နမ့်ပေါင်လေတပ်စခန်း လက်နက်ကြီးပစ်ခတ်ခံရ၊ စစ်တပ်ဘက်က တန်ပြန်ပစ်တဲ့ လက်နက်ကြီး မြို့သစ်ကြီးရပ်ကွက် တစ်လုံးကျပေါက်ကွဲ
ကချင်ပြည််နယ် မြစ်ကြီနားမြို့ရှိ စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်း ဒီမနက် ၆ နာရီဝန်းကျင်မှာ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတယ်လို့ တပ်နဲ့နီးစပ်သူတွေပြောပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးပစ်ခံရတယ်လို့ တပ်နဲ့နီးစပ်သူတစ်ဦး KNG ကို ခုလိုပြောပါတယ်။
“မနက် ၆ နာရီလောက်ပစ်ခံရတာ ရှော့တိုက်ဒုံး ၈ လုံးပစ်ခံရတာ တစ်လုံးက ပြေးလမ်းထိတယ်လို့ ပြောတယ်။ ထိခိုက်မှုပျက်စီးမှုတော့ မသိရသေးဘူး။ ၁၀၇ မမနဲ့လို့ပြောတယ် သူတို့ပြောတာက ဗန်းမော်ကို လေကြောင်းမတက်နိုင်အောင် ဟန့်တားတာလို့ပြောကြတယ်”လို့ ပြောပါတယ်။
နမ့်ပေါင်လေတပ်စခန်း လက်နက်ကြီးပစ်ခံရပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မ.ပ.ခ) အမြောက်တပ်ထဲကနေ စန်းကား၊တာစခန့်ကျေးရွာဘက်ကို တန်ပြန်ပစ်ခတ်ရာ မနက် ၇ နာရီဝန်းကျင် မြို့သစ်ကြီးရပ်ကွက်ထဲ တစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်နေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“တစ်မနက်လုံးထုနေတာပဲကွာ အဲ့ဝိုင်းမော်စန်းကားဘက်ကိုထုနေတာ မနက် ၇ နာရီလောက်ကတော့ မြို့သစ်ကြီးထဲတစ်လုံးကျတယ် မိုးဖိုချောင်တစ်လုံးတော့ထိသွားတယ်တဲ့”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။
စစ်ကောင်စီတပ်က ဝိုင်းမော်မြို့နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ စန်းကားကျေးရွာဘက်နဲ့တာစန့်ရွာဘက်ကို လက်နက်ကြီး အလုံး ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့ခံတွေရဲ့ပြောဆိုချက်အရ ဒီမနက်ပိုင်း ဝိုင်းမော်မြို့နယ် စန်းကားဘက်တိုက်ပွဲဖြစ်တာမရှိပေမယ့် လေတပ်စခန်းပစ်ခံရပြီးနောက် အခုလိုတန်ပြန်ပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ မြို့ခံတွေ သုံးသပ်နေကြပါတယ်။
စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာလည်း တစ်ကြိမ်၊ ၂၀၂၄ ခုနှစ် မတ်လမှာတစ်ကြိမ် ပစ်ခတ်ခံရတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးစတင်လာချိန်ကစပြီး နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ စန်းကားကျေးရွာအုပ်စုဘက်ကို လုံခြုံရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။
ဒါကြောင့် စန်းကားကျေးရွာပြည်သူအများပိုင်းကတော့ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့နောက်ပိုင်းဘေးလွှတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။
လက်ရှိ စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တစ်ချို့မှာ စစ်ကောင်စီတပ် ဗျူဟာမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူထားပြီး ရွာအနီးတစ်ဝိုက် မကြာခနဆိုသလို KIA နဲ့ နှစ်ဖက်တပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်နေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းအဝင်ထွက်နေရာတွေမှာလည်း လုံခြုံရေးတင်းကြပ်ထားပြီး စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့ ဒီမနက်ပိုင်းကစပြီး ဗန်းမော်မြို့နဲ့မံစီမြို့နယ်ရှိ စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
By – Zami