သတင်း

ပူတာအို-မြစ်ကြီးနားလမ်းပိုင်း အတက်အဆင်းခွင့်ပြုပေမယ့် ကန့်သတ်ချက်တွေရှိနေ

ကချင်ပြည်နယ် ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်း အတက်အဆင်းခွင့်ပြုလိုက်ပေမယ့် ကန့်သတ်ချက်တွေများစွာရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့  စစ်ကောင်စီတပ်ဘက်နေ ရုတ်တရက်ပိတ်ချလိုက်တဲ့ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းကို အောက်တိုဘာ ၃၁ ရက်နေ့က ပြန်ဖွင့်ပေးလိုက်ပေမယ့် အချိန်နဲ့ကုန်တစ်ချို့သယ်ယူခွင့်ကန့်သတ်ထားတယ်လို့ ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။

“အတက်အဆင်းတော့ရှိတယ်ဒီနေ့လည်းကားတွေထပ်ဆင်းကြမယ် အဆင်းတော့နည်းနည်းအဆင်ပြပေမယ့် အတက်(မြစ်ကြီးနားမှပူတာအိုသို့ကတော့ပုံမှန်လို့မဟုတ်ဘူး သူတို့သွားဆိုတဲ့အချိန်သွားရတယ် ဂိတ်မှာစောင့်နေရတာပေါ့နော်။ နောက်ပြီးတော့ သူတို့တားမြစ်ထားတဲ့ပစ္စည်းတွေတင်လို့မရဘူး”လို့ သူကပြောပါတယ်။

လတ်တလော စစ်တပ်က ပူတာအို– မြစ်ကြီးနားလမ်းပိုင်း သယ်ယူခွင့်ကန့်သတ်လိုက်တဲ့ ပစ္စည်းတွေဟာ ဆေးဝါး၊မိုးကာနဲ့ စက်သုံးဆီတွေကို အဓိကပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ဒေသခံတွေပြောချက်အရ လတ်တလော ပူတာအိုကနေ မြစ်ကြီးနားအဆင်းကားတွေအတွက်အခက်အခဲမရှိပေမယ့် မြစ်ကြီးနားကနေ ကုန်တင်ပြီး ပူတာအိုဘက်တက်မယ့်ကားတွေက မြစ်ကြီးနားအထက် လမုန်ဇွတ်ဂိတ်မှာကားလမ်းဖွင့်မယ့်အချိန်ကိုစောင့်ဆိုင်းပြီးမှ တက်လို့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့အထွက် စစ်ဆေးရေးဂိတ်မှာ ကားပေါ်တင်ထားတဲ့ပစ္စည်းစာရင်းတွေပေးရပြီး စာရင်းတဲ့မပါတဲ့ ပစ္စည်းတွေ့ရင်သိမ်းခံရကြောင်း ပူတာအိုမြို့တွင်းစျေးသည်တစ်ဦးခုလို ဆက်ပြောပါတယ်။

မြစ်ကြီးနားမထွက်ခင်ဂိတ်မှာ ကိုယ်တင်လာတဲ့ပစ္စည်းတွေစာရင်းပေးရတယ်သူတို့ကတစ်ခုချင်းစီစစ်တယ်ကားတစ်စီးတစ်စီးစစ်တာ တစ်နာရီလောက်ကြာတယ် စာရင်းထဲမပါတဲ့ပစ္စည်းတွေ့ရင်သိမ်းတယ် အဓိကသူတို့မတင်ခိုင်းတဲ့ပစ္စည်းမပါဖို့ပဲ ပါလာရင်ပိုမေးမြန်းတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

နိုဝင်ဘာလဟာ ပူတာအိုဒေသမှာလယ်စပါးရိတ်သိမ်းတဲ့ကာလဖြစ်ပြီး အခုလို စက်သုံးဆီနဲ့ မိုးကာ၊ဆေးဝါးတွေသယ်ယူခွင့်တားမြစ်လိုက်တဲ့အတွက် လယ်စပါးရိတ်သိမ်းတဲ့တောင်သူတွေအတွက် အခက်အခဲဖြစ်နိုင်ကြောင်း ဒေသခံအမျိုးသားတစ်ဦး ဆိုပါတယ်။

စပါးရိတ်တာတော့အဆင်ပြေတယ်။ ချွေတဲ့နေရာနဲ့ စပါးသယ်ထုတ်ဖို့ကျဓာတ်ဆီလိုတယ် ချွေတာလည်းဆိုင်ကယ်နဲ့နှင်းပြီးချွေကြတာများတယ်။ သယ်တဲ့အခါလည်းသုံးဘီးတွေလိုတယ်လေး နောက်ပြီးမိုးကာလည်းမရှိမဖြစ်ပဲအခုလိုတားမြစ်ထားတော့မိုးကာစျေးတက်ရင်အခက်အခဲ ဖြစ်သွားမှာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်း ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့နယ်ဘက်ကိုစစ်အင်အားဖြည့်နေသလို KIAနဲ့ KPDF ပူးပေါင်းတပ်တွေဟာ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့နယ်မြို့နယ်အစပ်ဘက် ထိုးစစ်ဆင်တာတွေရှိနေပါတယ်။

ဒါကြောင့် ပြီးတဲ့ခဲ့ အောက်တိုဘာလ လန်ဟီဆင်စခန်းအနီးက စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်တပ်ဖွဲ့ရဲ့ရှေ့တန်းစခန်း တစ်ခုပြီးတစ်ခု KIA ပူးပေါင်းတပ်တွေသိမ်းပိုက်နေဆဲဖြစ်ပါတယ်။

ခုလို စခန်းတွေဆက်တိုက်လက်လွှတ်လာရတဲ့အတွက် စစ်ကောင်စီတပ်ဟာ  စစ်ရေးတင်းမာနေတဲ့ ခေါင်လန်ဖူးဘက်ကိုဝင်ရောက်နိုင်တဲ့ ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းကိုထိန်းချုပ်ထားပြီး ဆေးဝါး၊မိုးကာနဲ့ စက်သုံးဆီတွေကို တားမြစ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း စစ်ရေးနဲ့သဘာဝဘေးကကြောင့် ပူတာအို– မြစ်ကြီးနားလမ်းပိုင်း သုံးလကြာ ပိတ်ထားချိန် ကြက်ဥတစ်လုံးကျပ် ၅၀၀၀၊ ဓာတ်ဆီတစ်ပုလင်းကျပ် ၈၀၀၀၀ အထိစံချိန်တင်မြင့်တက်ခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button