တိုက်ပွဲသတင်း

ကန်တော်ယန်အထိုင်တပ်စခန်းကို သိမ်းပိုက်လိုက်ပြီလို့ KIO ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူပြော

မြစ်ကြီးနားဗန်းမော်လမ်းမပေါ် ရှိ ဆယ်စုနှစ်တစ်စုကြာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ရဲ့ ကန်တော်ယန် (Gangdau Yang) ဗျူဟာကုန်း စစ်တပ်ရဲ့အထိုင်စခန်းကို ကချင်လွတ်လပ်ရေးတပ် KIA က ဒီကနေ့ မနက်ပိုင်းက သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ က ပြောပါတယ်။

ကန်တော်ယန်ကို သိမ်းလိုက်ပြီဆိုတာ မှန်တယ်။ ခုဂျာထရွာမှာ စစ်တပ်က လေကြောင်းနဲ့ပစ်လို့ ပြည်သူတွေနေအိမ် ၆ အိမ်မီးလောင်သွားပြီလို့ပြောပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်က ကန်တော်ယန်တပ်စခန်းအပြင်၊ မလိယန်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ၃ နာရီလောက်အကြာမှာတော့ ကန်တော်ယန်ဗျူဟာကုန်း တပ်စခန်းသိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။

လက်ရှိ စစ်တပ်ဘက်က စခန်းလက်လွတ်လိုက်ရတဲ့အတွက် ကန်တော်ယန်အပါအဝင် ဂျာထရွာဘက်ကို လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ဂျာထရွာက ပြည်သူတွေရဲ့နေအိမ် ၆ လုံးထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်တပ်က လေယာဉ်နဲ့ပစ်လို့ နေအိမ် ၆ အိမ်မီးလောင်ပျက်စီးထိခိုက်သွားတယ်လို့သိရတယ်။ ခုလိုင်လွမ့် အောင်ဂျာဘက်ကိုလည်း လေယာဉ်နဲ့ပစ်နေတယ်။ စစ်ရေးကတော့ စစ်တပ်က စခန်းတွေလက်လွတ်လိုက်ရတော့ ပိုပြင်းထန်လာနိုင်တယ်လို့ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးဗိုလ်မှူးကြီး အင်ဖန်နော်ဘူက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က နမ်ဆန်ယန်မြို့အနီးမှာရှိတဲ့ ဘွမ်ရေဘွမ်ကနေ လိုင်ဇာမြို့အဝင် မုန်လိုင်ခက်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း လိုင်ဇာဒေသခံတွေက ပြောပါတယ်။

KIO ဗဟိုဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အနီး နမ်ဆန်ယန်ဘက်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်ကနေစပြီး ဝင်ရောက်အခြေချဖို့ ထိုးစစ်ဆင်လာရာကနေ နှစ်ဖက်စစ်ရေးတင်းမာနေသလို တိုက်ပွဲပြင်းထန်နေတာ ခုဆိုရင် ၃ လကျော်ရှိလာပြီဖြစ်ပါတယ်။

နှစ်ဖက် စစ်ရေးတင်းမာနေချိန် စစ်တပ်က KIO ဗဟိုဌာနချုပ်ရှိတဲ့လိုင်ဇာဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်နေသလို ကချင်လွတ်လပ်ရေးတပ် KIA ဘက်ကလည်း စစ်ကောင်စီတပ်ရဲ့ အထိုင်ချစခန်းတွေကို သွားရောက်တိုက်ခိုက်တာတွေအပြင် မြစ်ကြီးနား၊ ဗန်းမော်ဘက်က နမ်ဆန်ယန်ဘက် အင်အားဖြည့်ဝင်လာတဲ့ စစ်ကြောင်းတွေကို ပိတ်ဆို့တိုက်ခိုက်တာ၊ ခြုံခိုက်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

တိုက်ပွဲ ၃လအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဟာ ဒေါ့ဖုန်းယန်၊ မဒီးယန်၊အောင်ဂျာနဲ့ ကဇူး၊ ဒဘတ်ယန်တစ်လျှောက်မှာ စစ်တပ်ဘက်စစ်အင်အား ၇၀ လောက်သေဆုံးခဲ့တယ်လို့ ဗိုလ်မှူးကြီးအင်ဖန်နော်ဘူက ပြီးခဲ့တဲ့ဩဂုတ်လအတွင်း သတင်းမီဒီယာတွေမှာ ဖြေဆိုထားပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ မှာတော့ အောင်ဂျာရွာမှာရှိတဲ့ စစ်တပ်ရဲ့အထိုင်တပ်စခန်းတစ်ခုကို သိမ်းပိုက်လိုက်ပြီး တစ်ဆက်တည်း အောက်တိုဘာလ ၂၀ ရက်နေ့ အောင်ဂျာရွာအနီးက ဗျူဟာကျတဲ့စခန်းတစ်ခုကို ထပ်မံတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

အဲဒီနောက် အောက်တိုဘာ ၃၁ ရက်နေ့ ဒီမနက်မှာတော့ မြစ်ကြီးနားဗန်းမော်လမ်းမပေါ်က အခိုင်မာတပ်စွဲထားတဲ့ ကန်တော်ယန်ဗျူဟာကုန်းကို သိမ်းပိုက်ရရှိထားပြီး ၂ လအတွင်း စခန်းပေါင်း ၃ ကိုသိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။

ကန်တော်ယန်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအဆင့်ရှိတဲ့အရာရှိတစ်ဦးကိုလည်း KIA ဘက်အရှင်ဖမ်းဆီးရမိထားတယ်လို့လည်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိ နမ်ဆန်ယန်၊လိုင်လွမ့်အောင်ဂျာအပြင် KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့အနီး တစ်ဝိုက်မှာလည်း လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေတဲ့အပြင် လေကြောင်းပါအသုံးပြုတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button