“မေ့မရနိုင်ဆုံးကတော့ ဗိုက်ကလည်းဆာ ဆေးကလည်း အရမ်းကွတ်(ရင်းထ) လမ်းကလည်း လုံးဝလျှောက်လို့မရတော့ဘူး အဲလို အခြေအနေမျိုးမှာ တောင်းစားခဲ့တာဘဲ”
ဒီအဖြစ်အပျက်ကို ကြုံခဲ့ရတဲ့ သူကတော့ လက်ရှိ ကချင်ပြည်နယ် ဝိုင်းမော်မြို့က ကောင်းသောရှမာရိဆိုတဲ့ လူငယ်မွန်းမံ သင်တန်းကျောင်းမှာ အကူဆရာအဖြစ် ဆပ်ကပ်အပ်နှံနေတဲ့ ကိုယေရမိ ဖြစ်ပါတယ်။
ကိုယေရမိကတော့ တရုတ်-လီဆူလူမျိုးတစ်ယောက်ဖြစ်ပြီး မိုးကုတ်ဇာတိဖြစ်ပါတယ်။ မွေးချင်း ညီမတစ်ယောက်နဲ့ ညီတစ်ယောက်ရှိပြီး မိဘနှစ်ပါးကတော့ ဆုံးပါးသွားပြီလို့ သိရပါတယ်။
ကိုယေရမိက မိသားစုထဲမှာ အကြီးဆုံးသားဖြစ်ပြီး ကျောင်းပညာသင်ကြားခဲ့ခြင်း မရှိတဲ့အပြင် အသက် ၁၇ နှစ်အရွယ်လောက်မှာကတည်းကနေ အပြင်ထွက် အလုပ်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
မိုးကုတ်ဆိုတဲ့တိုင်း ကျောက်ပတ္တမြားတွေထွက်တဲ့ ဒေသဖြစ်လို့ ကိုယေရမိကတော့ သူ့မွေးရပ်မြေမှာကျောက်ရှာတဲ့ အလုပ်ကို ၂နှစ်ထိ လုပ်ကိုင်ခဲ့ပါတယ်။ ၁၆ နှစ်အရွယ်အထိ အပြင်လောကမှာ အလုပ်လုပ်တဲ့အချိန်တွေမှာတော့ ဆေးလိပ်တို့ အရက်တို့ စတင်သောက်တတ်လာတယ်လို့ သူကခုလိုပြောပါတယ်။
“အစကတော့ ဆေးလိပ်ကစတာတော့ မိုးကုတ်မှာ ကျောက်ရှာတဲ့အချိန် နွေးအောင်ဆိုပြီး ဆေးလိပ်တွေဖွာ အဲတာလောက်နဲ့ မတင်းတိမ်လာနိုင်တော့ အရက်တွေပြန်သောက်တတ်လာတာပေါ့”လို့ သူကပြောပါတယ်။စာသင်ကျောင်းတွေမှာသင်တဲ့” မူးယစ်ဆေးဝါးအစ ဆေးလိပ်က“ ဆိုတဲ့ စကားတော့ ကိုယေရမိအတွက်တော့ မှန်ခဲ့ပါတယ်။
အသက် ၁၈ ပြည့်ပြီး ၂၀၀၈ လောက်မှာတော့ သူမွေးရပ်မြေ ဖြစ်တဲ့ မိုးကုတ်မြို့ကိုစွန့်ခွာပြီ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ၁၇မိုင် တာပိန်ရေအားလျှပ်စစ်တရုတ်နယ်စပ်မှာ အလုပ်သွားလုပ်ခဲ့ပါတယ်။
အဲဒီအချိန်အခါ တစ်ရက်မှာ တရုတ်ပိုက်ဆံ ယွမ် ၆၀ (မြန်မာငွေကျပ်တစ်သောင်းဝန်းကျင် ) ရရှိခဲ့တာဖြစ်ပေမယ့် ဘိန်းစတင် ရှူတတ်တဲ့ အချိန်ကာလဖြစ်တဲ့အတွက် ငွေရေးကြေးရေးတော့ မစုဆောင်းမိခဲ့ဘူးလို့ ဆိုပါတယ်။
