သတင်း

စစ်ကောင်စီတပ်ဟာ နောင်ကွမ်ကျေးဒေသခံတွေရဲ့ နေအိမ်ထဲကပစ္စည်းတွေကိုခိုးယူသွား

ကချင်ပြည်နယ် မိုးမောက်မြို့နယ် နောင်ကွမ်ကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းတွေဝင်ရောက်လာပြီး ရွာသားတွေကိုဘုန်းကြီးကျောင်းမှာပြောင်းရွေ့ထားခိုင်းပြီးနောက် နေအိမ်တွေကိုဝင်မွှေပြီး ပစ္စည်းတွေကိုခိုးယူသွားတယ်လို့  မိုးမောက်ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေါ့ဖုန်းယန်မြို့တွင်းတပ်ကနေ စစ်အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းတစ်ကြောင်းဟာ အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းက ဒေါ့ဖုန်းယန်နဲ့ လေးမိုင်လောာက်ဝေးတဲ့ နောင်ကွမ်ကျေးရွာထဲကိုဝင်ရောက်လာပြီး ရွာသားတွေကို နောင်ကွမ်ရွာ ဘုန်းတော်ကြီးကျောင်းထဲမှာပြောင်းရွေ့ခိုင်းထားပြီးနောက် ရွာထဲကလူနေအိမ်တွေကို ဝင်ရောက်ရှာဖွေကာ တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုယူဆောင်တာ နေအိမ်တွေကို ဖျက်ဆီးတာတွေကိုပြုလုပ်သွားတယ်လို့ မိုးမောက် ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြော ပါတယ်။

နောင်ကွမ်ရွာကိုဝင်တာပေါ့ဝင်ပြီးမှ စကစ ကနေပြီးတော့မှ ရွာသားတွေကိုဘုန်းကြီးကျောင်းထဲမှာအားလုံး ရွေ့ခိုင်း ရွေ့ခိုင်းပြီးတော့မှ လက်ကိုင်ဖုန်းတွေအကုန်သိမ်းသွားတာ သိမ်းပြီးနောက် သူတို့ကနေအိမ်တွေတစ်အိမ်ပြီးတစ်အိမ်ဝင်ရှာ သူတို့ယူချင်တဲ့ပစ္စည်းတွေကိုယူသွား အဲ့လိုလုပ်တာလို့ ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဟာ ခုလိုအရပ်သားပြည်သူတွေရဲ့ ပစ္စည်းတွေကိုခိုးယူသွားခဲ့တဲ့အပြင် နေအိမ်တွေနဲ့အခြား ပစ္စည်းတွေကိုလည်း ဖျက်ဆီးတာတွေပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးမှာပါဝင်နေတဲ့မိုးမောက်ဒေသခံ လူငယ်တစ်ဦးကပြောပါတယ်။

နည်းနည်းစျေးကြီးတဲ့ပစ္စည်းတွေဆိုအကုန်ယူသွားတာ စက်ပစ္စည်းတို့ဘာတို့ပေါ့ ပါဝါဘတ်စျေးကြီးတဲ့ဟာတွေ၊ wifiစက်လေးတွေ ဘတ်ထရီးတွေကအစယူသွားတာ အချို့နေအိမ်တွေကိုတံခါးတွေရိုက်ချိုးပေးထားတယ် သေတ္တာတွေဗီယိုတွေလည်းရိုက်ဖွင့်သွားတယ်လို့ ပြောပါတယ်။

စစ်ကြောင်းဟာ လက်ရှိဒေါ့ဖုန်းယန်တပ်ထဲကို ပြန်ဝင်သွားပြီဆိုပေမယ့် ပုံမှန်စစ်ရေးလှုပ်ရှားတာတွေရှိနေတဲ့အပြင် စစ်ကြောင်းအချိန်မရွေးပြန်ဝင်လာနိုင်တာကြောင့် ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်နေရပြီး အများစုက ရွာထဲမှာရှိနေဆဲလို့ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းက ရွာထဲစဝင်တဲ့ အောက်တိုဘာ ၉ရက်နေ့က အသက် ၅၀ ကျော် အမျိုးသမီး ၂ဦးကိုလည်းဖမ်းဆီးခဲ့ပြီး မနေ့ကပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။

ဒေါ့ဖုန်းယန်တပ်နဲ့လေးမိုင်လောက်သာဝေးတဲ့ နောင်ကွမ်ကျေးရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ရှမ်းလူမျိုးအများစုနဲ့ ကချင်လူမျိုးတွေအနည်းစုနေထိုင်တဲ့ကျေးရွာ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button