သတင်း

လိုင်ဇာမြို့ အသေခံဒရုန်းနဲ့တိုက်ခိုက်ံခံရ၊ တရုတ်လူမျိုးဇနီးမောင်နှံနှစ်ဦး ထိခိုက်ဒဏ်ရာရ

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ကို စစ်တပ်က ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တရုတ်နိုင်ငံသား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က အောက်တိုဘာလ ၁၆ ရက် ည ၁၂ နာရီဝန်းကျင် လိုင်ဇာမြို့ကို ဒရုန်းလွတ်ပစ်ခတ်ခဲ့ရာမှာ လိုင်ဇာစျေးတန်းနေရာမှာ ထိမှန်ပြီး စျေးရောင်းနေထိုင်တဲ့ တရုတ်လင်မယား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KIO ပြောပါတယ်။

ညက ၁၁ နာရီ ၅၀ လောက်အချိန်မှာ လိုင်ဇာစျေးတန်းမှာ ဒရုန်းဗုံးတစ်လုံးကျမှန်ခဲ့တယ်။ အဲ့မှာ စျေးရောင်းရင်းအိပ်ပျော်နေတဲ့ တရုတ်လင်မယား နှစ်ယောက်စလုံးထိသွားတယ်။ တခြားထိခိုက်သေဆုံးသွားတာမျိုးတော့မရှိဘူးလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

တရုတ်လင်းမယားနှစ်ဦးထိခိုက်သွားတဲ့အပြင် စျေးတန်းယား ဆိုင်ခန်းတစ်ချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်တပ်ပစ်ခတ်လိုက်တဲ့ အသေခံဒရုန်းဗုံးကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ တရုတ်လင်မယား နှစ်ဦးဟာ ညတွင်းချင်းမှာပဲ တရုတ်နိုင်ငံထဲကို ဆေးကုသဖို့ ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

ထိခိုက်သွားတဲ့အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်တော့ မသိရသလို ညသန်ခေါင်ယံပစ်ခတ်ခံရတာကြောင့် စစ်တပ်ပစ်လိုက်တဲ့ အသေခံဒရုန်းက ဘယ်ဘက်ခြမ်းကနေ ပစ်လိုက်တဲ့ အခြေအနေလည်း မသိရဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

စစ်တပ်က လိုင်ဇာမြို့ကို ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ဇန်နဝါရီလ၊ ဖေဖော်ဝါရီလကနေ စက်တင်ဘာလအထိ တစ်လကို ၂ ကြိမ်နှုန်းခန့်နဲ့ ပစ်ခတ်တိုက်ခိုက်နေသလို နှစ်စဉ် အချိန်အခါသင့်တိုင်း ပစ်ခတ်နေတာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ဒါဟာ ပြည်သူတွေကိုပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ KIO ဗဟိုပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

လိုင်ဇာကိုတော့ ဒရုန်းဗုံးခဏခဏ လာလာကြဲတယ်။ သူတို့ရဲ့ လုပ်ရပ်က ပြည်သူတွေရှိတဲ့ နေရာကိုပဲ ပစ်မှတ်ထားတယ်။ ပြီးခဲ့တဲ့လဆိုရင်လည်း ၂ ကြိမ်လောက်ပစ်ခံရတယ်လို့ပြောပါတယ်။

ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဗန်း‌ေမာ်မြို့ကို KIA ပူး ပေါင်းတပ်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကနေမြို့သိမ်းတိုက်ပွဲဆင်နွဲလာတဲ့နောက်ပိုင်း စစ်တပ်က လိုင်ဇာမြို့ကို အသေခံဒရုန်းနဲ့ဗူံးကြဲတိုက်ခိုက်တာကို ခပ်စိပ်စိပ်လုပ်နေတာလည်း ဖြစ်ပါတယ်။

လိုင်ဇာမြို့ကို အသေခံဒရုန်းကြဲ နေ‌တဲ့ စစ်တပ်ဟာ လတ်တလောတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)) ၁၀ နှစ်ပြည့်အလုပ်ရုံ‌ ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၅ ရက်ကနေ ဒီကနေ့ ၁၇ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပနေဆဲလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button