ရေအားလျှပ်စစ်မှာ နှစ်နှစ်လောက် အလုပ်လုပ်ပြီး ဗန်းမော် ဒေါ့ဖုန်းယန်ရွှေမှော်ဘက်မှာ ပြန်လည်ပြောင်းရွေ့လုပ်ကိုင်ခဲ့ပါတယ်။ ဗန်းမော်မှာတော့ တစ်နှစ်ခွဲလောက်သာနေခဲ့ပြီး ၂၀၁၀ လောက်ရောက်တော့ မြစ်ကြီးနားမှာ အိမ်ထောင်ကျခဲ့ပါတယ်။ နောက်တော့ မိန်းမဘက်က မိဘတွေရှိတဲ့ တနိုင်း ရှဒူဇွပ်ဘက်ကို ပြည်လည်ပြောင်းရွေ့နေထိုင်ခဲ့ပြီး သားသမီးနှစ်ယောက်ထွန်းကားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း တနိုင်းမှာနေတဲ့အချိန်မှာတော့ ဘိန်းရှူယုံသာမက ဘိန်းဖြူထိုးသွင်းတဲ့ အဆင့်ထိဆိုးရွားလာတဲ့အတွက် မိသားစုဝင်တွေနဲ့ အဆင်မပြေဖြစ်ပြီး ရှင်ကွဲကွဲခဲ့ရတာ ဖြစ်ပါတယ်။
မိသားစုဝင်တွေနဲ့ ကွဲလာပြီးနောက် ၂၀၁၆ လောက်မှာတော့ ဝိုင်းမော် တရုတ်ငှက်ပျော်ခြံဘက်မှာ အလုပ်လုပ်ခဲ့ပြီး ဘိန်းဖြူထိုးသွင်းတဲ့ အရေအတွက်လည်း ပိုပိုများလာတာဖြစ်ပါတယ်။ အခြေအနေ အရမ်းကို ဆိုးရွားလာတဲ့အတွက် အလုပ်ရှင်တွေက လက်မခံချင်တော့ဘဲ အကြောင်းပြချက်အမျိုးမျိုးပေးပြီး မောင်းထုတ်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။
“အရင်ကဆို တစ်သောင်းပေးမယ်ဆိုရင်နောက်တစ်ယောက်က နှစ်သောင်းပေးမယ်ဆိုပြီးအလုအယက်ခေါ်ကြတာ ဘိန်းရှုူထားတော့ အားလည်းအရမ်းရှိနေတာ နှစ်ရက်ပြီးရမယ့်အလုပ် တစ်ရက်နဲံဘဲပြီးတယ် တာမယ့်နောက်တော့ ခန္ဓာကိုယ်က အားမရှိလာတော့ဘူး ဖျားဘဲဖျားနေတော့ မလိုချင်ကြတော့ဘူး” လို့ ပြောပါတယ်။
၂၀၁၈ နှစ်ကုန်လောက်မှာ ပန်ဝါဘက်ကို အလုပ်လုပ်ဖို့သွားခဲ့ပေမယ့် ကိုဗစ် စတင်ဖြစ်လာတာကြောင့် လအနည်းငယ်သာ လုပ်ခဲ့ရပြီး ပြန်လည်မောင်းထုတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဒီလိုနဲ့ အလုပ်ရှင်တွေဖယ်ကြဉ်ရုံသာမက ကိုယ်နဲ့ ဘိန်းသောက်ဖော်သောက်ဖက် ထိုးဖော်ထိုးဖက်တွေကပါ ရှောင်ဖယ်သွားကြတယ်လို့ သူက အခုလိုဆိုပါတယ်။
“ဆေးအပ်တစ်ချောင်းကို အတူသုံးတဲ့ သူငယ်ချင်းတွေက အိမ်တောင်မလာခိုင်ဘူး ငါ့သားသမီးတွေ ဆီရောဂါကူးလိမ့်မယ် ဆိုပြီးမောင်းထုတ်ခဲ့ကြတာ” ဆေးသမားဘဝရောက်သွားတဲ့နောက် သူငယ်ချင်း၊ပတ်ဝန်းကျင်ကပါ ဖယ်ကြည်ခံလာရတဲ့အတွက် ပန်ဝါက ပြန်လာတဲ့လမ်းမှာ ပိုက်ဆံလည်းမရှိတဲ့အတွက် လမ်းတစ်လျှောက် လမ်းဘေးနား၊ အိမ်စုတ် ၊အဆောက်အအုံစုတ်တွေနဲ့ သူများခေါက်ဆွဲဆိုင်တွေမှာ အိပ်ခဲ့ရပြီး ဗိုက်ဆာတဲ့အချိန်တွေမှာလည်း သူများအိမ်တွေမှာ မျက်နှာငယ်လေးနဲ့ လိုက်တောင်းစားခဲ့ရတယ်လို့”ဆိုပါတယ်။
