ဆိုင်းတောင်ရဲစခန်းတိုက်ခိုက်ခံရ ရဲမှူးနဲ့အရာရှိ ၇ ဦးအပါ ၁၂ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှု(ဆိုင်းတောင်) ကျေးရွာထဲက ရဲစခန်းကုန်းဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အတွက် ရဲမှူး၊ ရဲအရာရှိ ၇ ဦးအပါ ၁၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ရဲနဲ့ စစ်သား အင်အား ၂၀ ကျော်တပ်စွဲထားတဲ့ ဆိပ်မှု (ဆိုင်တောင်) စာသင်ကျောင်းအနီးက ရဲစခန်းကုန်းကို မနေ့က ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်က ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။
KIA/PDF ပူးပေါင်းတပ်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် ဒုရဲမှူးကြီးတစ်ဦး၊ ဒုရဲမှူးတစ်ဦး၊ ရဲအုပ်တစ်ဦး၊ ရဲတပ်ကြပ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးအပါ စုစုပေါင်း ၁၂ ဦးအထိသေဆုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် KPDF ပြန်ကြားရေးဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။
“ဆိုင်းတောင်ကစစ်တပ်ကုန်းကို အဲ့မှာ ၁၀ ယောက်သေပြီးမှ ၆ ယောက်ဒဏ်ရာရတယ်ပြောတယ်ဗျ အရာရှိကသေဆုံးသွားတယ် ဒဏ်ရာပြင်းပြင်းထန်ထန်နဲ့တခါတည်းသေသွားတာ”လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ရဲအရာရှိဟာ ဖားကန့်ရဲတပ်ရင်းက ဒုရဲမှူးကြီးသူရအောင်၊ ဒုရဲမှူး ခိုင်စိုးဟန်၊ ရဲအုပ် ထွန်းခိုင်စိုး၊ရဲတပ်ကြပ်ကြီး သိန်းစိုး၊တပ်ကြပ်ကြီး ဦးဝင်းမြင့်၊ ဒုတပ်ကြပ် ဇော်မိုး၊ တပ်သား ဟိန်းမင်းထက်၊ တပ်သား ဖြိုးထက်အောင်၊ တပ်သားဇော်ဝင်းကျော်၊တပ်သားထွန်းထွန်းလင်း စုစုပေါင်း ၁၀ ဦးဟာ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့နေရာမှာတင်ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရရှိထားတဲ့ ၆ ဦးထဲကလည်း ဆေးရုံအရောက် တပ်သား ၂ ဦးထပ်ပြီးသေဆုံးတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့တော့အေးဆေးပဲမနေ့ကတော့အခြေအနေအတော်ဆိုးသွားတယ် ဒရုန်းချခံလိုက်ရတာသေတဲ့အလောင်းတွေနဲ့ဒဏ်ရာရထားတဲ့သူတွေကို နာရေးကူညီမှုအသင်းတွေကိုအတင်းခေါ်ပြီးပို့ခိုင်းတယ်ပြောတယ်။ ကြားရတာတော့ ပထမကသေတာ ၁၀ ယောက်ပဲ တချို့က ဆေးရုံမှာထပ်သေတာပြောတယ်”လို့ သူကပြောပါတယ်။
ဖားကန့်မြို့နယ်ဆိုင်းတောင်ကျေးရွာထဲမှာ ဒီရက်ပိုင်း စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေမကြာခနရှိနေတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲမကြာခနဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း သတိထားပြီးနေထိုင်ကြဖို့ ဖားကန့်KPDF တာဝန်ရှိသူကပြောပါတယ်။
“ဆိုင်းတောင်ဘက်က လောလောဆယ်ပြည်သူတွေရော သတိထားပြီးနေရတဲ့အခြေအနေဟုတ်တယ်ဗျ။ မြို့ထဲရွာထဲမှာလောလောဆယ် တိုက်ပွဲတွေဖြစ်လာတဲ့အနေအထားဆိုတော့ပြည်သူတွေအားလုံးလည်းစိုးရိမ်တကြီးနေကြရတယ်။ မနေ့ကတော့တနေကုန်နီးပါးလောက်ပစ်နေတာ မြေပြင်မှာတိုက်ပွဲကတော့ဟိုနေရာနည်း ဒီနေရာနည်းနည်းအဲ့လိုပြောက်ကျားဖြစ်တာ”လို့သူကပြောပါတယ်။
ဒါ့အပြင် ထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့ ဆိပ်မှု (ဆိုင်းတောင်)ဘက်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်း ယူမာကျေးရွာ၊ မရှီကထောင်ကျေးရွာစတဲ့နေရာတွေကနေ စစ်ကူအနေနဲ့စစ်ကြောင်းထိုးလာတာတွေလည်းရှိနေတယ်လို့သိရပါတယ်။
ဆိုင်းတောင်ကျေးရွာအဝင်မှာ ဇွန်လ ၂၅ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ KIA၊KPDF ပူးပေါင်းတပ်တွေကြားထိတွေ့တိုက်ပွဲ ဖြစ်ပွားရာကနေ ဒီကနေ့အထိနှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပြီး စစ်ကောင်စီဘပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေနေ့တိုင်းပြုလုပ်နေတာကြောင့် မနေ့ကတစ်ရက်တည်းဆိုင်းတောင်ရွာသားတစ်ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
By – Zaw Zaw