ဝက်လက်က ရဲစခန်းတိုက်ခိုက်ခံရလို့ ရဲတပ်သား ၇ ယောက်သေဆုံး
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် လှတောရွာကရဲစခန်းကို ကာကွယ်ရေးတပ် တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့လို့ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်သား၇ယောက်သေဆုံးကာ ကာကွယ်ရေးတပ်ဘက်ကလည်း တစ်ယောက်သေ ဆုံးခဲ့တယ်လို့ ဝက်လက်ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။
မနေ့က အောက်တိုဘာ ၁၀ရက်နေ့ ညနေပိုင်း ၆ နာရီလောက်မှာ ဝက်လက်မြို့နယ် မန္တလေး– ရွှေဘိုကားလမ်း မပေါ်မှာရှိတဲ့ လှတောရွာက ရဲစခန်းကို ကာကွယ်ရေးတပ် တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ တိုက်ပွဲကိုဦးဆောင်တိုက်ခိုက်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့က ဗိုလ်သက်ကြီးကပြောပါတယ်။
“ရန်သူရဲ့ ဘန်ကာ နဲ့ အနီးကပ်ပစ်ခတ်တာတွေအထိကိုရှိခဲ့တယ် သူတို့ရဲစခန်းထဲက ၇ယောက်ကျပါတယ် ကျနော်တို့ဘက်ကတော့ မဟာမိတ်တပ်ဖွဲ့ထဲက ရဲဘော်တစ်ယောက်ကျဆုံးခဲ့ရပါတယ် ကျနော်တို့ တိုက်ပွဲ ကာလတစ်လျှောက်လုံး အပင်ပန်းဆုံးနဲ့ ခက်ခက်ခဲခဲ ကြာကြာ တိုက်ခိုက်ရတဲ့ ပွဲပါပဲ”လို့ ပြောပါတယ်။
တိုက်ပွဲကြာချိန် ၃ နာရီကြာမြှင့်ခဲ့ရပြီး တိုက်ပွဲအတွင်း မိုးရွာတာကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ သူကဆက် ပြောပါတယ်။
တိုက်ပွဲအတွင်းကျဆုံးခဲ့ရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟာ ဆားတောင်မိုးကြိုးကာ ကွယ်ရေးတပ်ဖွဲ့က ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း ရွှေဘိုမြို့က အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်က အင်အား ၁၀၀ ပါ စစ်ကား၃စီးနဲ့ စစ်ကူရောက်လာခဲ့တယ်လို့ Wetlet Informational Network ကတာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။
“မနေ့က ရွှေဘိုကနေ ကား၃စီးထွက်လာတယ် ဝက်လက်နယ်ထဲအရောက် ရွာတစ်ရွာမှာရပ်ထားပြီး လက်နက်ကြီးတွေပစ်တာတွေရှိတယ် အဲ့ဒီ မန္တလေးနဲ့ရွှေဘို လမ်းမဘေးက ရွာတွေ စစ်ဘေးရှောင်နေကြရတယ်”လို့ ပြောပါတယ်။
ဝက်လက်နယ် မန္တလေး–ရွှေဘို ကားလမ်းမဘေးမှာရှိတဲ့ လှတော၊ ရွှေကျင်၊ ကျီးကန်တောင်ရွာ၊ ကျီးကန် မြောက်ရွာ၊ ရေထွက်၊ မောက်ကြိုး စတဲ့ကျေးရွာတွေက ဒေသခံ ၅ထောင်ကျော်ခန့် ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ လှတောရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေကဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပြီး နေအိမ် ၅လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၁ ဒသမ ၆သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား ၈ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ထားပါတယ်။