သတင်း

ကချင်စစ်ရှောင်များနေပြန်နိုင်ရေးကိစ္စ KHCC နှင့် အစိုးရ နေပြည်တော်တွင် တွေ့ဆုံ

ကချင်စစ်ရှောင်များနေရပ်ပြန်ရေးနှင်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ရေးဆွဲထားသော စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး နှင့် ပြန်လည်နေရာချထားရေးမဟာဗျူဟာကို ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (KHCC) မှတဆင့်နေပြည်တော်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ဇူလိုင်လ ၁၀ ရက်နေ့ က သွားရောက်တင်ပြခဲ့သည်ဟု သိရသည်။

“အဓိကဆွေးနွေးတာတော့ KIO မှ ရေးဆွဲထားတဲ့ ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး နှင့် ပြန်လည်နေရာချထားရေး မဟာဗျူဟာ ကိုသွားပြီးတင်ပြတယ်။ သူတို့ဘက်ကလည်း ဒါကိုကြည့်ရှုလက်ခံပြီး NRPC ကို တင်ပြမယ်လို့ အဖြေရခဲ့တယ်။ ပြီးရင်ပြန်အကြောင်းပြန်မယ်လို့ ပြောတယ်။’’ ဟု KHCC မှ ပြောရေးဆိုခွင့်ရှိသူ ဖာသာရ်နောဧနော်လတ် က ပြောသည်။

ထို့အပြင် စစ်ပြေးဒုက္ခသည်များနေရပ်ပြန်ရေးတွင် လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခာရှိစွာဖြစ်ရေးအတွက် အသိပညာပေးသည့်ကိစ္စများကိုလည်း အဓိကထား တင်ပြခဲ့ကြောင်း သိရသည်။

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရသူများအား ပြန်လည်နေရာချထားရန် အစိုးရအဖွဲ့နှင့် KHCC တို့ နေပြည်တော်တွင်ဆွေးနွေးမှုပြုလုပ်ခဲ့သည်မှာလွန်ခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ တွေ့ဆုံမှုသည် တတိယအကြိမ်မြောက် ရှိပြီဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စများ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများ၊ မူးယစ်ဆေးဖြတ်ပြီးသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ နေရပ်ပြန်မည့်ပြည်သူများလုံခြုံမှုရရှိရေး စသည့်အချက်များကို အကောင်းဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း KHCC ဘက်မှ တင်ပြတောင်းဆိုခဲ့ကြောင်း ပြောသည်။

အခြားသောလုံခြုံရေးပိုင်းဆိုင်ရာ အသေးစိတ်နည်းပညာပိုင်းကို NRPC နှင့် KIO တို့ ရှေ့ဆက်ဆွေးနွေးသွားရန် နှစ်ဘက်ပြောဆိုဆွေးနွေးခဲ့ကြောင်းဆိုသည်။

ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများကို ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ NRPC မှ လူကယ်ပြန် ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်ပြီး ကချင်ဘာသာရေးအဖွဲ့များလည်း ပါဝင်ကာ အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကို ၂၀၁၈ ကတည်းက ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာတွင် စစ်ပြေးဒုက္ခသည်အိမ်ထောင်စု ၁၀ စုကို ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (KHCC) ၏ အစီစဉ်ဖြင့် ဇူလိုင် ၄ ရက်နေ့တွင် ပထမအကြိမ် နေရပ်ပြန်ပို့ခဲ့သည်။

၂၀၁၁ ခုနှစ်မှ စတင်ခဲ့သော ကချင်တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းမြောက်တွင် စစ်ပြေးဒုက္ခသည် ၁ သိန်းကျော် ရှိနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button