သတင်း

တိုက်ပွဲအတွင်းအထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့က နေအိမ်တွေကိုမီးရှို့

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ၉ရက်နေ့တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပေကြီးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီကသိရပါတယ်။

မနေ့က အောက်တိုဘာ ၁၀ရက်နေ့ ညနေပိုင်း ၃နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး တပ်ဖွဲ့တွေပူးပေါင်းပြီးတော့ လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

သူတို့က ပြီးခဲ့တဲ့ ၉ ရက်နေ့ တိုက်ပွဲမှာအထိနာလို့ အဲ့အနီးတစ်ဝှိုက်က ရွာတွေထဲဝင်မီးရှို့နေတာပါ ပေကြီးရယ် အဲ့အနီးတစ်ဝှိုက်ကို စစ်တပ်က အဲ့နေ့တိုက်ပွဲအပြီး စိုးမိုးလိုက်တော့အသေးစိတ်အခြေအနေသိရဖို့ ခက်တယ်ဗျလို့ပြောပါတယ်။

လက်ရှိ မီးရှို့ခံခဲ့ရတဲ့ ပေကြီးရွာနားက ငှက်ပျောတိုင်းရွာ လျှပ်စစ်ဓာတ်အားပေးရုံကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က ကာကွယ်ရေးတပ်တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့လို့ နှစ်ဖက်၁၀နာရီလောက်ကြာတိုက်ပွဲ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြားခဲ့သလို ကာကွယ်ရေးတပ်တွေဘက် ကလည်း ရဲဘော်နှစ်ယောက်ကျဆုံးခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ အဲ့ဒီတိုက်ပွဲအတွင်း Mi35 ရဟတ်ယာဥ်နဲ့ ၃ကြိမ်တိုင်တိုင် လေကြောင်းနဲ့ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ခုလို စစ်ကောင်စီတပ်ဘက်က ကန့်ဘလူနယ်ထဲ အင်အားသုံးပြီးတပ်စွဲဖို့ကြိုးစားလာတာဟာ နယ်မြေ စိုးမိုးမှု ချဲ့ဖို့ကြိုးစားလာတာလို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ယောက်က သုံးသပ်ပါတယ်။

ကျနော့အမြင်ကတော့ ရွှေဘိုမြစ်ကြီးနားလမ်းပိုင်းကို သူတို့စိုးမိုးနယ်မြေဖြစ်အောင်ပြန်လုပ် နေတာပေါ့ နောက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင်လည်း သူတို့ရဲ့စိုးမိုးနယ်မြေတွေကို ဖြည်းဖြည်းချင်းထပ်ချဲ့လာတာပေါ့။ ကျနော်တို့စိုးမိုးပြီးသားနယ်မြေတွေကိုလည်း အင်အားအလုံးအရင်းနဲ့ဝင်တယ် သူတို့စိုးမိုးနယ် မြေ ဖြစ်အောင်ပြန်လုပ်တာပေါ့လေ ကျနော်ကတော့အဲ့လိုယူဆတာပေါ့လေလို့ သုံးသပ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ အရင်က ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးခေါင်းစဥ်နဲ့ ဝင်ရောက်စီးနင်းကာ နေအိမ်တွေကိုမီးရှို့ပြီး စစ်ကြောင်းပြန်ထွက်လေ့ရှိပေမဲ့ ဒီနောက်ပိုင်းမှာတော့ စစ်ကြောင်းထိုးပြီးတဲ့နေရာ တွေကို ပျူစောထီးအဖွဲ့ဝင်တွေက အထိုင်ချတပ်စွဲတာတွေလုပ်လာနေတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ကန့်ဘလူ အရှေ့တောင်ဘက်က ငှက်ပျောတိုင်းရွာဆိုရင် အရင်က ကာကွယ်ရေးတပ်တွေစိုးမိုးထားခဲ့ပေမဲ့ ဒီရက်ပိုင်းမှာပဲ စစ်တပ်ကအင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်အခြေချတပ်စွဲခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်ကောင်စီတပ်ကြောင့် ကန့်ဘလူနယ် ငှက်ပျောတိုင်းရွာနားက ကျေးရွာ၁၀ရွာထက်မနည်းကဒေသခံတွေဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၁ ဒသမ ၆သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား  သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ထား ပါတယ်။

Show More

Related Articles

Back to top button