သတင်း

ကချင်ဒေသ နယ်စပ်ဂိတ်တစ်ချို့ပြန်ဖွင့်ပြီ

ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်တစ်ချို့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာပဲ ပြန်ဖွင့်လိုက်ပြီလို့ KNG က စုံစမ်းသိရှိရပါတယ်။

တရုတ်ကချင်နယ်စပ်မှာတော့ KIO ဌာနချုပ်ရှိရာ လိုင်ဇာနယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ် ဂိတ်၊ ပန်ဝါမြို့နယ်စပ်ဂိတ်၊ ကံပိုင်တည်နယ်စပ်ဂိတ်၊ ဖီမော်နယ်စပ်ဂိတ် စတဲ့ဂိတ် တွေရှိပြီး အားလုံးကို KIO/KIA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီမနက်ပိုင်းကပြီး နယ်စပ်ဂိတ်တစ်ချို့ဖွင့်တဲ့အခြေနေနဲ့ပတ်သက်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIO ရဲ့သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။

အားလုံးပြန်ဖွင့်ပြီဆိုတာတော့မကြားပါဘူး။ မိုင်ဂျာယန်တို့၊ လိုင်ဇာတို့မှာကတော့ ဂိတ်တွေကတော့ ဖွင့်တော့ဖွင့်တယ်တဲ့ဒါပေမဲ့ လူတွေသွားလာခွင့်တော့မပြုသေးဘူးပြောတယ်။ ကားအဝင်အထွက်လည်း ခွင့်မပြုသေးဘူးလို့ပြောတယ်။ တစ်ခြားကုန်စည်စီးဆင်းမှုတွေလည်း အခုထက်ထိဘာမှခွင့်မပြုသေးဘူးလို့ပြောတယ်။ အဲ့ဒီဂိတ်ဝါးလုံးတွေတော့ဖြုတ်ပြီလို့ အဲ့လောက်ပဲကြားပါတယ်လို့ KNG ကို ပြောပါတယ်။

KIA ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေဟာ လိုင်ဇာ၊ လွယ်ဂျယ်၊ ကံပိုက်တည်၊ပန်ဝါ၊ဖီမော်၊ကမ့်ဖန့်ဂိတ်တွေဖြစ်ပြီး ‌‌‌‌‌‌‌‌‌‌ဒီနေ့ မွန်းလွှဲ ၂ နာရီဝန်းကျင်အထိ ပန်ဝါဂိတ်တော့ မဖွင့်သေးဘူးလို့ ပန်ဝါဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။

ခုထိတော့ မဖွင့်သေးဘူး။ ဒါပေမယ့် ခုကြားရတာက မကြာခင်ဖွင့်တော့မယ်ဆိုပြီး သတင်းထွက်နေတယ်လို့ ပြောပါတယ်။

နယ်စပ်ဂိတ်အခြေနေနဲ့ပတ်သက်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း ကချင်ပြည်နယ်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်အားလုံး စဖွင့်ပြီဖြစ်ကြောင်း ရုပ်သံနဲ့တကွ သူ့ရဲ့ဖေ့ဘုတ်စ်စာမျက်နှာကတစ်ဆင့်အသိပေးထားပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG သယံဇာတနဲ့သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ တူးခေါင် တင်ထားတဲ့ရုပ်သံတွေထဲမှာတော့ မိုင်ဂျာယန်၊ လိုင်ဇာ၊ လွယ်ဂျယ်၊ ပန်ဝါ စတဲ့ နယ်မြေ အတွင်းက တရုတ်နယ်စပ်ဂိတ်တွေကို KIO ရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေက ပိတ်ထားတဲ့ အတား အဆီးတွေကို ဖယ်ရှားနေတာတွေ့ရပါတယ်။

တရုတ်ကချင် နယ်စပ်ဂိတ်တွေဟာ ပြီးခဲ့တဲ့ ကချင်အထူးဒေသ ၁ ဒေသသိမ်းတိုက်ပွဲနဲ့ကန်ပိုက်တည်နယ်စပ် မြို့သိမ်းတိုက်ပွဲတွေ စတင်ခဲ့ချိန်ကစလို့ တရုတ်ဘက်ကရော၊ နယ်စပ်ဒေသတွေကို စစ်ကောင်စီလက်ထဲကနေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ KIA ဘက်ကပါပြန်ပိတ်ထားခဲ့တာဖြစ်ပါတယ်။

နယ်စပ်ဒေသတွေကို KIA ဘက်ကထိန်းချုပ်အပြီး ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေသိမ်းပိုက်ဖို့ တိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ တရုတ်နိုင်ငံက KIO ကိုတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

လက်ရှိတော့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ တရုတ်နိုင်ငံကူမင်းမြို့မှာ တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့နဲ့ တွေ့ဆုံဖို့ရောက်ရှိနေချိန်မှာပဲ တရုတ်ကချင်နယ်စပ်ဂိတ်တွေကို နှစ်ဖက်စလုံးကပြန်ဖွင့်ခဲ့ကြတာဖြစ်ပါတယ်။

တစ်ဖက်မှာ တရုတ်နိုင်ငံနဲ့ မိုင် ၅၀ ခန့်အကွာမှာပဲရှိတဲ့ စစ်ရေးအရအင်မတန်အရေးပါတဲ့ ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ဖို့ဦးတည်နေပြီး တိုက်ပွဲကလည်းဆက်တိုက်ပြင်းထန်နေတာ ၁၀ ရက်တိတိရှိလာပြီဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button