ပူတာအို- မြစ်ကြီးနားလမ်းပိုင်းအခွန်အကောက်များလို့ ပူတာအိုမှာ ဆီစျေးမကျနိုင်သေး
ကချင်ပြည်နယ် ပူတာအိုဒေသထဲကို စက်သုံးဆီကားပုံမှန်ဝင်နေပေမယ့် ဆီစျေးတွေမကျပဲ ဆက်မြင့်တက်နေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။
မြန်မာ–တရုတ်နယ်စပ် ကန်ပိုက်တည်ဂိတ်ကနေဝင်လာတဲ့ စက်သုံးဆီတွေဟာ ပူတာအိုဒေသထဲ အလုံအလောက်ဝင်နေပေမယ့် ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်း အကောက်အခွန်များနေတာကြောင့် ဆီစျေးမကျပဲ ဆက်မြင့်တက်နေတယ်လို့ ပူတာအိုမြို့လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“လောလောဆယ်ဝင်နေတဲ့ဆီတွေက တရုတ်ဆီတွေပဲဟုတ်တယ် ကန်ပိုက်တည်မှာ ယူစျေးကတစ်ပေပါမှ ၁၂သိန်းလောက်ပဲရှိတယ်။ မြစ်ကြီးနားမှာလည်း ဒီဆီပဲ မြစ်ကြီးနားမှာကတစ်လီတာမှ ၆၀၀၀ ပဲရှိတယ်။ ဒီမှာက တစ်လီတာကို ၁၃၀၀၀ တဲ့ လမ်းမှာအကောက်အခွန်အရမ်းများလို့စျေးတက်နေတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိူးသားကပြောပါတယ်။
လတ်တလော မြစ်ကြီးနား–ပူတာအိုကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့အကောက်အခွန်ဂိတ် ၆ ခုထက်မနည်းရှိပြီး ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာ တော်လှန်ရေးအင်အားစုတွေဘက်က ဂိတ် ၂ ခုရှိတယ်လို့ ကားသမားတွေကဆိုပါတယ်။
“မြို့ကြီးနားမြို့အထွက်မှာလေး နှစ်နေရာပေးရတယ် ပြီးတော့ ပူတာအိုဘက်ရောက်ရင်လည်း မူလာရှီးဒီဂိတ်တို့ လုံရှာယန်ရွာထဲကဂိတ်တွေမှာပေးရတယ်။ တခြားနေရာတွေလည်းရှိသေးတယ်ပေးရတာ”လို့မြစ်ကြီးနား ပူတာအိုလမ်းပိုင်းမှာမောင်းနေတဲ့ယာဥ်မောင်းတစ်ဦးကပြောပါတယ်။
စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား–မန္တလေးကုန်သွယ်ရေးလမ်းမကြီး အကန့်သတ်နဲ့သာသွားလာခွင့်ရနေတဲ့အတွက် တရုတ်နယ်စပ် ကန်ပိုက်တည်လမ်းကြောင်းကနေ စက်သုံးဆီတွေဝင်ရောက်နေတာဖြစ်ပါတယ်။
လက်ရှိ မြစ်ကြီးနားမှာ 92 တစ်လီတာ ကျပ် ၆၀၀၀ ၊ 95တစ်လီတာ ကျပ် ၆၅၀၀ ရှိပေမယ့် ပူတာအိုမြို့ မြို့တွင်းဆီပန့်ဆိုင်တွေမှာ 92 တစ်လီတာ ကျပ် ၁၂၀၀၀ 95 တစ်လီတာ ကျပ် ၁၃၀၀၀ အထိစျေးတက်နေတာလို့သိရပါတယ်။
“ဂိတ်ကြေးပေးရတဲ့နေရာတွေက တစ်ဂိတ်တစ်ဂိတ်ကို လေးသောင်း၊ငါးသောင်းအထိပေးရတယ်။ တစ်ချို့ဂိတ်တွေက ဒီဇယ်၊ဓာတ်ဆီတွေပေးရတာရှိတယ် ဆီတစ်ပေပါကို ပူတာအိုအရောက် ငါးသိန်းခြောက်းသိန်းလောက်ကုန်တယ် အဲ့ကြောင့်မကျတာလေးဆီစျေးကပူတာအိုမှာ”လို့ မြစ်ကြီးနား–ပူတာအိုကြားဆီကားမောင်းနေတဲ့ ယာဥ်မောင်းတစ်ဦးကပြောပါတယ်။
ကားလမ်းပိုင်းအကောက်အခွန်များနေတာကြောင့် ပူတာအိုဒေသမှာ စက်သုံးဆီနဲ့အလားတူအခြားကုန်စျေးနှုန်းတွေလည်းမြင့်တက်နေတယ်လို့သိရပါတယ်။
ဇွန်လကုန်ပိုင်းက မိုးရွာသွန်းမှုကြောင့် ကားလမ်းမြေပြိုပြီး တစ်လကျော်ကြာ ပိတ်သွားတဲ့ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်း ပြန်ဖွင့်လာတာ နှစ်ပတ်ဝန်းကျင်ရှိသေးတာဖြစ်ပါတယ်။
ပူတာအိုမြို့ဟာ မြန်မာနိုင်ငံရဲ့ မြောက်ဘက်အစွန်းမှာရှိပြီး မြစ်ကြီးနားနဲ့ (၂၁၈)မိုင် အကွာမှာရှိပါတယ်။
By – Zaw Zaw