သတင်း

မန္တလေး-မြစ်ကြီးနားလမ်းမပေါ်မှာ ကုန်သွယ်ခွင့်ကန့်သတ်မှုကြောင့် ကားသမားတွေ အခက်တွေ့

မန္တလေးကချင်ပြည်နယ်ကို ပြေးဆွဲတဲ့ယာဥ်မှန်သမျှကို နှစ်ဖက်လက်နက်ကိုင်တွေက ကုန်သယ်ယူခွင့် ကန့်သတ်မှု နဲ့ စစ်ဆေးရေး တင်းကြပ်မှုတွေကြောင့် ကားသမားတွေ ခရီးစဥ်ပုံမှန်ပြေးဆွဲဖို့ အခက်တွေ့လာရတယ်လို့ သိရပါတယ်။

မန္တလေးမြစ်ကြီးနား ကားလမ်မပေါ် စစ်ကောင်စီတပ်ဂိတ်တွေမှာ ကန့်သတ်ထားတဲ့ ထုတ်ကုန်တွေကတော့ အိမ်သုံးဆေးဝါး၊ စက်သုံးဆီ၊ အင်ဗာတာ၊ ဆိုလာ အစရှိတဲ့ လျှပ်စစ်ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကန့်သတ်ထားတဲ့ အဓိကပစ္စည်းတွေပါရင် ချက်ချင်းအမေးအမြန်းမရှိ ကားတွေကိုစစ်တယ်။ စစ်ကိုင်းမှာက ဘယ်လောက် တောင်လည်းဆိုရင် တချို့ယာဥ်မောင်းတွေကိုရိုက်တယ်။ ဒါတွေ မတင်ရမှာမသိဘူးလားဆိုပြီးတော့ ရိုက်နှက်ထားတာ။ ပြီးတော့ ဘောလုံးအင်္ကျီတို့၊ အားကစားအင်္ကျီတွေဆို နှစ်ထုပ်သုံးထုပ်ပဲ သယ်ရမှာတို့ပြောတာ။ အကုန်ကန့်သတ်တာ သူတို့မထင်ရင် မထင် သလိုပေါ့လို့ ကားသမားတစ်ယောက်က ပြောပါတယ်။

ကားသမားတွေဟာ ကုန်သယ်ယူနိုင်ဖို့အတွက် တိုင်းဒေသကြီးရုံးထောက်ခံချက်တွေအပါအဝင် စစ်ဆေးရေးဂိတ်က ထောက်ခံ ချက်တွေကို တောင်းခံသယ်ယူရတာဖြစ်ပြီး အခုလို ထောက်ခံချက်ပါပေမဲ့လည်း ကုန်တွေကို အကန့်အသတ် နဲ့ သာ စစ်ကောင်စီက သယ်ယူခွင့်ပေးနေတာလို့ ကားသမားတွေကပြောပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့ နောက်ပိုင်းမှာတော့ စစ်ဆေးရေးဂိတ်ထောက်ခံချက်ပါရင် သယ်ယူခွင့်ဖြေလျှော့ ပေးနေပြီလို့ ကားသမားတချို့ကပြောပေမဲ့ တချို့ကတော့ ကုန်တွေကို ကန့်သတ်စစ်ဆေးခံနေရဆဲလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲမှာတော့ သယ်ယူခွင့်ထောက်ခံစာတွေ စုံပေမဲ့လည်း စစ်ကောင်စီတပ်အပါအဝင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေကလည်း မြစ်ကြီးနားမန္တလေးလမ်းပိုင်း စစ်ကိုင်းတိုင်းထဲမှာ အထိုင်ချပြီး ကုန်တွေကို ထပ်မံစစ်ဆေးကန့်သတ်ပြန်တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားစစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ရွှေဘိုနယ်တွေထဲမှာ အများဆုံးဖြစ်ပြီး ကာကွယ်ရေးတပ်နှစ်ဖက်လက်နက်ကိုင်တပ်တွေအခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက် မနည်းရှိတယ်လို့ ပြောပါတယ်။

“KIAPDF ကလည်း အိမ်သုံးဆေးဝါးတွေကိုသယ်လာတဲ့ ကျနော်တို့ကားတွေကို တားမြစ်တာရှိတယ်ဗျာ။ ကျနော်ပြောချင်တာ က ဒီဆေးဝါးတွေဟာ မြစ်ကြီးနားမှာရှိတဲ့ ဆိုင်တွေဆီဘဲရောက်တာ။ တပ်ကသယ်မယ် ဆိုရင် လေယာဥ်နဲ့ပဲသွားမှာဗျာ။  ကျနော်တို့မှာအထောက်အထားတွေလည်းပါတယ်ဗျာ။ ဘယ်ဆေးဆိုင်ကို ပို့မယ်ဆိုတဲ့ထောက်ခံချက်တွေ ပါတယ်။ အဲ့တာကို အောက်ခြေက ကလေးတွေက နားမလည်တာလား မသိပါဘူးဗျာလို့ အထက်ပါကားသမားက စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစုတွေရဲ့ ဂိတ်က ကုန်သယ်ယူခွင့်ကန့်သတ်တဲ့ အခြေနေကို ဆက်ပြောပြပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က အိမ်သုံးဆေးဝါးသယ်ယူခွင့်နဲ့ပတ်သက်လို့ အဓိကကန့်သတ်ပြီး အခုလိုကန့်သတ်တာဟာ စစ်ကောင်စီတပ်ဆီတင်ပို့တယ်ဆိုတဲ့အထင်အပါအဝင် ခရီးသွားကားတွေကိုအသုံးပြုပြီးစစ်ကောင်စီကစစ်ရေးပစ္စည်းတွေ တင်ပို့ နိုင်တဲ့ အခြေနေကိုတားဆီးဖို့လို့ ကားသမားတွေကဆိုကြပါတယ်။

