တိုက်ပွဲသတင်း

ဗန်းမော်မြို့ ကနေ တင့်ကား ၅ စီးခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA တိုက်ခိုက်

မိုးမောက်မြို့ဘက်ကို စစ်တင့်ကားတွေနဲ့ ထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား ဂျယ်အိန် (Je Ing ) ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၅ ရက်နေ့ တင့်ကား ၅ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာ နှစ်ရက်မြောက်ရှိပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကို ပြောပါတယ်။

ဗန်းမော်မြို့ကနေ မနေ့က မံစီနဲ့ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာကြတယ်။ မနေ့ကနေ ၆ မိုင်နဲ့ ၇ မိုင် နေရာမှာ အပြင်းအထန် တိုက်ပွဲဖြစ်နေတာ ဒီကနေ့ မနက်အထိ တိုက်ပွဲဖြစ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ၆ မိုင်နဲ့ ၇ မိုင်ဖြစ်တဲ့ ဂျယ်အိန်နဲ့ တရုတ်ရွာ ၂ ခုမှာ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကလည်း စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်နဲ့အတူ တင့်ကား ၂ စီးအပါ စစ်ကြောင်းဟာ ဗန်းမော် ကနေ ထွက်လာခဲ့ရာ ကောင့်ဂျာယန်ကျေးရွာ အနီးတဝိုက်မှာ KIA က ပိတ်ဆို့ တိုက်ခိုက်ခဲ့ပါတယ်။

ကောင့်ဂျာယန်မှာ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဘက်က တင့်ကားတစ်စီး ပျက်စီးသွားပြီး အဲဒီနေရာမှာပဲ တစ်လဝန်းကျင်လောက် စစ်ရေးတင်းမာနေခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ဗန်းမော်မြို့တွင်းထဲအထိ လက်နက်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

တိုက်ပွဲဖြစ်နေတာက ဗန်းမော်မြို့ထဲကနေ တောင်ကြားရတယ်။ မနေ့ကလည်း ကြားရတယ်။ ဒီကနေ့ မနက်ပြန်ဖြစ်ကြတယ် ထင်တယ်။ ၅ နာရီလောက်ကနေ လက်နက်ကြီးသံတွေ ပြန်ကြားနေရတယ်။ အားလုံးပြောတာက မံစီ ၇ မိုင်နားမှာ တိုက်ပွဲဖြစ်နေတာတဲ့။ မနေ့ကတော့ ဒီဗန်းမော်ကနေ တင့်ကား ၅ စီးလောက်နဲ့ အဲဒီ မံစီ၊ မိုးမောက်ဘက်ကို တက်သွားကြတာ ဟုတ်တယ်။ စစ်အင်အားက ဘယ်လောက်ထိ ရှိလဲတော့မသိဘူး။ သူတို့က တောလမ်းကနေပဲ သွားကြတာဖြစ်တဲ့အတွက် သေချာမသိဘူး လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကတည်းက မံစီနဲ့ မိုးမောက်မြို့မှာရှိကြတဲ့ ခမရ ၄၃၇၊ ခမရ ၆၀၁၊ ခမရ ၃၁၉ စတဲ့ တပ်ရင်းနေရာတွေကို KIA ပူးပေါင်းတပ်တွေ တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ဇွန်လမှာတော့ မံစီနဲ့  မိုးမောက်မြို့ တိုက်ပွဲ ပြန်လည်ငြိမ်သက်သွားပြီး လက်ရှိ ဇူလိုင်လထဲမှာ စစ်ကောင်စီတပ်တွေက မံစီနဲ့ မိုးမောက် ဘက်ကို စစ်အင်အားပြန်လည်တိုးချဲ့လာတဲ့အတွက် KIA ပူပေါင်းတပ်တွေက ကြာဖြတ်ခုခံတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button