“မေ့မရနိုင်ဆုံးကတော့ ဗိုက်ကလည်းဆာ ဆေးကလည်း အရမ်းကွတ် လမ်းကလည်းလုံးဝလျှောက်လို့မရတော့ဘူး အဲလို အခြေအနေမျိုးမှာ တောင်းစားခဲ့တာဘဲ ပိုပြီးမေ့မရနိုင်တာက ဘုရားကျောင်းတစ်ခုမှာ ထမင်းကြမ်းလေးဖြစ်ဖြစ် ကျန်ရင် ကျွေးပါအုံးဆိုပြီး သွားတောင်းစားခဲ့တာ နောက်တော့သူက ပေါင်မုန်နှစ်လုံးယူလာပေးတယ် သူကိုတော့အရမ်းကျေးဇူးတင်တယ် ဘာမှမစားရတာ ၅ရက်လောက်ရှိပြီလေ” လို့ဆိုပါတယ်။
ဒီလို အရာတွေကြောင့် အရင်က အတိတ်တွေကို နောင်တရလာပြီး တကယ်ကိုမူးယစ်ဆေးဝါးကို နားချင်တဲ့စိတ်နဲ့ ဆုတောင်းခဲ့ပြီး သူငယ်ချင်းတွေကိုလည်း အကူအညီတောင်းပြီး ဝိုင်းမော်မြို့က ကောင်းသော ဆမာရိဆိုတဲ့ လူငယ်မွန်းမံသင်တန်းကျောင်းကို ရောက်လာခဲ့တယ်လို့ ပြောပါတယ်။
သူရောက်လာတဲ့အချိန်မှာတော့ ဆေးအရှိန်ကြောင့် အားအင်တွေကုန်ခမ်းနေတဲ့အပြင် ဘီပိုးစီပိုးနဲ့ အေအိုင်ဒီအက်စ် စတဲ့ရောဂါတွေလည်းကပ်စွဲနေတဲ့အတွက် အားလုံးကပင် သေလူလို့ ထင်မှတ်ထားခဲ့တာဖြစ်ပါတယ်။
ဒါအပြင်အိပ်ယာထဲမှာ သုံးလလောက် လမ်းမလျှောက်နိုင်ဘဲအနားယူပြီးနောက်မှာမှ လူလိုသူလိုပြန်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ပြန်ကောင်းလာပြီး အဲဒီလူငယ်မွန်းမံသင်တန်းကျောင်းမှာဆပ်ကပ်နေတဲ့အချိန် သူရဲ့ ညီမလေးနဲ့ပြန်လည် အဆက်အသွယ်ရခဲ့တာဘဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မိဘနှစ်ပါးကတော့ဆုံးပါးသွားခဲ့ပြီဘဲဖြစ်ပါတယ်။ သူညီမလေးနဲ့ ပြန်အဆက်အသွယ်ရတဲ့ အချိန်ရဲ့ သူရင်မှာခံစားရတဲ့ ခံစားချက်ကို သူကခုလိုပြောပြပါတယ်။
“ညီမလေးနဲ့ အဆက်အသွယ်ပြန်ရတော့ အရမ်းပျော်တာပေါ့ ၂၀၀၈ ကတည်းကနေ မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်နေတာ ဒါမယ့်လည်း အဖေနဲ့အမေက ဆုံးသွားတာကြာပြီတဲ့ အခါနှောင်းသွားတာပေါ့ ညီမလေးနဲ့ ညီလေးကိုတော့ အားနာမိတယ် ဒီအတိုင်းဘဲ ထားခဲ့မိတော့ သနားမိတာပေါ့” လို့ ဆိုပါတယ်။
