စစ်ပြေးဒုက္ခသည်များသတင်း

ရွှေကူမှာ စက်လှေတွေမီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် စက်လှေပေါ်နေထိုင်တဲ့ လူပေါင်း ၆၀ ကျော်နေရာထိုင်ခင်း အခက်အခဲဖြစ်နေ

ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ စက်လှေတွေကို မနေ့ကမီးရှို့ဖျက်ဆီးလိုက်တဲ့နောက် စက်လှေပေါ်မှာ မှီခိုနေထိုင်နေတဲ့အရပ်သား ၆၀ ကျော် နေရာထိုင်ခင်း နဲ့ အစားအသောက်အခက်အခဲဖြစ်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၈နာရီခွဲမှာ ရွှေကူ အမှတ် ၂ ရွာသစ်နယ်မြေ ဧရာဝတီမြစ်ကမ်းဘေးမှာကပ်ထားတဲ့ ရွှေမော်တော်တွေနဲ့ ဒေသခံတွေရဲ့ စက်လှေ စုစုပေါင်း အစီး ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အဲ့ဒီကထက်ဝက်ခန့်ဟာ စစ်ကိုင်းဘက်ကနေ စစ်ရှောင်လာတဲ့ ပြည်သူတွေခိုလုံနေထိုင်တာဖြစ်တယ်လို့ ရွှေကူ မြိုအခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

စက်လှေပေါ်နေ စက်လှေပေါ်မှာစားတဲ့လူတွေကတော့ အတော်လေးဒုက္ခရောက်သွားတယ် သူတို့က စက်လှေပေါ်မှာအိမ်လိုပဲနေကြတာလေး အခုအကုန်ပါသွားတယ်မီးထဲအဝတ်တစ် ထည်ကိုယ်တစ်ခုပဲကျန်တယ်။ သူတို့က အောက်ပိုင်းမှာရွာတွေမီးရှို့ခံရတော့ဒီမှာမရှိ ရှိတာလေးနဲ့လာပြီးလုပ်ကိုင်စားသောက်နေကြတာ အခုလိုထပ်ရှို့ခံလိုက်ရတော့ ဘာမှကိုရစရာမရှိတော့ဘူးလို့ ပြောပါတယ်။

စက်လှေတွေပေါ်မှာ မှီခိုပြီး လုပ်ကိုင်စားသောက်ကြတဲ့အရပ်သား ၆၀ ကျော်ဟာ စစ်ကိုင်းတိုင်း စဥ့်ကူးမြို့နယ်နဲ့ စဥ့်ကိုင်နယ်ထဲကဖြစ်ပြီး နေအိမ်မီးရှို့ခံရမှုနှင့်စစ်ဘေးကြောင့် ရွှေကူနယ်ထဲ ပြောင်းရွေ့လာကာ စက်လှေတွေပေါ်နေထိုင်ပြီး လုပ်ကိုင်စားသောက်နေကြရာကနေ အခုလိုဖြစ်သွားတာလို့ သိရပါတယ်။

သူတို့ထဲမှာ တချို့ရွှေလုပ်တဲ့သူလည်းရှိတယ် အများစုကတော့နေ့စားဘာညာလိုက်ပြီးနေကြတာ တချို့လည်းရွှေလုပ်တဲ့နေရာမှာ အစုစားလုပ်ပြီးနေတာပေါ့ အခုစက်လှေတွေပါသွားတော့ ရွှေကူမြို့ပေါ်က အမှတ် ၁ နဲ့ အမှတ် ၂ ထဲမှာ ရှိနေကြတယ် အဆင်ပြေတဲ့နေရာတွေမှာခိုလုံနေကြတယ် ဘုန်းကြီး ကျောင်းထဲ နေကြမလို့ဘုန်းကြီးကျောင်းတွေထဲမှာလည်းစစ်သားတွေရှိနေတာလေးလို့ ရွှေကူဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

စက်လှေတွေ မီးရှို့ခံလိုက်ရတဲ့အတွက် အရပ်သားပြည်သူတွေ လတ်တလောမှာ နေရာထိုင်အ ခင်းအတည်တကျမရှိတဲ့ အခက်အခဲ နဲ့ စားဝတ်နေရေးကအစ အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီကနေ့ နေ့လည်ပိုင်းထိ ရွှေကူသင်္ဘောဆိပ်ဘက်ကို အရပ်သားတွေသွားလာခွင့်ပိတ်ထားပြီး မြစ်ကမ်းဘေးတစ်လျှောက် ကင်းပုန်းဝပ်တာတွေလည်းရှိနေတယ်လို့သိရပါတယ်။

ရွှေကူမြို့နယ်နဲ့ မြို့နယ်ချင်းစပ်နေတဲ့ ဗန်းမော်မြလယ်ကျွန်းမှာတော့ စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ရွှေမော်တော်တွေကို ဖမ်းဆီးမီးရှို့တာမျိုးပုံမှန်ပြုလုပ်နေပေမယ့် ရွှေကူနယ်ထဲမှာတော့အခုလိုအရပ်သားတွေရဲ့ စက်လှေ၊ရွှေမော်တော်တွေကိုမီးရှို့တာ ပထမဆုံးဖြစ်ပါတယ်။

ဒါ့အပြင် အရပ်သားတွေရဲ့စက်လှေနဲ့ရွှေမော်တော်ယာဉ်တွေကို မီးရှို့သွားတဲ့ စစ်သင်္ဘော ၆ စီးက စစ်သားတွေဟာလည်း ရွှေကူဆိပ်ကမ်းမှာ ဆိုက်ကပ်ထားဆဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button