ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

မြစ်ကြီးနားမြို့ရှိ KIO ၏ နည်းပညာအထောက်အကူပြုရုံး ပိတ်သိမ်းရေး တရားဝင်အကြောင်းမပြန်သေး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ မြစ်ကြီးနားရှိ ငြိမ်းချမ်းရေးဆိုင်ရာနည်းပညာအထောက်အကူပြုရုံး (TAT) ကို ပိတ်သိမ်းရန် တပ်မတော်ဘက်က ပြောဆိုလာပြီးနောက် KIO ဘက်ကလည်း NRPC ၏သဘာထားကိုမေးမြန်းထားရာ ပြန်လည်တုံ့ပြန်မှု မရရှိသေးကြောင်းဆိုသည်။

KIO ၏ Technical Advisory Team (TAT) ကို ပိတ်သိမ်းရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်တေဇကျော်က သြဂုတ်လ ၁၉ရက်နေ့က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကို အကြောင်းကြားခဲ့သည်။

အစိုးရနှင့်တပ်မတော် ၂ဖက်စလုံးမှ TAT ရုံးကိုပိတ်သိမ်းရန် တရားဝင်စာအကြောင်းကြားလာခြင်းမရှိသေးသဖြင့် လက်ရှိအချိန်ထိ TAT ကိုဆက်လက်ဖွင့်ထားဆဲဖြစ်သည်ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

စက်တင်ဘာလ ၅ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် မြစ်ကြီးနားရှိ KIO ၏ နည်းပညာအထောက်အကူပြုရုံး TAT ကို လက်ရှိအချိန်အသက်ဝင်ခြင်းရှိမရှိ စိစစ်သွားမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုသွားသည်။

“အဲတာက PCG ကနေတဆင့် တင်လာတာပေါ့နော်။ တပ်မတော်ကနေ ပိတ်ထားခိုင်းတယ်။ မြစ်ကြီးနားမှာရှိတဲ့ နည်းပညာ Technical Assistant Team ကိုပြောတာဖြစ်တယ်။ ကျနော်တို့က ဘယ်ဟာဆောင်ရွက်တာလဲဆိုတော့ Bilateral သဘောတူညီချက်အရပါ။ အဲဒီသဘောတူညီချက်တွေက ဘယ်ဟာတွေ အသက်ဝင်သေးသလဲ။ ဘယ်ဟာတွေက အသက်မဝင်တော့ဘူးလဲ ဆိုတာကို ကျနော်တို့ကပြန်ကြည့်ဖို့လိုတယ်” ဟု ပြောဆိုသည်။

လက်ရှိငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များကိုလုပ်ဆောင်ရာတွင် TAT နှင့်ဆက်သွယ်ခြင်းမရှိဘဲ PCG နှင့်သာ ဆက်သွယ်နေခြင်းဖြစ်ပြီး TAT ဖြင့်လည်း အလုပ်တစ်ခါမှမလုပ်သေးကြောင်း ဦးဇော်ဌေးက ပြောဆိုသွားသည်။

“PCG သည် မြစ်ကြီးနားကနေ လိုင်ဇာကိုသွားလို့ရတယ်။ သူ့ကိုမဖမ်းဘူး။ ဘာလို့လဲဆိုတော့ တရားဝင်အကျိုးဆောင် အဖြစ် သဘောတူထားတယ်။ သူ့ကိုကျနော်တို့ဆီက စာတွေ သတင်းစကားတွေပေးလိုက်တယ်။ သူပြန်လာရင် ကျနော်တို့ကို ဆက်သွယ်တယ်။ ဒီဘက်ခေတ်မှာ TAT နဲ့ကျနော်တို့ လုပ်တာတစ်ခါမှမရှိဘူး” ဟု ပြောဆိုသည်။

TAT ရုံးကို ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိချိန်ထိ မြစ်ကြီးနားမြို့ မနောကွင်းရှေ့တွင် ရုံးတည်ရှိသည်။

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးအတွက်အထောက်အကူပြုရန် တရားဝင်ဖွင့်လှစ်ခဲ့သောအဖွဲ့သည် လက်ရှိအချိန်အထိလည်း ဆက်လက်တည်ရှိနေသင့်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာ က ပြောဆိုသည်။

“စစ်တပ်ကတော့ တရားမဝင်တော့ဘူးလို့ပြောတာပေါ့။ KIO ဘက်ကလည်း အစိုးရအနေနဲ့ ဒီအပေါ်မှာ ဘယ်လို သဘောထားတယ်ဆိုတာကို တောင်းဆိုထားတယ်။ အကြောင်းမပြန်သေးဘူး။ အစိုးရက အကြောင်းကြားစာ ပြန်လာမှ ဆက်ရှိမယ်မရှိဘူး သိရမယ်။ နောက်ပြီး TAT ကလည်း အစိုးရကနေ တရားဝင်ခွင့်ပြုထားတာဖြစ်တဲ့ အတွက် ကျနော်တို့မြင်တဲ့အတိုင်းပြောရမယ်ဆိုရင် တကယ်ဘဲရှိနေသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေး အတွက် နည်းပညာအထောက်အကူပြုဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်တယ်” ဟု ပြောဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် TAT နှင့် PCG လက်တွဲဆောင်ရွက်မှုများရှိခဲ့ပြီး အစိုးရဘက်မှ သတိမထားမိမှုကြောင့်ပြောဆိုနေခြင်းဖြစ်သည့်အတွက် တရားဝင်စိစစ်ဆွေးနွေးမှုများပြုလုပ်လာချိန် TAT ၏ လုပ်ငန်းဆောင်ရွက်မှုများကို ထည့်သွင်းရှင်းလင်းသွားမည်ဟု သူက ဆက်လက်ပြောဆိုသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင်လည်း KIO ၏ အဆိုပါ TAT ရုံးတွင် အစိုးရအာဏာပိုင်အဖွဲ့က ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်ဆွေးနွေးခဲ့သော်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မထိုးခဲ့ပေ။

လက်ရှိအချိန်တွင် မြန်မာပြည်မြောက်ပိုင်း ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဦးဆောင်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC တွင် ပါဝင်ကာ တပ်မတော်နှင့် Bilateral လက်မှတ်ရေးထိုးရေး ကြိုးပမ်းနေသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၉ရက်နေ့မှ ၂၁ရက်နေ့အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေး စတုတ္တအကြိမ်သို့ KIO အပါအဝင် FPNCC အဖွဲ့က Covid-19 ကာကွယ်ရေးခေါင်းစဉ်ဖြင့် တက်ရောက်ရန် ငြင်းဆန်ခဲ့သည်။

Show More

Related Articles

Back to top button