ကသာမှာ ရွာပေါင်း ၃၀ လောက်မှာ ရေဝပ်နေတဲ့အတွက် ရေဘေးကြုံခဲ့ရ
စစ်ကိုင်းနဲ့ကချင်အစပ်က ကသာမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွာပေါင်း ၃၀ လောက် ရေဘေးအန္တရာယ်ကြုံတွေခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့ကနေ ဧရာဝတီမြစ်ရေဟာ ကသာမြို့နယ်မှာ စိုးရိမ်ရေအမှတ်အောက်ကို ရောက်ရှိသွားပြီ မြစ်ကမ်းနဘေးက ကျေးရွာတွေနဲ့ မြေနိမ့်ပိုင်းကျေးရွာတွေ ရေဝပ်နေဆဲဖြစ်ပါတယ်။
လက်ရှိ ရေဘေးကြုံခဲ့ရတဲ့ဒေသခံတွေအတွက် အစား အသောက်၊ ဆေးဝါးနဲ့ အကူညီတွေလိုအပ်နေပြီး ကသာဒေသခံတွေဟာဖုန်း နဲ့ အင်တာနက်လိုင်းပြတ်တောက်မှုတွေကြောင့် ရေဘေးအတွက်ကြိုတင် ပြင်ဆင်ချိန်လည်းမရလိုက်ဘူး လို့ဒေသခံတွေကပြောပါတယ်။
“ကျနော်တို့လူထုတွေကလည်း မိုးလေဝသသတင်းအချက်လက်တွေက သတင်းနားထောင်တာတွေလည်း နည်းသလို အင်တာနက်မရတော့လည်းသတင်းတွေကမသိရဘူးလေ။ မသိရတော့ ကြိုကြေညာထားလည်း ရွှေ့ပြောင်းတာမလုပ်ဘူး ရေရောက်လာမှပဲ လုပ်ကြတဲ့အခါ ပြင်ဆင်ချိန်အားနည်းတာပေါ့ ဆေးဝါးနဲ့ စား နပ်ရိက္ခာပါပဲ အဓိကပဲ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။
ရေဘေးကြုံခဲ့ရတဲ့ ကျေးရွာတွေက ကျော်ပင်၊ သံပုရာကျွန်း၊ ညောင်ခြေထောက်၊ ကျောက်ပုံ၊ ကလုံ ဆယ်ကြီး နဲ့ ဒေါင့်ကြီးစတဲ့ကျေးရွာတွေအပါအဝင် မြေနိမ့်ပိုင်းကျေးရွာပေါင်း ၃၀ လောက်ရေဘေးကြုံတွေ့ ခဲ့ကြရတာဖြစ်ပါတယ်။
ဧရာဝတီမြစ်ရေဟာ ကသာမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစပြီး တဖြည်းဖြည်းမြင့်တက်လာရာ ကနေ ဇူလိုင်လ ၁၃ ရက်နေ့အထိ အမြင့်ဆုံးစိုးရိမ်ရေအမှတ်အထက် ပေဝက်ခန့်ကျော်လွန်ရောက်ရှိခဲ့ ကြောင်း မိုးဇလရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင် တစ်ဖက်မှာတော့ တိရစ္ဆာန်သေဆုံးမှုနဲ့ စပါးခင်းပျက်စီးမှုတွေများပြားသလို လူပျောက်ဆုံးနေတာ တွေပါရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အရင်နှစ်တွေနဲ့မတူပဲ ရေကတစ်အားတိုးလိုက်တယ်။ ရေကနေ့ချင်းညချင်းတိုးပြီးဖြစ်သွားလိုက်တာ။ ပျောက်ဆုံးတာတွေလည်းရှိတယ်။ ပျောက်သွားတာတွေလည်းအခုချိန်ထိဆက်သွယ်လို့မရသေးဘူး။ “လို့ပြောပါတယ်။
ရေနစ်ပြီးတဲ့နောက်ပိုင်းပျောက်ဆုံးသူတွေရှိပေမဲ့လည်း အတိအကျအတည်ပြုဖို့ခက်သလို ပျောက်ဆုံးသူ တွေရှိတာတော့သေချာကြောင်းဒေသခံတွေကဆိုပါတယ်။
ဒါ့အပြင် ကသာမြို့နယ်အတွင်း စက်သုံးဆီပြတ်လက်မှုနဲ့ စက်သုံးဆီဈေးနှုန်းမြှင့်တက်မှုတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာအခက်အခဲတွေရှိနေတယ်လို့ပြောပါတယ်။
လက်ရှိတော့ ရေဘေးသင့်ခဲ့တဲ့ ကျေးရွာတွေအတွက် ဆေးဝါးနဲ့အစားအသောက်အကူညီတွေများစွာလိုအပ် နေပြီး ပြန်လည်ထူထောင်ရေးအတွက်လည်းအကူညီတွေလိုအပ်နေတယ်လို့ပြောပါတယ်။
ဧရာဝတီမြစ်ရေဟာ ကချင်ပြည်နယ်မြစ်ကြီးနား၊ဗန်းမော်တို့မှာစံချိန်တင်မြင့်တက်ရာကနေ မြစ်တစ်လျှောက် မြို့တွေဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေရော မန္တလေးတိုင်းထဲက မြို့နယ်တွေပါ ရေဘေးသင့်မှုဒဏ်ကို ခံစားနေကြရတာဖြစ်ပြီး ဒီနေ့အထိလိုင်း ဧရာဝတီမြစ်တစ်လျှောက်မြို့တွေရေဘေးကြုံတွေ့နေဆဲဖြစ်ပါတယ်။
By –