်။ အဲ့ကြောင့် စစ်ရှောင်ကူညီရေးအဖွဲ့တွေကို တောင်းဆိုခဲ့တယ်။ သူတို့ကလည်း မိုးတွင်းအမီဆောက်ပေးတာပေါ့။ ဒါပေမယ့် အခုကလုံခြုံရေးပိုင်းကြည့်မယ်ဆိုရင် ခြံဝန်းမရှိသေးဘူး။ ခြံဝန်းကာဖို့လိုအပ်သေးတယ်။ နောက်အဆောင်မှာ လျှပ်စစ်မီးမရသေးဘူး။ ကျောင်းသား/သူ တွေရှိတော့ မီးကလိုအပ်နေတယ်” ဟု ပြောဆိုသည်။

Covid-19 ကာလဖြစ်သည့်အတွက် စားဝတ်နေရေးခက်ခဲမှုကို ပမ္မတီးစစ်ရှောင်များလည်း ရင်ဆိုင်နေရပြီး အချို့သည်မူရင်း ကဆုန့်ကျေးရွာသို့ ယာယီပြန်ကာ စိုက်ခင်းသွားရောက်လုပ်ကိုင်မှုများလည်း ရှိနေကြောင်း သူကဆက်လက်ပြောဆိုသည်။

“ထောက်ပံ့ရေးမှာ လစဉ်တိုင်း KMSS ကတာဝန်ယူပေးနေတာပေါ့။ ဒါပေမယ့် ကိုဗစ်ဖြစ်ပွားနေတဲ့ အချိန် ဆိုတော့ လတိုင်းမလာဘူး။ သူတို့က ၂ကြိုပေါင်းပြီး ထောက်ပံ့ထားတယ်။ ကိုဗစ်ကာလမှာက စစ်ရှောင်တွေက လုပ်ငန်းပိုင်း စားဝတ်နေရေး လုပ်ကိုင်ဖို့ကလည်း အဆင်မပြေဘူး။ အဲ့ကြောင့် ဒီထောက်ပံ့ပေးနေတာကလည်း မလုံလောက်ဘူး။ တစ်ချို့က မူလထွက်ပြေးခဲ့တဲ့ရွာပြန်ပြီး အခင်းတွေလုပ်ကိုင်နေတာတွေရှိနေကြတယ်။ ဟိုဘက်မှာလည်း တရားဝင်သွားဖို့ ခွင့်ပြုပေးတာတွေက မရှိသေးဘူး။ ဒါပေမယ့် လုပ်ကိုင်စားသောက် ဖို့နေရာ မရှိတော့ သွားရောက်လုပ်ကိုင်နေကြတာပေါ့”ဟု ပြောဆိုသည်။

ပမ္ပတီးစစ်ရှောင်စခန်းတွင် လူဦးရေ ၁၀၀ ကျော်ခန့်နှင့် အိမ်ထောင်စု ၂၆ အိမ်ထောင်ရှိနေဆဲဖြစ်သည်။

အဆိုပါစစ်ရှောင်များသည် မိုးကောင်းမြို့နယ် နမ္မတီး ကဆုန့် ခါနန် စစ်ရှောင်များဖြစ်ကြပြီး ၂၀၁၈ခုနှစ် ဧပြီလအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁နယ်မြေ အတွင်း တိုက်ပွဲများပြင်းထန်းစွာဖြစ်ပွားခဲ့သဖြင့် ၎င်းတို့သည် နမ္မတီးကံလှ အေဂျီဘုရားကျောင်းဝင်းတွင် ၃လခန့် ခိုလှုံခဲ့ရာမှ ၎င်းနေရာတွင် ရေလွှမ်းမိုးသည့်ဒဏ်ကြောင့် လက်ရှိနေထိုင်သည့် မြစ်ကြီးနား ပမ္ပတီးသို့ ပြန်လည်ရွေ့ပြောင်းလာခြင်းဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button