သတင်း

အင်းတော်နယ်တိုက်ပွဲမှာ စစ်တပ်ဘက်က ၂ ဦးသေဆုံး ၃ ဦးထိခိုက်ဒဏ်ရာပြင်းထန်

စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KIA KPDF တပ်ဖွဲ့တွေကြား စက်တင်ဘာလ ၁၈ ရက်နေ့ကစပြီး မနေ့ညအထိနှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ အင်းတော်ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

အင်းတော် ရိက္ခာကုန်းတပ်ကနေ ဆင်းလာတဲ့ အင်အား ၆၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ စက်တင်ဘာ ၁၈ ရက်နေ့ည ၄နာရီခွဲ အချိန်လောက်မှာ အင်းတော်မြို့ကနေ နဘားကျေးရွာဘက်ကို စစ်ကြောင်းထိုးလာရာကနေ KIA KPDF ပူးပေါင်းတပ်တွေနဲ့ နဘားလမ်းဆုံမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

တိုက်ပွဲက ဟိုလွန်ခဲ့တဲ့ရက် ညပိုင်းကနေစဖြစ်နေတာပေါ့ ၁၈ ရက်နေ့ ညမှာလည်းဖြစ်တယ် ဖြစ်ပြီးတော့ နားသွားပြီးမှ မနေ့က မနက်မနက်အစောကြီး ၆ နာရီလောက်ကနေ တစ်ခါထပ်ဖြစ်တာ ည ၂နာရီလောက်မှ တိုက်ပွဲကငြိမ်သွားတယ်။ ဖြစ်တာကတော့ အဲ့နဘားလမ်းဆုံအနီးတစ်ဝိုက်မှာပဲဖြစ်တာ။သူတို့ဘက်က ၂ ယောက်သေတယ် ၃ ဦးကလည်း အခြေနေတော်တော်ဆိုးတယ်လို့ သိရတယ်လို့ ပြောပါတယ်။

စက်တင်ဘာလ ၁၉ ရက် မနေ့ညပိုင်းအထိ စစ်ကောင်စီတပ်ဘက်က နဘားလမ်းဆုံအနီးအင်းတော်ဘက်ခြမ်းကနေ နေရာယူထားသလို KIA KPDF တပ်တွေဘက်ကလည်း နဘားလမ်းဆုံအနီး မော်လူးဘက်ကနေ နေရာယူထားတာကြောင့်  စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲ နှစ်ရက်တာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးသူတွေကိုတော့ အင်းတော်ဘက်ကနေ လူနာတင်ကားတွေနဲ့ သယ်ယူသွားတာရှိတယ်လို့ အင်းတော်PDF ကနေသိရပါတယ်။

စစ်သားတွေဘက်ကတော့ အင်းတော်ဘက်ကနေ လူနာတင်ကားတွေဘာတွေလာပြီးသယ်သွားတယ်။ စစ်သားတွေလည်းထပ်ရောက်လာတယ် ဒီနေ့တော့လို့ တိုက်ပွဲဖြစ်ပွားတဲ့အနီးဝန်းကျင်မှာနေတဲ့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။

လက်ရှိ နဘားလမ်းဆုံတစ်နေရာနဲ့ အင်းတော်မြို့တွင်းတပ်ကနေ စစ်ကောင်စီတပ်တွေဟာ နဘားကျေးရွာ၊ နဘားတောင်ပေါ်နဲ့ အနီးဝန်းကျင်ကျေးရွာတွေကို မနေ့ကတည်းက လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် လူနေအိမ်အများအပြားလည်း ထိခိုက်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဒါပေမယ့် ထိခိုက်ပျက်စီးမှုအသေးစိတ်ကို မသိရသသေးပါဘူး။

ဒါ့အပြင် စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အင်းတော်နာဘားမော်လူးလမ်းပိုင်းကို အင်းတော်မြို့ဘက်ခြမ်းကနေ စစ်တပ်ကပိတ်ထားသလို မော်လူးဘက်ခြမ်းကနေလည်း KIAKPDF ဘက်ကယာယီပိတ်ထားကြောင်း သိရပါတယ်။

စစ်ကောင်စီဟာ စက်တင်ဘာလ ၁၄ ရက်ကနေစပြီး အင်းတော်နယ် နဘားဘက်ကို စစ်ကြောင်းထိုးနေသလို ဒရုန်းနဲ့လည်း ညဘက်အင်းတော်တစ်မြို့နယ်လုံးက ကျေးရွာတွေဘက်ကို လှည့်လည်စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဒါကြောင့် အင်းတော်မြို့နယ်ထဲမှာရှိတဲ့ NUG အစိုးရစာသင်ကျောင်း ၉ ကျောင်းကိုလည်း ရက်အကန့်အသတ်မရှိပိတ်ထားဆဲလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button