ကိုယေရမိကတော့ လက်ရှိချိန်မှာ ကောင်းသောရှမာရိဆိုတဲ့ လူငယ်မွန်းမံသင်တန်းကျောင်းမှာအကူဆရာအဖြစ် ဘိန်းဖြတ်တဲ့သူတွေကို ကူညီပေးနေတဲ့အလုပ်ကို လုပ်ကိုင်နေတာဘဲဖြစ်ပါတယ်။
ဘိန်းဖြတ်တဲ့ လူအများစုကတော့ ထိန်းဆေး မက်ဒဒုန်းတွေကိုသောက်ပြီး ဖြတ်လေ့ရှိပေမယ့် သူကတော့ ဘာဆေးမှ မသောက်ဘဲဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘိန်းဖြတ်ပြီးနောက်ပိုင်းမှာ ပြန်လည်မစွဲလမ်းအောင် ကျော်လွှားနိုင်ခဲ့လဲဆိုတဲ့ သူ့ရဲ့ အတွေ့အကြုံကို အခုလိုပြောပြပါတယ်။
“လူတွေက ဘိန်းဖြတ်တဲ့အချိန်မှာက သေမှာကို ကြောက်ကြတယ် ရှေးအရှိန်ပြေသွားရင် အားမရှိတော့ဘူး တစ်ကိုယ်လုံး ကိုက်ခဲ့နေတာဘဲ ရောဂါတွေကလည်း အစုံဝင်လာတော့တာဘဲ ဆေးဖြတ်နေတဲ့သူတစ်ယောက်ကိုလည်း မခံနိုင်လို့ဆိုပြီး ဆေးတိုက်တာမျိုးတွေလည်း မလုပ်ရဘူး နှစ်ရက်အကြာမှာတိုက်လိုက်လို့ ရှိရင် သူက နှစ်ရက်အကြာမှာ ရင်းထလာလိမ့်မယ် အဲတာတွေအကုန်တောင့်ခံနိုင်မှ အားပြန်ရှိလာ လိမ့်မယ်ဆိုပြီး သူအကြံပြုပါတယ်။
ဒါအပြင်သူက ဘိန်းသုံးစွဲတဲ့ သူတွေဟာ အပြင်ပန်းအားဖြင့် ရိုင်းစိုင်းမာကျောတယ်လို့ ထင်ရပေမယ့် စိတ်ဓာတ်အရမ်းပျော့တဲ့ သူတွေဖြစ်တဲ့အတွက် အကြမ်းပတမ်းနည်းလမ်းနဲ့ဆေးဖြတ်တာမျိုးမဟုတ်ဘဲ သေချာဂရုစိုက်ပြီး ကူညီပေးသင့်တယ်ဆိုပြီး အကြုံပြု ပါတယ်။
“အကြမ်းပတမ်းနည်းနဲ့ကြိုးနဲ့ချည်ရိုက်ပြီး ဖြတ်ရင်က ကြောက်လို့ အဲအချိန်မသောက်ဘဲ ကြောက်လို့ ခနနားရင်နားသွားမယ် အဲတာပြီးတာနဲ့က ပြန်သောက်မှာဘဲ အားလုံးက တကယ်ကို ပြတ်ချင်ကြတယ်။ အဲလို အချိန်မှာ အနားမှာ စိတ်ရှည်ရှည်နဲ့ အချိန်ပြည့်စောင့်ကြည့်နေပေးပြီး နွေးထွေးမှုတွေ မေတ္တာတွေပြနဲ့ ဂရုစိုက်ပေးရမယ် အဲလိုလုပ်ပေးလို့ ရှိရင် ဘယ်လောက်ဘဲ မာကျောနေပါစေ ကိုယ်ပြလိုက်တဲ့ မေတ္တာတွေက ပြန်လည် အကျိုးပြုလာ လိမ့်မယ် ကိုယ်လည်းအဲကနေကျော်ဖြတ်လာတာဘဲလေ” လို့ ဆိုပါတယ်။
ကိုယေရမိက ကောင်းသောရှမာရိဆိုတဲ့ လူငယ်မွန်းမံသင်တန်းကျောင်းမှာ ဘိန်းဖြတ်ဖို့ ရောက်လာတဲ့ လူတွေကို အကူအညီပေးနေပြီး နောင်အနာဂတ်မှာလဲ ဘုရားအလိုတော်အတိုင်း ဘဝတူတွေကို လမ်းမှန်ပေါ်ရောက်လာအောင် အကောင်းမွန်ဆုံး ကူညီသွားမယ်လို့ ဆိုပါတယ်။
By – Hope