ကသာမြို့အခြေနေ ဆက်သွယ်မေးမြန်းချက်
စစ်ကိုင်းတိုင်း ကချင်နဲ့အစပ်မှာရှိတဲ့ ကသာမြို့ကို တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲအဖြစ် စစ်ဆင်ရေးလုပ်နေတာ ၃ လကျော်ရှိလာပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက် ခံပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
၃ လကျော်ရှိလာတဲ့ ကသာမြို့သိမ်းတိုက်ပွဲဟာ လက်တလောမှာတိုက်ပွဲငြိမ်သက်နေတဲ့အကြောင်း ကသာမြို့ကို စစ်ကော်မရှင် တပ်သားတွေကထိန်းချုပ်လိုက်ကြောင်း စစ်ကော်မရှင်ကိုထောက်ခံတဲ့မီဒီယာတွေမှာရေးသားနေတာတွေ့ရပါတယ်။
ဒါပေမဲ့ စစ်ကော်မရှင်ဘက်ကတော့ ကသာမြို့တိုက်ပွဲအခြေနေကို ထုတ်ပြန်တာမတွေ့ရသေးပါဘူး။ ဒါ့ကြောင့် ကသာမြို့အခြေနေ တချို့ကိုသိရဖို့အတွက် ကသာမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို KNG က ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်ကော်မရှင်ကိုထောက်ခံတဲ့မီဒီယာတွေနဲ့ တပ်ထောက်ခံသူမိသားစုတွေကတော့ ကသာမြို့ကို စစ်ကော်မရှင်တပ် သားတွေကထိန်းချုပ်လိုက်ကြောင်း ကြေညာမှုတွေရှိနေပါတယ်။
မေး။ ။ ဆိုတော့ လက်ရှိ ကသာမြို့အခြေနေကိုမေးရင်ဘယ်လိုပြောလို့ရမလဲ။
ဖြေ။ ။ လောလောဆယ်ကတော့ ခဏရပ်ထားရတဲ့သဘောပေါ့ဗျာ။ စစ်ရေးအခြေနေအရ အတိုင်းအတာလေးတွေပေါ့နော်။ ဒါပေမဲ့ အလုံးစုံဆုတ်ခွာသွားတာမဟုတ်ဘူး ဒီတော်လှန်ရေးဘက်ကပေါ့နော်။ တိုက်ပွဲတွေပြန်ဖြစ်မှာပါ။ လောလောဆယ်တော့ အနည်းငယ် ငြိမ်သက်နေတဲ့သဘောပါ။ ဒါပေမဲ့လည်း သူတို့ဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှု တွေက တော့လုပ်နေတယ်။ ပြည်သူတွေကတော့ နေလို့မရပါဘူး။ လုံးဝအန္တရာယ်များတဲ့အနေအထားပါ။
မေး။ ။ ကသာက တပ်ဖွဲ့တွေပြန်ဆုတ်လိုက်တယ်။ တိုက်ပွဲတွေမရှိတော့ဘူး တိုက်ပွဲတွေငြိမ်နေတယ်လို့ သတင်းတွေထွက်နေ တယ်။ ဆိုတော့ ဒီအခြေနေကိုရော ဘယ်လိုပြောပြပေးလို့ရမလဲ။
ဖြေ– စစ်ကောင်စီဘက်ကတော့ သူတို့ထိန်းချုပ်လိုက်ပြီ။ သူတို့ဘက်ကဝါဒဖြန့်နေတာ ပြန်လာလို့ရပြီဆိုပြီးပေါ့။ အန္တရာယ်များပါတယ်။ ပြည်သူတွေကိုပြန်မဝင်ပါနဲ့အုံးလို့ပြောချင်ပါတယ်။ တိုက်ပွဲကမပြီးသေးပါဘူး ပြန်ဖြစ်မှာပါ။ ကျနော်တို့ တော်လှန်ရေးဘက်ကလည်း အရှုံးပေးလို့မရဘူး။ အလျော့ပေးလို့မရဘူး။ မနိုင်နိုင်အောင်တိုက်ရမှာပါ။ စစ်ရေးအရ ခဏတာ နည်းနည်းနောက်ဆုတ်ပေးတဲ့သဘောပါဘဲ။ အပြီးအပိုင်ထွက်ခွာတဲ့သဘောမဟုတ်ပါဘူး။ သူတို့ပြောသလိုပေါ့။ တိုက်ပွဲက ဆက်လက်ပြီးတော့လည်း ဆင်နွှဲမယ့်သဘောပါ။
မေး။ ။ စစ်တပ်ထောက်ခံတဲ့သူတွေဘက်က ကသာမြို့ငြိမ်းချမ်းသွားပြီ ပြန်ဝင်လို့ရပြီဆိုတာတွေကိုရော ဘာများပြောချင်လဲ။
ဖြေ။ ။ ဒါကရှင်းပါတယ်ဗျ။ သူတို့က စစ်တပ်ကိုမှီခိုပြီးစီးပွားရေးလုပ်စားနေတဲ့သူတွေဆိုတော့ သူတို့က ခရိုနီသဘောလိုပေါ့။ သူတို့ကတော့ စစ်တပ်အလိုကျဝါဒဖြန့်မယ်ပြောဆိုမယ်။ တကယ်တမ်းကျ သူတို့ကိုယ်တိုင်လည်း ကသာမြို့ကိုမလာရဲပါဘူး။ အန္တရာယ်များတဲ့နေရာကိုလေ။
မေး။ ။ ကသာမြို့ကနေထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေကိုရော ဘာတွေများသတင်းစကားပါးချင်ပါသလဲ။
ဖြေ– စစ်ကောင်စီဘက်ကတော့ ပြန်လာလို့ရပြီ။ သူတို့ထိန်းချုပ်လိုက်ပြီ။ငြိမ်းအေးသွားပြီ။ သူတို့ဘက်ကဝါဒဖြန့်သော်လည်း ဒါတွေကိုမယုံနဲ့ပေါ့နော်။ ယုံလို့မရဘူး။ တကယ့်မြေပြင်မှာဖြစ်နေတဲ့အတိုင်းအတာတွေမှာ တကယ်အန္တရာယ်များတယ်။ ပြန်လာဖို့မလွယ်ပါဘူး။
မေး။ ။ မြို့ထဲကျန်ရစ်နေတဲ့အရပ်သားတွေကိုရောဘာများပြောချင်ပါသလဲ။
ဖြေ။ ။ သူတို့ကတော့ သူတို့အပေါ်ကို ကျည်ဆံတွေ၊ အမြောက်တွေ၊ ဗုံးတွေ ရောက်လာမှ ယုံမယ့်သူတွေပေါ့လေ။ အတွေ့အကြုံ ဗဟုသုတတွေနည်းတယ်။ တစ်ဖက်က ပြောတဲ့စကားတွေကိုလည်း ဝါဒမှိုင်းတွေမိနေတယ်။ အဲ့လိုလူတွေကျတော့လည်း သူတို့ အသိပညာတွေကို သူတို့သိလာအောင် ကျနော်တို့ပြောရခက်ပါတယ်။ ကျနော်အဲ့အတွက်တော့ နည်းနည်းပြောရခက်တယ် ပေါ့နော်။
By – အမိုး




