တိုက်ပွဲသတင်း

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအဖြစ် မြို့ ၂ မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ၅ ရက်မြောက်အဖြစ် စစ်ဆင်ရေးများဆက်လက် ဆောင်ရွက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင် ရေး ၅ ရက်အတွင်း ကိုးကန့် အထူးဒေသ ၁ အတွင်းမှာရှိတဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်တို့ကို အပြီးသတ် သိမ်းပိုင်းနိုင်ခဲ့သလို သိန္နီမြို့ကိုလည်း ထိန်းချုပ် ထားဆဲ ဖြစ်တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့က ဒီကနေ့ ပူးတွဲထုတ်ပြန်ပါတယ်။

 
ကိုးကန့်တပ် MNDAA ထိန်းချုပ်လိုက်တဲ့ ချင်းရွှေဟော်ဒေသမှာ အရပ်သားတွေလည်း ပြန်ဝင်ရောက် နိုင်ပြီး နေအိမ်သန့်ရှင်းရေးတွေလုပ်ဆောင်နိုင်သလို ကိုးကန့်တပ် MNDAA ဘက်ကလည်း နယ်စပ်ဂိတ်လမ်းမကို သန့်ရှင်းရေးလုပ်ဆောင်နေကြပြီလို့ ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ဒီကနေ့ အောက်တိုဘာ ၃၁ ရက်နေ့ အထိ စစ်ဆင်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်လျှက် ရှိနေတာဖြစ်ပါတယ်။
 
အောက်တိုဘာ ၃၀ ရက်နေ့ နဲ့ ဒီကနေ့ မနက်ပိုင်းအထိကို ညီနောင်မဟာမိတ်၃ဖွဲ့က တပ်စခန်း ၄ ခုကို သိမ်း ယူ နိုင်ခဲ့တယ်လို့ The Kokang က ဖော်ပြထားပါတယ်။
 
သိမ်းယူနိုင်တဲ့စခန်းတွေကတော့ မူပန်ဒေသ ဟိုပန်ကျေးရွာက မိုင်းတင်ရာဘာတောင်ကုန်းတပ်စခန်း၊ နာတီရွာအနီးက စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း ဒီကနေ့ မနက်ပိုင်းမှာတော့ ကိုးကန့် ခရိုင် တုန်းရှမ်းဒေသက ဟိုကျီတုံ တပ်စခန်း ၂ ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။
 
ဒါ့အပြင် တစ်ဖက်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ရက္ခိုင့်တပ်တော် AA ပူးပေါင်းပြီးတော့ ကေအိုင်အေဌာနချုပ်အနီးက စစ်ကောင်စီတပ်ရဲ့ဗျူဟာမြောက်တဲ့ ကန်တောင်ယန် တပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုန်ပြန်ထားပါတယ်။
 
ဒီကနေ့ မနက်ပိုင်း ၄ နာရီမှာလည်း တအာင်းတပ်မတော် TNLA က လားရှိုးနဲ့သိန္နီအကြားမှာရှိတဲ့ မိုင်းပါး တပ်စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီး မိုင်းကျက်တပ်စခန်းကိုလည်း တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ဘက်ကတော့ တိုက်ပွဲအတွင်းလေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေပြီးတော့ အရပ်သား တွေနေထိုင်တဲ့ ရွာတွေအတွင်း ဗုံးကြဲတိုက်ခိုက်တာတွေရှိနေတယ်လို့ ဆိုပါတယ်။
 
ညီတောင်မဟာမိတ် ၃ဖွဲ့ကတော့ အခြားသော တော်လှန်ရေးအဖွဲ့တွေလည်း မိမိတို့ဒေသမှာရှိတဲ့ စစ်ကောင်စီ ရဲ့တပ်စခန်း နဲ့ တစ်ခြားစစ်ကောင်စီလက်အောက်စခန်းတွေကို တစ်ပြိုင်နက်တိုက်ခိုက်ကြဖို့ တိုက်တွန်းထား ပါတယ်။
 
“၁၀၂၇ စစ်ဆင်ရေး” ၅ ရက်မြောက်တဲ့နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသက စစ်ကောင်စီရဲ့ တပ်စခန်း ပေါင်း ၈၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
 
By – ဇမီ
Show More

Related Articles

Back to top button