ပူတာအိုမှာ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲနေတဲ့အတွက် ဆီဆိုင်ကိုကျောက်ခဲနဲ့ပစ်ပေါက်ပြီး အငြင်းပွားမှုတွေဖြစ်နေ
ပူတာအိုမြို့နယ်မှာ စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲနေပြီး စက်သုံးဆီရောင်းချပေးနေတဲ့ ဆီဆိုင်ပိုင်ရှင်တွေနဲ့ ပြည်သူတွေကြား အငြင်းပွားတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ လဆန်းပိုင်း စစ်တပ်နဲ့ KIA တပ်ရဲ့ညှိနှိုင်းမှုနဲ့အတူ ပူတာအိုဘက်ကို စက်သုံးဆီလုံလုံလောက်လောက်တင်သွင်းထားပေမယ့် ဆီဆိုင်ကြီးတွေဟာ ပြည်သူတွေကို လိုသလောက်ရောင်းချပေးတာမရှိဘဲ လုပ်ငန်းရှင်တွေကိုသာ မှောင်ခိုစျေးနဲ့ရောင်းချပေးနေတယ်လို့ ပူတာအိုဒေသခံတွေကပြောပါတယ်။
တစ်ပတ်မှာ တစ်ကြိမ်လောက်သာမရှိတဲ့ ရောင်းချပေးတဲ့စနစ်ကြောင့် ဆီဆိုင်မှာ လာရောက်တန််််််််််းစီကြတဲ့ ပြည်သူတစ်ချို့ ဆီမရရှိတဲ့အတွက် ဆီဆိုင်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်တဲ့အထိ ဆီဝယ်ယူရခက်ခဲနေတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ခုလိုပြောပါတယ်။
“ဆီရောင်းချပေးတာကို အချိန်တစ်ခုကန့်သတ်ပေးတာလည်းမရှိဘူး။ ဆီလိုအပ်လို့ လာတိုးကြတဲ့ ပြည်သူတွေက ရာချီရှိတယ်။ တိုးလို့မရဘူးဆိုရင် အချင်းချင်းရန်ဖြစ်ကြ။ တစ်ချို့သူတွေဆိုရင် အဝေးကြီးကနေ ကိုယ့်မှာရှိထားတဲ့ ဆီကုန်ခံပြီးလာတိုးကြတာ ဆီဆိုင်ကနေ ကုန်ပြီလို့ပြောပြန်ပြောတော့ ကျောက်ခဲတွေနဲ့ပစ်ကြ ခိုက်ကြဖြစ်နေကြတယ်”လို့ ပူတာအိုဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။
ကချင်ပြည်နယ်ထဲမှာ ရေကြီးရေလျှံမှုမတိုင်မှီ ဇွန်လထဲမှာ စစ်တပ်နဲ့ KIA ရဲ့ ညှိနှိုင်းမှုကြောင့် ဆီပေပါ ၃ ထောင်ခန့် ပူတာအိုမြို့ဘက်ကို တင်သွင်းထားပြီလို့သိရပါတယ်။
လက်ရှိမှာ စက်သုံးဆီရောင်းဝယ်တဲ့ ဆီဆိုင်ကြီးတွေက ဆီပြတ်သွားပြီဆိုတဲ့အကြောင်းပြချက်နဲ့ ပြည်သူတွေ လိုသလောက်ရောင်းချပေးတာမျိုးမရှိဘဲ အကန့်အသတ်နဲ့သာ ခက်ခက်ခဲခဲ ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။
ဆီကုန်သည်တွေက လုပ်ငန်းရှင်တွေကိုသာ စျေးနှုန်းတွေမြင့်တင်ပြီး မှောင်ခိုစနစ်နဲ့ ရောင်းချပေးနေတာကြောင့် လက်ရှိပူတာအိုမြို့နယ်ထဲမှာ ဓါတ်ဆီတစ်ပေပါကို မြန်မာငွေ သိန်း ၆၀ အထိ မြင့်တက်နေပြီး ဒီဇယ်တစ်ပေပါ သိန်း ၃၀ အထိရှိတယ်လို့သိရပါတယ်။
ဒါ့အပြင် လက်ရှိ ပူတာအိုမြို့မှာ ပြည်သူတွေ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲနေတဲ့အထဲမှာ လက်ကား ပုလင်းချိန်နဲ့ ရောင်းချခွင့်မပေးဘဲ ဖမ်းဆီးတာတွေရှိနေတာကြောင့်လည်း စက်သုံးဆီရရှိဖို့ ခက်ခဲနေတာလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့မတိုင်ခင် ဖုန်းလိုင်းတွေရရှိနေတဲ့အတွက် ပြည်သူတွေအချင်းချင်းဖုန်းကနေ တစ်ဆင့်ဆက်သွယ်ပြီး အဆင်ပြေနေကြပေမယ့် အင်တာနက်လိုင်းဖြတ်တောက်ခံလိုက်ရတဲ့နောက်မှာတော့ ဆိုင်ကယ်နဲ့သွားရတဲ့ခြေနေတွေကြောင့် စက်သုံးဆီအခက်ခဲကပိုပြီးဆိုးလာတာဖြစ်တယ်လို့လည်း ပူတာအိုဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