အခုလို နှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ ကုန်သယ်ယူခွင့် ကန့်သတ်တာတွေကြောင့် ကချင်ပြည်နယ်မှာတော့ လက်နက်ကိုင်တွေ ကန့်သတ်တဲ့ ကုန်မှန်သမျှဟာဈေးနှုန်းတွေ အဆမတန်မြင့်တက်လာပြီး ဒေသခံတွေအပေါ်ရိုက်ခတ်မှုတွေရှိလာနေတယ်လို့ ကချင်ပြည်နယ်အတွင်းနေထိုင်သူတွေကဆိုကြပါတယ်။

မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးကလောလောဆယ်ကကျတော့ အောက်ပိုင်းကနေလည်း ကုန်တွေကမလာနေဘူး။ လမ်းခရီးကလည်းပျက်ဆီးတာတွေဘဲဖြစ်နေ တော့ ကုန်ဈေးနှုန်းတွေကအရမ်းတက်ပါတယ်။ ဓာတ်ဆီဈေးကတော့ တစ်လီတာကို ၆၅၀၀ ၆၃၀၀ ရောင်းနေကြတယ်။ အသားဈေးတွေထဲမှာ ဝက်သားကတော့ သောင်း သောင်းခွဲရှိတယ်။ ငါးဆို ကားမလာတုန်းက ၂သောင်းခွဲလောက်ထိ တက်သွားသေးတယ်လို့မြစ်ကြီးနားမြို့ရဲ့ ကုန်ဈေးနှုန်းအခြေနေတွေကိုပြောပါတယ်။

ကချင်ပြည်နယ်ရဲ့မြို့တော်မြစ်ကြီးနားမြို့မှာ လက်တလောစက်သုံးဆီဈေးနှုန်းကတော့ ဓာတ်ဆီဈေးနှုန်း တစ်လီတာ ၆၅၀၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၆၃၀၀ ကျပ်၊ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကတော့ ဝက်သား ၁ပိဿာ ကျပ် ၅သောင်း၊  ငါးကြင်း တစ်ပိဿာ ကျပ် ၂သောင်းခန့်၊ အမဲသားတစ်ပိဿာ ၃သောင်းဝန်းကျင်၊ ကြက်သား၁ပိဿာ ကျပ် ၄သောင်း အထိဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

မြစ်ကြီးနားမန္တလေးလမ်းပိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကစတင်လို့ တိုက်ပွဲတွေကြောင့် ကားသမားတွေဟာ ကွင်းလမ်း အသုံးပြုပြေးဆွဲခဲ့ကြပြီး အဆိုပါကွင်းလမ်းပိုင်းဆိုးရွာတာတွေကြောင့် အခက်အခဲပေါင်းများစွာနဲ့ ခရီးစဉ် ပြေးဆွဲကြရတာပါ။

ယခုနှစ် ဩဂုတ်လမှာတော့ မြစ်ကြီးနားမန္တလေး ဗျူဟာလမ်းပိုင်းကို အသုံးပြုလို့ရလာပေမဲ့လည်း အခုလိုနှစ်ဖက်လက်နက်ကိုင် တွေရဲ့ ကုန်သယ်ယူခွင့်ကန့်သတ်တာကိုကြုံနေရတာကြောင့် အခက်အခဲတွေရှိနေဆဲလို့ ကားသမားတွေကပြောပါတယ်။

ကချင်ပြည်နယ်ကဒေသခံတွေဟာ အဓိကအားဖြင့် တရုတ်နိုင်ငံကနေ ဝင်ရောက်တဲ့ကုန်ပစ္စည်းတွေကို အားထားရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကချင်တရုတ်နယ်စပ်ဒေသတွေအပါအဝင် ကချင်ပြည်နယ် တစ်ဝှမ်းထိုးစစ်တွေကြောင့် တရုတ်အစိုးရဟာ ကချင်ဒေသကိုပုံမှန်ကုန်ပစ္စည်းဝင်ရောက်တဲ့ ကန်ပိုက်တည်နယ်စပ်ဂိတ်အပါအဝင် ကုန်ပစ္စည်းအဓိကဝင်ရောက်ရာ နယ်ဂိတ်တွေကို ပိတ်ဆို့ထားခဲ့တာယနေ့အထိဘဲဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button