ပူတာအိုတက်မယ့် ကားအစီး ၇၀ ဝန်းကျင် လမ်းခုလတ်မှာစောင့်ဆိုင်းနေရဆဲ
ကချင်ပြည်နယ် ပူတာအိုကိုတက်မယ့် ကုန်ကားအစီး ၇၀ နီးပါးဟာ စစ်တပ်ရဲ့လမ်းပိတ်ဆို့ထားဆဲဖြစ်တဲ့အတွက် လမ်းခုလတ်မှာစောင့်စိုင်းနေရကြောင်းသိရပါတယ်။
ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းကို စစ်ကောင်စီဘပ်က အောက်တိုဘာ ၂၃ ရက်နေ့မနက်ပိုင်းမှာ ရုတ်တရက်ပိတ်ချလိုက်ပြီးနောက် အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်း အဆင်းကားတွေကို ခနသာဖွင့်ပေးခဲ့ပြီး အဲဒီနေ့မှာပဲ ပြန်ပိတ်လိုက်တာလို့ သိရပါတယ်။
ဒါကြောင့် မြစ်ကြီးနားကနေ ပူတာအိုဘက်တက်မယ့် ကုန်ကား(ကားသေး)အစီး ၆၀ ကျော်က လမ်းခုလတ်မှာစောင့်ဆိုင်းနေရဲဖြစ်ကြောင်းကားသမားတစ်ဦးက KNG ကိုပြောပါတယ်။
“ဒီနေ့နဲ့ဆို သုံးရက်မြောက်ရှိပြီ လမ်းမှာလာလာစောင့်နေတာ ကားလမ်းက ဖွင့်မလိုလိုနဲ့တစ်နေကုန်စောင့်နေရတာ ပြီးရင်လှည့်ပြန်ရတာပဲမနေ့ညကလည်း အစီး၆၀ ကျော်တယ် လှည့်ပြန်လာရတယ်လမ်းမဖွင့်လို့ဒီနေ့လည်းထပ်တော့စောင့်နေကြတယ်လမ်းမလားဆိုပြီ”လို့ကားသမားတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့မှာကားလမ်းပိတ်လိုက်တာ ဖြစ်ပြီး ၂၇ ရက်နေ့မှာ ကားလမ်းပြန်ဖွင့်ကြောင်းကြောငြာခဲ့ပေမယ့် အဲ့ဒီနေ့မှာပဲကားလမ်းပြန်ပိတ်လိုက်တာကြောင့် ပူတာအိုတက်မယ့်ကားသမားတွေလမ်းခုလတ်မှာစောင့်ဆိုင်းနေရတာ ဒီကနေ့နဲ့ဆိုရင်လေးရက်မြောက်ရှိလာပြီလို့သိရပါတယ်။

“နယ်လုံကပိတ်တာ နယ်လုံကနေလမ်းဖွင့်ပြီလို့ပြောမှသွားလို့ရမှာ အခုကနယ်လုံက မဖွင့်ပေးတော့သွားလို့မရဘူး အခုကားသမားတွေက လမုန့်ဇွတ်ဂိတ်မှာ နယ်လုံကလမ်းဖွင့်ပေးတဲ့အမိန့်ကိုလာစောင့်နေကြတာ ဖွင့်ပေးတာနဲ့တက်ရုံပဲ”လို့ကားသမားတစ်ဦးက ပြောပါတယ်။
မနေ့ကလည်း ကားအစီး ၆၀ ကျော်၊ ၇၀ ဝန်းကျင် နယ်လုံကလမ်းမဖွင့်ပေးတာကြောင့် လမုန့်ဇွတ်ဂိတ်ကနေ မြစ်ကြီးနားမြို့ထဲကို လှည့်ပြန်သွားကြရတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်က ပူတာအို– မြစ်ကြီးနားလမ်းပိုင်းကို စစ်ရေးအကြောင်းပြချက်နဲ့ပိတ်ထားတာ ဖြစ်ပြီး အတက်/အဆင်းကားတွေအားလုံး ပိတ်မိနေဆဲ ဖြစ်ပါတယ်။
ပူတာအို မြစ်ကြီးနားကားလမ်းပိုင်း ပိတ်ထားတာ တစ်ပတ်တိတိ ကြာမြင့်လာတာနဲ့အမျှ ပူတာအို မြို့ပေါ်မှာအခြေခံ စားသောက် ကုန်အချို့ ရှားပါးလာပြီး ကုန်စျေးတွေမြင့်တက်လာနေကြောင်းလည်းသိရပါတယ်။
ပူတာအိုဒေသတစ်ခုလုံးရဲ့တစ်ခုတည်းသောကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တာကြောင့် ဆက်ပြီးပိတ်ထားရင်ပူတာအိုဒေသမှာ ကုန်စည်ပြတ်လပ်ပြီးကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်လာမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း စစ်ရေးနဲ့သဘာဝဘေးကကြောင့်ပူတာအို မြစ်ကြီးနားလမ်းပိုင်း သုံးလကြာ ပိတ်ထားချိန် ကြက်ဥတစ်လုံးကျပ် ၅၀၀၀၊ ဓာတ်ဆီတစ်ပုလင်းကျပ် ၈၀၀၀၀ အထိစံချိန်တင်မြင့်တက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်း ပူတာအို ခ.လ.ရ ၄၆ တပ်နဲ့ခေါင်လန်ဖူးမြိို့အထိုင်တပ်မှာ တပ်ပိုင်းအရာရှိအဆင့်အပြောင်းအလှဲလုပ်နေတဲ့အပြင် စစ်ရေးပြင်းထန်နေတဲ့ခေါင်လန်ဖူးဘက်ကိုစစ်အင်အားဖြည့်နေတာကြောင့် ပူတာအို –မြစ်ကြီးနားလမ်းကို ထိန်းချုပ်နေတာဖြစ်နိုင်ကြောင်းသိရပါတယ်။
By – Zaw Zaw