“အဓိကတော့ ဖုန်းလိုင်းတွေ ပြတ်သွားတော့ ပိုဆိုးတာပေါ့။ သတင်းအချက်အလက်ရယူတဲ့အခါမှာ ခါတိုင်းသွားစရာမလိုဘဲ ဖုန်းနဲ့ပြောလို့ရပေမယ့် ဖုန်းပြောလို့မရတော့ ဆိုင်ကယ်နဲ့သွားရတဲ့အခြေအနေဖြစ်သွားတယ်။ ဒီမှာရှိတဲ့နေတဲ့ စက်သုံးဆီတွေက မှောင်ခိုစျေးနဲ့ရောက်သွားတော့ ခက်ခဲနေတာပေါ့လေ”လို့ပြောပါတယ်။
ပူတာအိုဒေသမှာ တိုက်ပွဲအပြင် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် ကုန်ပစ္စည်းတွေကို လေကြောင်းနဲ့ သယ်ယူပြီး ရောင်းချပေးနေတာကြောင့် ပြည်သူတွေက အရင်ကထက် ကုန်စျေးနှုန်းမြင့်တက်တဲ့ အခက်အခဲ ရင်ဆိုင်ကြုံတွေ့နေတာ ၅ လဝန်းကျင်လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။
တစ်ဖက်မှာ ကချင်ပြည်နယ် ကောင်စီဥက္ကဋ္ဌ ခက်ထိန်နန်က ပူတာအိုဒေသခံပြည်သူတွေ စားသောက်ရေးဖူလုံဖို့နဲ့ စက်သုံးဆီတွေ ပုံမှန်စျေးနှုန်းနဲ့ ပြန်လည်ရရှိရေးအတွက် ပြီးခဲ့တဲ့အပတ် ပူတာအိုခရီးစဉ်မှာ ဒေသခံတွေနဲ့ တွေ့ဆုံမှုမှာပြောဆိုခဲ့တယ်လို့လည်းသိရပါတယ်။
အခုလို ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ သွားရောက်တွေ့ဆုံးပြီး ပြောဆိုခဲ့တာတွေရှိပေမယ့် လက်ရှိ ပူတာအိုမြို့မှာ ပြည်သူတွေက စက်သုံးဆီ ဝယ်ယူရရှိဖို့ ခက်ခဲနေသေးတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါကြောင့် ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒေသအတွင်း အခက်အခဲတွေကို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရတွေအနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။
ပူတာအိုမြို့မှာ ဓါတ်ဆီတစ်ပေပါ သိန်း ၆၀ ခန့်၊ ပုလင်းချိန်တစ်လီတာကို တစ်သောင်း နှစ်ထောင်၊ ဆန်တစ်အိတ်ကို ၂ သိန်း ၅ သောင်း၊ ကြက်သွန်နီ/ကြက်သွန်ဖြူ တစ်ပိဿာ ၃ သောင်းဝန်းကျင် နဲ့ ငရုတ်သီးတစ်ဗူး နှစ်ထောင့်ငါးရာ အထိ ကုန်စျေးနှုန်းမြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဖုန်းအင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတဲ့အတွက် ပူတာအိုမြို့ပေါ်မှာ ငွေလွှဲ၊ ငွေထုတ်ဖို့အတွက် လေကြောင်းတစ်ခုတည်းနဲ့သာ စောင့်ဆိုင်းပြီး ခက်ခက်ခဲခဲ ငွေလွှဲနေရတယ်လို့လည်း ဆက်သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်း မြစ်ကြီးနား – ပူတာအိုသွားလမ်း ဆွမ်ပရာဘွမ့်မြို့ပေါ်မှာ စစ်တပ်နဲ့ KIA တပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ၃ လဝန်းကျင်လောက် ကားလမ်းပိုင်းကို နှစ်ဖက်စစ်တပ် သွားလာခွင့်မရအောင် ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။
ဇွန်လထဲမှာ နှစ်ဖက်စစ်တပ်ရဲ့ ညှိနှိုင်းမှုနဲ့ ကုန်ကားတွေ အကန့်အသတ်နဲ့ သွားလာခွင့်ရရှိနေပြီဖြစ်ပေမယ့် ဇူလိုင်လဆန်းပိုင်းမှာ မလိခမြစ်ချောင်း ရေကြီးရေလျှံဖြစ်တာကြောင့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းပိုင်း ပျက်စီးသွားတာကြောင့် သွားလာလို့မရတော့တဲ့အခြေအနေမှာ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)