ဖမ်းဆီးခံရမှုသတင်း

စက်သုံးဆီ တင်ပို့သူ ၁၇ ဦး နဲ့ ဆီဂါလန် ၆ သောင်းကျော်ကို စစ်ကောင်စီ ဖမ်းဆီး

ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်း အပါအဝင် ဒေသတစ်ချို့ကို တရားမဝင် စက်သုံးဆီတင်ပို့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တင်ပို့သူ ၁၇ ဦးနဲ့ စက်သုံးဆီမျိုးစုံ ဂါလန်ပေါင်း ၆ သောင်းကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဇန်နဝါရီလ ၂ ရက်နေ့မှာ စစ်ကောင်စီတပ် ထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ဇင်ရွာရှိ ကံတလူ စစ်ကောင်စီ ပူးပေါင်းစစ်ဆေးရေးဂိတ် တစ်ဝှိုက်မှာ ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးလိုက်တဲ့ ၁၇ ဦးဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ ကာကွယ်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အထူးသဖြင့် ကချင်ပြည်နယ် ဖားကန့်၊ တနိုင်း နဲ့ စစ်ကိုင်းတိုင်းထဲက ကောလင်း မြို့နယ်၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ဒေသတွေမှာ ရှိတဲ့ တရား မဝင် ရွှေလုပ်ကွက်နဲ့ ကျောက်စိမ်း၊ အခြားသော ကျောက်မျက်တူးဖော်ရေးလုပ်ကွက်တွေကိုလည်း စက်သုံးဆီ ပို့ဆောင် ရောင်းချနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က စက်သုံးဆီ သယ်ယူခွင့် ပိတ်ပင်နေတာဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ အပေါ်ထိရောက်မှုမရှိဘဲ အရပ်သားပြည်သူတွေအပေါ်ကိုသာ နောက်ဆက်တွဲ ပြဿနာတွေက သက်ရောက်နေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကတော့ ဆိုပါတယ်။

စက်သုံးဆီပိတ်ပင်တာ က တိုက်ခိုက်ရေးသမားတွေအတွက် ဘာမှ မထိရောက်ပါဘူး အဓိကထိတာက ပြည်သူတွေပါ စက်သုံးဆီကို အားထားပြီး လုပ်ကိုင်နေရတဲ့ လုပ်ငန်းရှင်တော့ ပိုပြီး ထိတာပေါ့ လုပ်ငန်းရှင် တွေထိရင် ဒဏ်ခံရတာလည်း အဲဒီဒေသ ပြည်သူတွေထံပဲ အကျိုးသက်ရောက်မှု ရှိလာနေတယ်။ ဒါကြောင့် ပြည်သူကပဲ ဒဏ်ခံစားလာရတယ်” လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီက စက်သုံးဆီတင်ပို့မှုကို တားမြစ်ကန့်သတ်ထားပေးမယ့် အရပ်သားပြည်သူတွေထံ စက်သုံးဆီရောက်ဖို့ ရတဲ့နည်းနဲ့ ကြိုးစားရောင်းချနေကြတာတွေရှိတယ်လို့ စစ်ကိုင်း ကာကွယ်ရေးတပ်ဖွဲ့တွေ ကတော့ ဆိုပါတယ်။

စစ်ကောင်စီက ဖမ်းဖို့အတွက် အစီစဥ်ချထားတာတော့ရှိတယ်။ သူတို့ဖမ်းတာက ဖြစ်နိုင်တယ်။ ဆီသယ်နေ တဲ့ကား တော်တော်များများကို လိုက်ဖမ်းတာဗျ။ တစ်ခါတစ်လေလည်း ပိုက်ဆံနဲ့ ရွေးရတာတွေရှိတယ်။ အခု သယ်ယူနေကြတာက ပြည်သူတွေပဲ လုပ်နေကြတာ။ စစ်ကိုင်းထဲမှာတော့ စစ်ကောင်စီနဲ့ မချိတ်ပဲ ဆီကုန်သည်ကြီးတွေဆီကပဲ ဝယ်ပြီးလုပ်ကြတာ ပြီးတော့သူတို့က ပိုက်ဆံပေးတဲ့ ဘယ်သူ့ဆီ မဆိုပို့တာပါ” လို့ စစ်ကိုင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ယောက်က ဆိုပါတယ်။

ဖမ်းဆီးခံရသူ ၁၇ ဦးကို စစ်ကောင်စီက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ နဲ့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ကပဲ စက်သုံးဆီခွဲတမ်း လုံးဝ ချမပေးမယ့် မြို့နယ်တွေကို မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းထံ အသိပေးခဲ့ပါတယ်။ ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနားမြို့က လွဲပြီး ကျန်မြို့အားလုံး နဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တခုလုံး၊ ရှမ်းမြောက်ဒေသတခုလုံးမှာ စက်သုံးဆီ တင်သွင်းခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာတော့ ထီးချိုင့်၊ ပုလဲ၊ ဝက်လက်၊ ဗန်းမောက်၊ မင်းလှ၊ မော်လိုက်၊ ကသာ၊ မိုးမိတ်၊ ချောင်းဦး၊ ကလေး၊ ဆားလင်း ကြီး၊ ကျွန်းလှ၊ ရေဦး၊ ဖောင်းပြင်၊ မြင်းမူ၊ နဘား၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ရေနီ၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ကောလင်း နဲ့ မကွေးတိုင်းထဲမှာတော့ ပေါက်၊ မန္တလေးတိုင်း မိုးကုတ်၊ မြင်းခြံတို့ ပါဝင်ကြောင်း သိရှိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button