တိုက်ပွဲသတင်း

နောင်ချိုမြို့တွင်း အစိုးရရုံးအားလုံး TNLA ပူးပေါင်းတပ်ထိန်းချုပ်ထားပြီး တိုက်ပွဲဆက်ပြင်းထန်နေ

ရှမ်းမြောက် နောင်ချိုမြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်ထိန်းချူပ်ထားပြီး စစ်ကောင်စီတပ်စခန်းကြီးတွေကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

လားရှိုးနဲ့ ပြင်ဦးလွင်ကြားမှာရှိတဲ့ နောင်ချိုမြို့ထဲကို  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေ ဇွန်လ ၂၅ ရက် မနေ့ကစပြီး မြို့တွင်း ဌာနဆိုင်ရာအစိုးရရုံးအားလုံးကို  သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး နောင်ချိုအခြေစိုက်တပ်ရင်းကြီးတွေကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့ နောင်ချိုပြည်သူတစ်ဦးက Kachin News Group KNG သတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီတပ်စခန်းကြီးတွေရှိ နေသေးတာကြောင့် သိမ်းပြီလို့ပြောပေမဲ့ အားလုံးမဟုတ်သေးဘူး။ မြို့တွင်းက ဌာနဆိုင်ရာတွေမှာ နေရာယူထားတာလောက် ပဲရှိသေးတယ်။ TNLA နဲ့ PDF တွေ မြို့တွင်းဝင်လာတာနဲ့ ဌာနဆိုင်ရာအသီးသီးကသူတွေ တချို့ထွက်ပြေးသူကထွက်ပြေးနဲ့ အားလုံးရှောင်သွားတာကြောင့်အခုမြို့ထဲကိုတော့ ဝင်ရောက်နေရာယူထားနိုင်ပြီ” လို့ နောင်ချိုတစ်ဝိုက်ဒေသကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

နောင်ချို့မြို့ထဲရှိ မြို့နယ်ရုံး ၊ရဲစခန်း၊ စည်ပင်၊  မိုးဇလရုံး  စစ်မှုထမ်းဟောင်းရုံး၊ မီးသတ်ရုံးနဲ့ ပြည်သူ့ဆေးရုံစတဲ့ ဌာနဆိုင်ရာ အစိုးရရုံးအားလုံးကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နေရာယူထားလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ နောင်ချိုမြို့ထဲက စစ်ကောင်စီတပ်စခန်း ခမရ ၁၁၄၊ ခမရ ၁၁၅ နဲ့ ခမရ ၁၁၇ စတဲ့ စစ်ကောင်တပ်ရင်းကြီးတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

ဇွန်လ ၂၅ မနေ့က မနက်အစောပိုင်းကစပြီး ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ သီပေါ နဲ့ မိုးကုတ်စတဲ့မြို့တွေမှာ စစ်ကောင်စီနဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA PDF တပ်ပေါင်းစုတွေ တိုက်ပွဲပြန်လည်ဖြစ်ပွားလာတာဖြစ်ပါတယ်။

မိုးကုတ်ဘက်မှာတော့ မြို့ပြင်နေရာတချို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ကျောက်မဲနဲ့ သီပေါမြို့နားတဝိုက်မှာလည်း တိုက်ပွဲဖြစ်နေပါတယ်။

ဇွန်လ ၂၆ ရက် ဒီမနက်အထိတော့ မြို့ကြီးနဲ့ စစ်ကောင်စီစခန်းသိမ်းတာတွေ သတင်းမရရှိသေးဘူးလို့ PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးက ကချင်သတင်းဌာနကို ပြောပါတယ်။

တိုက်ပွဲကတော့ ကျမတို့ထုတ်ပြန်ထားတဲ့အတိုင်း တိုက်ပွဲပြင်းထန်နေတယ်။ အဲလိုမျိုးစခန်းသိမ်းတာတော့ ကျမတို့ဆီမှာ သတင်းမရသေးဘူး။တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ကြားသိရတယ်။” လို့ PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးကပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများတယ်လို့သိရပြီး အတိအကျတော့ မသိရှိရပါဘူး။ နောင်ချိုမှာလက်ရှိ စစ်ကောင်စီဘက်က ဖုန်းလိုင်းတွေဖြတ်တောက်ထားတာကြောင့် မြို့တွင်းအိမ်အစောင့်အဖြစ် ကျန်နေတဲ့ ဒေသခံတွေနဲ့ချိတ်ဆက်နိုင်ဖို့လည်း ခက်ခဲနေဆဲဖြစ်သလို နောက်ဆုံးရရှိထားတဲ့သတင်းအရ ဒေသခံအားလုံးနီးပါးတော့ လားရှိုး – ကျောက်ဂူလမ်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ပြင်ဦးလွင် – နောင်ချို– လားရှိုးလမ်းပိုင်းလက်ရှိချိန် ဖြတ်သန်းသွားလာလို့မရပဲ လားရှိုး – တောင်ကြီးဘက်လမ်းကနေ မန္တလေးအသွားအလာလုပ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရှမ်းမြောက်မှာ တရုတ်ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ မဟာမိတ်  ဖွဲ့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူစာချူပ်ချူပ်ဆိုထားပေမဲ့ စစ်ကောင်စီဘက်က တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ရှိတဲ့ တပ်စခန်းတွေနဲ့ မြို့နေရာတွေကိုပါ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်တာကြောင့် ပြန်လည်ခုခံခြင်းအားဖြင့် အခုလို တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဖြစ်တယ်လို့ TNLA ဘက်က ပြောဆိုပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button